ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်ကို သိရအောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ကြီး မနေ့က သွားရောက် တွေ့ဆုံတာပါ လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရုံးချုပ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက် က ကျင်းပနေစဉ်။ ဓါတ်ပုံ - RFA
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်လာအောင် အမြဲ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ တရုတ် မြန်မာ ဆက်ဆံရေးမှာ အပြန်အလှန် လေးစားယုံကြည်မှု အခြေခံပြီး တခြားနိုင်ငံရဲ့အရေးကို ဝင်ရောက် မစွက်ဖက်ရေးမူ ကျင့်သုံးပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးမှာ အပြည်ပြည်ဆိုင်ရာက ပြောဆိုချက်တွေကို မြန်မာ အစိုးရဘက်ကနေ အကာအကွယ်ပေးနေတာ တွေ့ရတာကြောင့် မြန်မာအပေါ် စေတနာမှန်တယ်လို့ မြင်ပါသလားလို့ အင်န်အယ်လ်ဒီပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို မေးမြန်းကြည့်တဲ့အခါ အရင်တုန်းကတော့ ကိုယ်ကျိုးစီးပွားကို ကြည့်ပြီး ကာကွယ်ပေးခဲ့တာတွေ ရှိခဲ့ပေမယ့် အခုအခါမှာတော့ ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ငြိမ်အောင် ရှေ့ဆက်လုပ်မှာကို သဘောပေါက်လာပုံရကြောင်း ပြောပါတယ်။

“ဟိုအရင်က သူတို့ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လို့ ပိုမို စိတ်ဝင်တစား ရှိတဲ့အပေါ် မူတည်ပြီးတော့ ကာကွယ်ပေးခဲ့တာတွေ ရှိငြားသော်လည်း အခုအချိန်မှာတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူအားလုံးက ရှေ့ဆက်ပြီး ငြိမ်းချမ်းတည်ငြိမ်အောင် လုပ်လာမယ်ဆိုတာ သဘောပေါက်တဲ့အပေါ် မူတည်ပြီးတော့ သူတို့ အကျိုးကျေးဇူးစီးပွား အလို့ငှာ ဆောင်ရွက်တဲ့နေရာမှာ ညှိနှိုင်းဖြေရှင်းနိုင်အောင် ဖြစ်တဲ့ သဘောလို့လည်း ယုံကြည်တယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အထောက်အကူပြုနိုင်အောင် မြန်မာ့ လူ့အဖွဲ့အစည်း အားလုံးနဲ့ ဆက်သွယ် ဆောင်ရွက်သွားဖို့ ရှိတာကြောင့်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုသွားပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို Reviewed by သစ်ထူးလွင် on 09:02 Rating: 5

No comments:

Powered by Blogger.