မီးလောင်ပေါက်ကွဲဒဏ်သင့် ပြည်သူများအား နိုင်ရေးပါတီများနှင့် စေတနာရှင်များကူညီနေ

ယနေ့ နံနက် တစ်နာရီခွဲအချိန်ခန့်တွင် မီးလောင်ကျွမ်းပေါက်ကွဲမှုကြောင့်  အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရသူများကို  နိုင်ငံရေးပါတီများနှင့် စေတနာရှင်အဖွဲ့အစည်းများက ကူညီလျှက်ရှိသည်ကိုတွေ့ရသည်။

“ ဒီကိစ္စကိုကြားကတည်းက အလွှာပေါင်းစုံက အ၀တ်အထည်နဲ့ အစားတွေ လာလှူကြတယ်။ ခုချိန်မှာ ခေါင်းစီးတွေ ၊အပေါ်ကအလွှာတွေကို ကြည့်နေလို့မရေဘူး။ ခုချိန်မှာ လူတိုင်းရဲ့နှလုံးသားတိုင်းမှာ သနားဂရုဏာရှိကြတာပဲလေ။ အားလုံးပေါင်းစည်းပြီး ကူညီနေတာအားရစရာပါ ” ဟု ယာယီကယ်ဆယ်ရေး စခန်ဖွင့်ထားသည့် ပုသိမ်ညွန့် မဟာဝိဇယာရာမ စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

ကယ်ဆယ်ရေး စခန်း ဘုန်းကြီးကျောင်း အတွင်းရှိ ကြံ့ခိုင်ရေးပါတီမှ ဖြိုးစေတနာ ဆေးပေးခန်းအား ယနေ့နံနက်တွေ့ရစဉ်

ယနေ့နေ့လည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင် ဦးတင်ဦး လာရောက်ကာ  အဖွဲ့ချုပ် အနေဖြင့် ပြန်လည်ထူထောင်ရေး ကာလအတွက် လိုအပ်သော အထောက်အပံ့များပေးရန် ရံပုံငွေတစ်ရပ် တည်ထောင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားပြီး နာရီအနည်းငယ်ကြာပြီးနောက်  အစိုးရအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ကျန်းမာရေး ၀န်ထမ်းများ၊ အနုပညာရှင်များ လာရောက်ကာ အစားအသောက်၊ အ၀တ်အထည်၊ ငွေနှင့် ဆေးဝါးများ ပံ့ပိုးပေးလျှက်ရှိသည်။

 “ကျွန်တော်တို့ဖောင်ဒေးရှင်းအနေနဲ့က ငွေလှူတာမဟုတ်ပါဘူး။လိုအပ်တဲ့နေရာမှာလိုနေတဲ့ဟာတွေ ကူညီဖြည့်ဆည်းပေးသွားနိုင်ဖို့ အမြဲတမ်းမျက်စိဖွင့်နားစွင့်ထားတယ်။ အခုလည်း ဘာများ ဆောင်ရွက် ပေးနိုင်မလဲဆိုတာ လာစုံစမ်းတာပါ။ အနည်းဆုံးတော့ ပြည်သူတွေနဲ့ ဟိုဟာပြောဒီဟာပြောနဲ့ ဆိုတော့ ခဏတာသောကတွေမေ့ပျောက်သွားတာပေါ့”ဟု ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်ရဲတိုက်က ဆိုသည်။

မီးဘေးသင့်ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှ ဆရာဝန်များ၊ တပ်မတော်ဆေးတပ်ဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးအဖွဲ့၊မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပုဂ္ဂလိကကျန်မာရေးစောင့်ရှောက်မှုအဖွဲ့(Global Heart) တို့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျှက်ရှိသည်။

ပေါက်ကွဲမှုတွင် ဒဏ်ရာပြင်းထန်စွာရရှိသူများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားလျှက်ရှိပြီး အပေါ်ယံထိခိုက်ဒဏ်ရာရသူလူနာများအား ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဆေးပေးခန်းများတွင် ကုသပေးလျှက်ရှိသည်။

ဒီမိုကရေစီကွန်ယက်မှ အဖွဲ့ဝင် ကိုဖြိုးမင်းသိန်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်လက်တွဲကာ ကူညီသွားရန်စီစဉ်လျှက်ရှိပြီး၊ ဒီမိုကရေစီကွန်ရက်အနေဖြင့် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့စီစဉ်သွားမည်ဟု ပြောကြားခဲ့သည်။

ယနေ့နံနက် အစောပိုင်း မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၆ ဦး အပါအ၀င် ၁၈ ဦး အသက်ဆုံးရှုံးပြီး ၉၀ ဦးဒဏ်ရာရရှိခဲ့သည်။ ယခုမီးလောင်ပေါက်ကွဲမှုသည် မီးသတ်တပ်ဖွဲ့ဝင်နှင့် အရပ်သားအသက် ဆုံးရှုံးမှု အများဆုံး မီးလောင်ပေါက်ကွဲမှုတစ်ခု ဖြစ်သည်။

မီးလောင်မှု၏ အကြောင်းရင်းကို ယနေ့ညနေပိုင်းထိ စုံစမ်းစစ်ဆေးဆဲဖြစ်သည်ဟု မီးသတ်ဋ္ဌာန ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။      ။


နံနက် ၃ နာရီဝန်းကျင် ဂိုဒေါင်များ မီးလောင်ကျွမ်းနေစဉ်
ဒီဇင်ဘာ ၂၉၊ ၂၀၁၁ (YPI)
မီးလောင်ပေါက်ကွဲဒဏ်သင့် ပြည်သူများအား နိုင်ရေးပါတီများနှင့် စေတနာရှင်များကူညီနေ မီးလောင်ပေါက်ကွဲဒဏ်သင့် ပြည်သူများအား နိုင်ရေးပါတီများနှင့် စေတနာရှင်များကူညီနေ Reviewed by သစ်ထူးလွင် on 10:54 Rating: 5

No comments:

Powered by Blogger.