လှုပ်ရှားလာတဲ့ ရေတို အိမ်ခြံမြေဈေးကွက်

ယခုလပိုင်းအတွင်း သိသာစွာ လှုပ်ခတ်လာသော ရန်ကုန်ဆင်ခြေဖုန်း မြေ ဈေးကွက်တွင် ယခင် အိမ်ခြံမြေဈေးကွက်တွင် လုံးဝမလုပ်ကိုင်ဖူးသူများပါ ပွဲစားနှင့် ၀ယ်ရောင်းလုပ်သူများအဖြစ် ပါဝင် လုပ်ကိုင်လာကြကြောင်း အိမ်ခြံမြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက “အခုဆိုရင် ရပ်ကွက်ထဲမှာ လူတိုင်းလိုလို ပွဲစားလုပ်လာကြတယ်။ အရင်က ပွဲစားသီးသန့်ရှိပေမယ့် အခု ဆိုက်ကားသမားကအစ ပွဲစားလုပ်လာတယ်။ အခုနှစ်ပိုင်းမှာ အိမ်အရောင်းအ၀ယ်တွေ များပြီး ဈေးနှုန်း ကလည်း အရင်နှစ်တွေနဲ့ကွာလာတယ်။ အိမ်ငှားလည်းများလာတော့ ပွဲစားတွေ အလုပ်ဖြစ်လာတာကြောင့် လို့ထင်ပါတယ်” ဟု ပြောကြားသည်။

မကြာမီ သီတင်းပတ်ကမှ ဒဂုံမြို့သစ် မြေကွက် တွင် ပွဲစား အဖြစ် ပြောင်းလဲလုပ်ကိုင်သူ ဦးစောအယ်ထူးက သူ့အနေဖြင့် ကျပန်းအလုပ် လုပ်ကိုင်နေရာမှ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် မြေကွက်အရောင်းအ၀ယ် ရုတ်တရက်ဖြစ်လာသည့်နောက်  မြေကွက်ပွဲစား အလုပ်ကို ပြောင်းလုပ်ကိုင် လာခြင်းဖြစ်ကြောင်း ပြောပြသည်။

“ကျွန်တော်အရင်က ကျပန်းလုပ်ပေမယ့် အခုငွေပိုရမယ့် အိမ်ခြံမြေပွဲစားဝင်လုပ်လိုက်တာပါ။ အခု ဈေးကွက်ထဲမှာ ကျွန်တော့်လိုလူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မြောက်ဒဂုံ ဈေးကွက်မှာဆို ဘုန်းကြီးသုံးပါးနဲ့ သီလရှင်တစ်ပါးပါ ပွဲစားလုပ်နေတယ်” ဟု ၎င်းကဆိုသည်။

ဒဂုံအရှေ့ပိုင်း မြေကွက်များအရောင်းအ၀ယ်ပြုလုပ်ရာ ၇၊၈လမ်းဆုံမှ ကောင်းမွန်ကျော်လ္ဘက်ရည်ဆိုင်

ဒဂုံမြို့သစ်မြောက်ပိုင်းမှ အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်သူ တစ်ဦးကလည်း ၎င်းအနေဖြင့် ယခင်က ပြည်ပတွင် အလုပ်သွားရောက် လုပ်ကိုင်ခဲ့ကြောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိချိန်တွင် စီးပွားရေး လုပ်ဆောင်ရန်အတွက် စဉ်းစားရာ ရွှေဈေးကွက်နှင့် ကားဈေးကွက် အလုပ်မဖြစ်တော့၍ အိမ်ခြံမြေဈေးကွက်သို့လာရောက် ရင်းနှီးလုပ်ကိုင်ခြင်းဖြစ်ပြီး ပွဲစားအဖြစ်လည်း လုပ်ကိုင်ကြောင်း ပြောသည်။

ယခုရက် သီတင်းပတ်များအတွင်း လှုပ်ရှားနေသော အိမ်ခြံမြေဈေးကွက်တွင်း ရင်းနှီးမြှုပ်နှံရန်အတွက် အခြားနယ်ပယ်မှ စီးပွားရေးသမားများကလည်း စောင့်ကြည့်လျက်ရှိသည်။ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးကွက်သို့  လာရောက်လေ့လာသူတစ်ဦးက “ကျွန်မတို့က မင်္ဂလာဈေးမှာအထည်ဆိုင်ဖွင့်ထားပါတယ်။ အခုအချိန်မှာ အိမ်ခြံမြေလုပ်ငန်း အကျိုးဖြစ်ထွန်းနေတဲ့အတွက် ရင်းနှီးဖို့စဉ်းစားမိပြီး လာလေ့လာတာပါ” ဟု ပြောကြားသည်။

မဏ္ဍိုင် အိမ်ခြံမြေမှ ဦးသန်းဦးကလည်း လက်ရှိအချိန်တွင်အားကောင်းနေသော အိမ်ခြံမြေဈေးကွက်သည် အစိုးရမှ တရားဝင်ထုတ်ဖော်ပြောကြားသည့် စီမံကိန်းများကြောင့်ဖြစ်သည့်အတွက် ခိုင်မာမှုရှိသောကြောင့် ငွေကြေး ထည့်ဝင်နိုင်သူ အလွှာ အားလုံးသည် ပါဝင်ဈေးကစားလျှက်ရှိပြီး အားလုံးနီးပါး အကျိုးခံစားခွင့်ရနေကြကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အိမ်ခြံမြေ ပွဲစားများလည်း များပြားလာခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ဒဂုံအရှေ့ပိုင်း မြေကွက်များအရောင်းအ၀ယ်ပြုလုပ်ရာတွင် မြေပုံပေါ်တွင် မြေကွက်ကို ကြည့်ပြီး ၀ယ်ကြရောင်းကြသည်။

ယခုအချိန်တွင် ကားအရောင်းအ၀ယ်၊ ရွှေအရောင်းအ၀ယ်စသော နယ်ပယ်များတွင် အကျိုးအမြတ်ရရှိမှုနည်းလာသဖြင့် စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် အိမ်ခြံမြေ ဈေးကွက်သို့ ပြောင်းရွှေ့ကာ ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်။

လတ်တလောတွင် ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်ကြား၊ ဒလမြို့နယ်အရှေ့ဘက်တွင် သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့်သတင်းကြောင့် ၄င်းမြို့နယ်များရှိ အိမ်ခြံမြေဈေးနှုန်းမြင့်တက်သွားပြီး အရောင်းအ၀ယ်လည်း သွက်လာကာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင်လည်း အာဆီယံ ရထားလမ်းပိုင်စီမံကိန်းကြောင့် အလားတူဖြစ်ရပ်များ ဖြစ်ပေါ်လျက်ရှိသည်။
ဒီဇင်ဘာ ၂၃၊ ၂၀၁၁ (YPI)
လှုပ်ရှားလာတဲ့ ရေတို အိမ်ခြံမြေဈေးကွက် လှုပ်ရှားလာတဲ့ ရေတို အိမ်ခြံမြေဈေးကွက် Reviewed by သစ်ထူးလွင် on 18:14 Rating: 5

2 comments:

Anonymous said...

စီးပွါးရေးတက်တယ်လို့ ပြောလို့မရဘူး။ ပြည်ပကငွေက ပြည်တွင်းကိုဝင်တာမှမဟုတ်ဘဲ..ကိုယ့်ပြည်တွင်းမှာရှိတဲ့ငွေပဲ ဟိုလူလက်ထဲပြောင်းလိုက် ဒီလူလက်ထဲပြောင်းလိုက် လည်ပတ်နေတာကို စီးပွားရေးအခွင့်အလမ်းတွေ တွက်ချေကိုက်တယ်လို့ဘယ်လိုမှပြောလို့မရဘူး..ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်နေသလိုဖြစ်နေတာ. အဓိက က ပြည်ပကိုတင်ပို့နိုင်တဲ့ ကုန်ပစ္စည်းထုတ်လုပ်နိုင်မှ နိုင်ငံစီးပွားဖြစ်မှာ.

moemoehtway said...

I totally agree. "Made in Myanmar" is very much important in economic development.

Powered by Blogger.