ဇေကမ္ဘာ ဦးခင်ရွှေ ပြောဆိုချက်အပေါ် ကန့်ကွက် လက်မှတ် ၂၀၀ ကျော်ရပြီ

ဇေကမ္ဘာ ဦးခင်ရွှေက နိုဝင်ဘာ ၁၅ ရက်နေ့တွင်ကျင်းပသော သတင်းစာရှင်း လင်းပွဲတွင် ပြည်တွင်း မီဒီယာများအား  ပြင်းထန်စွာ သုံးနှုန်းဝေဘန်သွားသည်ကို ကန့်ကွက်သည့် လက်မှတ်စုဆောင်းလျှက်ရှိရာ ယနေ့ နံနက်ပိုင်းထိ လက်မှတ် ၂၀၀ ကျော်သွားပြီဟု လက်မှတ် စုဆောင်းရာတွင် ပါဝင်သူ သတင်းထောက်တဦး ကပြောသည်။

ထိုပြောဆိုချက် အပေါ် မကျေနပ်သဖြင့် ပြည်တွင်း သတင်းထောက်များက ကန့်ကွက်သည့်စာ ရေးသားပြီး သတင်းထောက်များနှင့် မီဒီယာနယ်ပယ်မှ လက်မှတ်များကို ယမန်နေ့မှ စတင်စုဆောင်းခြင်းဖြစ်သည်။


ယမန်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း လက်ဘက်ရည်ဆိုင်တွင် လက်မှတ်စုဆောင်းလျှက်ရှိရာသို့ လာရောက် လက်မှတ်ရေးထိုးနေကြစဉ်

စုဆောင်းရရှိသည့် လက်မှတ်များကို  နိုင်ငံတော်သမ္မတထံသို့ အဓိကထား ပေးပို့သွားမည်ဖြစ်၍ မိတ္တူကို ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ၊  အမျိုးသား လွတ်တော်ဥက္ကဋ္ဌ နှင့် ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးမှ တာဝန်ရှိသူများထံသို့ လည်း ပေးပို့သွားမည်ဟု သိရသည်။

"လက်ရှိ လူနှစ်ရာကျော် လက်မှတ်ထိုးထားတယ် ဂျာနယ်တိုက်က သတင်းထောက်တွေပါတယ်။ အယ်ဒီတာတွေပါတယ် မဂ္ဂဇင်းတွေကလည်းလာထိုးကြတယ်။ လက်မှတ်တွေကို သမ္မတဆီကိုပို့မယ်ဆိုတာက အရေးယူဆောင်ရွက်ပေးဖို့မဟုတ်ပါဘူး နောင် ဒီလိုအပြောအဆိုမျိုး မပြောကြားဖို့ကန့်ကွက်ရုံသက်သက်ပါ " ဟု ပြည်တွင်းသတင်းထောက် တစ်ဦးဖြစ်သူ ဥက္ကာကိုကိုက ပြောသည်။

ကိုယ်တိုင်ပါဝင်ရေးထိုးသူ ပြည်သူ့ ခေတ်ဂျာနယ်မှ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသ က “ပြည်တွင်းဂျာနယ်တွေ က နုသေးတယ်။ အရည်အချင်းမပြည့် ဝဘူးလို့ အပြောခံရတာ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် လက်မှတ်ဝင်ထိုးခဲ့တာပါ ”ဟု ပြောသည်။

 သတင်းသမား ဆိုသည်မှာ မည်သူနှင့်မဆို အဆင်ပြေအောင်ဆက်ဆံပြီး သတင်းယူရကြောင်း၊ အကယ်၍ လွဲချော်ခဲ့မှုများ ရှိသော်လည်း ရည်ရွယ်ချက်ဖြင့် ထိမ်ချန်ထားသည့် သဘော၊ တမင်ညစ်ပတ်ထားသည့် သဘောမျိုး မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလင်းတန်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက  ” ဦးတို့ ကတော့ အဓိက မပါပါဘူး။ အနုပညာဂျာနယ် ဖြစ်တဲ့အတွက် သတင်းဂျာနယ်မဟုတ်လို့ ဖိတ်တုန်း ကလည်းမပါခဲ့ဘူး ။ ဒါပေမယ့်  လက်သည်း ကိုဆိတ် လက်ထိတ်နာတာမျိုး ဘဲ ၊ မီဒီယာသမားလို့ပြောရင် အားလုံး အကြုံးဝင်တယ်လို့ယူဆတယ်၊  ပြောခံရတုန်းက မပါပေမယ့် အပြောခံရတဲ့ လူတွေဘက်ကနာလို့ လက်မှတ်ထိုးတာပါ “ ဟု ဆိုသည်။

ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ ဦးခင်ရွှေ၏ သားဖြစ်သူ ကိုဇေသီဟအား မေးမြန်းရာတွင်  "ဖေဖေ က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ စိတ်မ၀င်စားတော့ပါဘူး "ဟု တိုတိုတုတ်တုတ်ပင် YPI သို့ ဖြေကြား သည်။

ဦးခင်ရွှေသည်  အမျိုးသားလွတ်တော် ကိုယ်စားလှယ်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌနှင့် သာသနနုဂ္ဂဟ အသင်း တည်ထောင်သူ စသည့်  အသင်းအဖွဲ့များတွင် တာဝန်ယူထားသလို ထင်ရှားသည့် လုပ်ငန်းရှင်ကြီး တဦးလည်း ဖြစ်သည်။

၎င်းက ပြည်တွင်းနှင့် ပြည်ပသတင်းဋ္ဌာန အချို့မှ သတင်းထောက်များကို ပြောဆိုရာတွင်  ဂျပန် အာဆီယံ စည်းဝေးပွဲ သတင်း
ရယူရာတွင် မီဒီယာများအား လူကြီးမင်းဟု ခေါ်ဆို၍ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီး စာအုပ်လက်ဆောင်များ ပေးအပ်ခဲ့သော်လည်း မည်သည့်ဂျာနယ်များတွင်မှ သတင်းဖေါ်ပြခြင်း  မရှိခဲ့သည့်ပြင် မဟုတ်က ဟုတ်က ရေးသားခဲ့ခြင်းကြောင့် စိတ်ဓါတ် ကျဖွယ်ရာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

 မြန်မာနိုင်ငံနိုင်ငံခြား သတင်းထောက် အသင်းမှ အတွင်းရေးမှူး ဦးဟန်ထွေးအောင်က " နိုင်ငံတော် စီးပွားရေးလုပ်ငန်းရှင် လည်းဖြစ် ဂုဏ်သိက္ခာရှိတဲ့ လူကြီးတစ်ဦး က သတင်းမီဒီယာတွေကို ပေးတာယူ ကျွေးတာစား ဆိုတဲ့စကား အသုံးအနှုန်း မသုံးနှုန်းသင့်ပါဘူး "ဟု မှတ်ချက်ချ ပြောဆိုသည်။       ။
ရန်ကုန် ၊ နိုဝင်ဘာ ၂၃ (YPI)
ဇေကမ္ဘာ ဦးခင်ရွှေ ပြောဆိုချက်အပေါ် ကန့်ကွက် လက်မှတ် ၂၀၀ ကျော်ရပြီ ဇေကမ္ဘာ ဦးခင်ရွှေ ပြောဆိုချက်အပေါ် ကန့်ကွက် လက်မှတ် ၂၀၀ ကျော်ရပြီ Reviewed by သစ်ထူးလွင် on 12:51 Rating: 5

1 comment:

Ko Myo said...

လူတစ်ယောက်ရဲ့အဆင့်အတန်းကသူ့ရဲ့အနေအထိုင်အပြောအဆိုပေါ်မှာအများကြီးတည်မှီနေပါတယ်။ သူ့ရဲ့အနေအထိုင်ပေါ်မူတည်ပြီးဘယ်ပတ်ဝန်းကျင်ကလာလဲဆိုတာ သိသာပါတယ်။

Powered by Blogger.