အင်န်အယ်လ်ဒီပါတီ ခမောက်တံဆိပ်အစား ခွပ်ဒေါင်းတံဆိပ်ပြောင်းသုံးမည်

NLD ပါတီ ပထမ အလံ
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အပြည့် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထား သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၀ ကျော်အသုံးပြုလာသည့် ခမောက်တံဆိပ်အစား ခွပ် ဒေါင်းတံဆိပ်ကို ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

" အသစ်ပြောင်းလိုက်တဲ့ တံဆိပ်က ကြယ်ဖြူတစ်ပွင့်ရယ်၊ ခွပ်ဒေါင်းရယ်ပါ။ ခွပ်ဒေါင်းအောက် မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်းပါတယ်။ ဒီတံဆိပ်သုံးမယ်ဆိုတာကို ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲမှာ ဆုံးဖြတ်ခဲ့တာပါ" ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြော သည်။

အဆိုပါတံဆိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၏ ရင်ဘတ်တွင် တပ်ဆင်ထားသော ရင်ထိုးပုံစံဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်တံဆိပ်ပြောင်းလဲခြင်းကြောင့် အဖွဲ့ချုပ်၏ စည်းရုံးရေး လုပ်ငန်းစဉ်များကို ထိခိုက်မည်မဟုတ်ကြောင်း ပါတီဝင်တစ်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီဇင်ဘာ ၅ ရက်ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်း အဝေးတွင် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးတင်ဦးအား တာဝန်ခံအဖြစ်ထားရှိကာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တရားဝင်ပါတီအဖြစ် တည်ထောင်ရန် စာရင်းပေးထားသူ ၂၁ ဦးအဖွဲ့ဝင်အချို့နှင့် မှတ်ပုံမတင်ရသေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့ပါဝင်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်အချက်အရ သိရသည်။

ဆက်လက်၍ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သတင်းပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေ ရေးကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးကော်မတီ၊ မဲဆွယ်ဟောပြောရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဥပဒေရေးရာကော်မတီတို့ကို ဗဟိုအောင်နိုင်ရေးအဖွဲ့က ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကာ အင်န်အယ်လ်ဒီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်လိုသူများအနေဖြင့် အင်န်အယ်လ်ဒီ ပါတီဝင်ရမည် ဖြစ်ကြောင်း သိရသည်။

" ကျောင်းသားနိုင်ငံရေးလှုပ်သူတွေကို အင်န်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်နေ ရာပေးမယ်ဆိုတာတွေက ကောလာဟလတွေပါ။ အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူး"ဟု ဦးဉာဏ်ဝင်းကဆိုသည်။

The Yangon Times
Myanmar News Now 
အင်န်အယ်လ်ဒီပါတီ ခမောက်တံဆိပ်အစား ခွပ်ဒေါင်းတံဆိပ်ပြောင်းသုံးမည် အင်န်အယ်လ်ဒီပါတီ ခမောက်တံဆိပ်အစား ခွပ်ဒေါင်းတံဆိပ်ပြောင်းသုံးမည် Reviewed by သစ်ထူးလွင် on 12:20 Rating: 5

1 comment:

Anonymous said...

ကျွန်တော်က သတင်းတွေ အမြဲစောင့်ဖတ်နေတဲ့ ပရိသတ်တစ်ယောက်ပါ. ကျွန်တော်ပြောရဲတယ် အခုပုံအတိုင်းသာ MNN ဆက်သွားရင် မြန်မာသတင်းအင်တာနက်လောကမှာ MNN ကို ဘယ်သတင်းဘလော့ဂ် မှ ယှဉ်နိုင်မှာမဟုတ်ဘူး.ကိုယ်တိုင် ရီပေါ်တာမလွှတ်နိုင်တာကို ထည့်မပြေဘူး..သတင်းစုစည်းပြီး မြန်မြန်ဆန်ဆန်ပူပူနွေးနွေးတင်ပြ နိုင်မှု မှာ အခုတစ်လော MNN ကထိပ်တန်းရောက်နေတယ်။
ကျနော် ဒီဆိုဒ်ရောက်စက ဖေ့စ်ဘွတ်အဖွဲ့ဝင် ၄၀၀ နီးပါးပဲရှိသေးတယ် ကျနော်လဲ ဒီဆိုဒ်ကိုကြိုက်လို့ ဖေ့စ်ဘွတ်ဂရုဖ် တွေမှာ ကြိုက်တဲ့သတင်းတွေဆိုရင် လင့်လိုက်ချပေးတယ်. တခြားလူတွေလဲ သတင်းဦးတွေကို ဖတ်စေချင်တဲ့ စိတ်နဲ့ပါ. ဟောအခုတော့ ၃..၄ ရက်အတွင်း ဖေ့စ်ဘွတ်အဖွဲ့ဝင် ၁၀၀၀ နီးပါးရောက်သွားပြီ. MNN ရဲ့ သတင်းတွေကို အချိန်မလပ်တင်ပြတဲ့စေတနာမှန်တယ်လို့ပြောရမယ်။
ဆက်လက်အားပေးနေမယ်။

ဆက်ကြိုးစားပါခင်ဗျာ.

Powered by Blogger.