ပေ ၃ဝ ကျော်အရှည်ရှိ ငါးကြီးတစ်ကောင် ချောင်းဆုံမြို့နယ်တွင် သေလျက်တွေ့

ပေ ၃ဝ ကျော်အရှည်ရှိ ဝေလငါးမျိုးနွယ်ဟု ယူဆရသော ငါးကြီးတစ်ကောင်ကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာ နှင့် နှစ်မိုင်ခန့်ဝေးသော သဲသောင် ပေါ်တွင် စက်တင်ဘာ ၁ ရက် က သေနေသည်ကို တွေ့ရှိရကြောင်းသိရသည်။ အဆိုပါနေ့တွင် ဇီးကုန်း ကျေးရွာရှိ ရေလုပ်သားတစ်ဦးက ငါးသေကြီးကို တွေ့ရှိခဲ့ပြီး သတင်း ပေးပို့ချက်များအရ ချောင်းဆုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ချက်ချင်းသွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် အဆိုပါ ငါးကြီး၏ အရိုးစု ရရန်အတွက် ဇီးကုန်းကျေးရွာတွင် ဇီးကုန်းကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီထံ ယာယီ ထိန်းသိမ်းရန် အပ်နှံထားသည်ဟု ချောင်းဆုံမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းလင်းကပြောသည်။ ”ငါးကနံနေတုန်းပဲမို့ ဇီးကုန်း မှာပဲ ခဏထားထားတယ်။ အနံ့ ပျောက်သွားတဲ့အချိန်ကျမှ အရိုးစု သယ်ယူရေးကို ဆက်လက် ဆောင်ရွက်ပါမယ်။ ငါးနဲ့ပတ်သက်တဲ့ အခြေအနေကို ချောင်းဆုံမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တင်ပြထားပါတယ်” ဟု ဦးသန်းလင်းက စက်တင်ဘာ ၁၃ ရက်တွင်ပြောသည်။ အဆိုပါ ငါးကြီးမှာ သောင်ပေါ်တွင် တွေ့စဉ်ကတည်းက သေဆုံး ပုပ်ပွနေပြီး အကောင်ပုံသဏ္ဌာန်ပီပြင်မှု မရှိကြောင်း၊ အမြီးပိုင်းပြတ်ထွက်နေခြင်း၊ ဝမ်းဗိုက်ပေါက်ပြဲနေခြင်း ရေယက်များပါရှိခြင်းနှင့် မေးရိုးလည်း ပြုတ်ထွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါငါးသည် အခြားတစ်နေရာတွင် သေပြီးမှ ရောက်ရှိလာခြင်းဖြစ်မည်ဟု ဒေသခံရေလုပ်သား များကပြောသည်။ ပေ ၃ဝ အရှည်ရှိသည်မှာ ပြတ်ထွက်နေသော အမြီးပိုင်းမပါရှိ ဟု သိရသည်။ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့ ဝန်းရံစီးဆင်းနေသဖြင့် ချောင်းဆုံမြို့သည် ရေပတ်လည်ဝိုင်းလျက်ရှိသော ကျွန်းမြို့တစ်မြို့ဖြစ်သည်။

ထူးထူး(မော်လမြိုင်)
ပေါ်ပျူလာ ဂျာနယ်
ပေ ၃ဝ ကျော်အရှည်ရှိ ငါးကြီးတစ်ကောင် ချောင်းဆုံမြို့နယ်တွင် သေလျက်တွေ့ ပေ ၃ဝ ကျော်အရှည်ရှိ ငါးကြီးတစ်ကောင် ချောင်းဆုံမြို့နယ်တွင် သေလျက်တွေ့ Reviewed by သစ်ထူးလွင် on 18:57 Rating: 5

1 comment:

စာခြောက်ရုပ် said...

အဲဒီငါးကြီးက ဒီနှစ်ထဲက တွေ့တဲ့ဟာ မဟုတ်ဘူးထင်တယ်..နှစ်ကတော့ သေချာမမှတ်မိဘူး..ဒါပေမယ့် အနည်းဆုံး သုံးလေးနှစ်လောက်ရှိပြီ..ဂျာနယ်ထဲမှာ ပါတာ မှတ်မိသလောက်က အဲငါးကြီးပေါ် လူတွေတစ်ယောက်လက် တစ်ယောက်တန်းပြီး ရိုက်ပြထားတာ ဆယ်ယောက်လားဆယ့်ငါးယောက်လား..ရှိမယ်...သတင်းပြန်ရှာတာလဲ မတွေ့တော့ဘူး..

Powered by Blogger.