မွေးကင်းစကလေး စွန့်ပစ်မှုဖြစ်စဉ်များ များပြားလာ

ယခုနောက်ပိုင်းတွင် မွေးကင်းစ ကလေးငယ် စွန့်ပစ်မှု ဖြစ်စဉ်များ များပြားလာပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအတွင်း မွေးကင်းစ ကလေးစွန့်ပစ်မှုဖြစ်စဉ် အနည်းဆုံး ခြောက်ခုရှိခဲ့ကြောင်း သိရသည်။ ထိုသို့ မွေးကင်းစကလေးငယ်များစွန့်ပစ်မှုကို အမှိုက်ပုံများ၊ လူနေ အိမ်နောက်ဖေးလမ်းကြားများ၊ ရေမြောင်းများနှင့် သုသာန်များတွင် တွေ့ရှိရလေ့ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် ငါးထပ်ကြီး (တောင်)ရပ်ကွက် သဇင်လမ်းအတွင်း လူနေအိမ်များကြားရှိ ရေမြောင်းတစ်ခုအတွင်းတွင် ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်မှု ဖြစ်ပွားခဲ့သည်။ ဇူလိုင်လအတွင်း၌ပင် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ ပုဂံမင်းသားကားဂိတ်အနီးတွင် မွေးကင်းစ စွန့်ပစ်ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့သည်။ ထို့အတူ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ဗဟန်းမြို့နယ် ဆရာစံ(တောင်)ရပ်ကွက် မင်းလမ်း မှတ်တိုင်အနီး ဦးချစ်မောင်လမ်းနှင့် နိဗ္ဗာန်ကျောင်းလမ်းကြား အိမ်နောက် ဖေးလမ်းကြားတစ်ခုတွင် ခြောက်လအရွယ် သန္ဓေသားတစ်ခုအား စွန့်ပစ်သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ စွန့်ပစ်ခံရသည့် သန္ဓေသားလောင်းမှာ မိန်းကလေးဖြစ်ပြီး ခြောက်လအရွယ်ရှိကြောင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပီပြင်စွာပေါ်လွင်နေပြီဖြစ်ကြောင်း စွန့်ပစ်ခံရသည့် နေရာအနီးတွင် နေထိုင်သူများက ဆိုပါသည်။၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း၌ပင် နိုဝင်ဘာလ ၉ ရက်နေ့တွင် မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုရှေ့ အမျိုးသမီးအိမ်သာရှေ့ အမှိုက်ပုံတစ်ခုအတွင်း၌ မွေးကင်းစကလေး အလောင်း တစ်လောင်း စွန့်ပစ်မှုနှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လှည်းကူးမြို့နယ် တောင်သူကုန်း သုသာန်တွင် မွေးကင်းစကလေး အလောင်းတစ်လောင်း စွန့်ပစ်မှုဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးမြို့တွင်လည်း ကျုံးတောင်ဘက်အခြမ်း မင်္ဂလာတံတားအနီးရေပြင်တွင် မွေးကင်းစကလေးငယ်အလောင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

''မွေးကင်းစကလေး စွန့်ပစ်မှုတွေကို ဆေးရုံတွေမှာလည်း တွေ့ရတယ်။ မွေးပြီးစွန့်ပစ်ခဲ့တာမျိုး။ အဓိကကတော့ အကြောင်းအမျိုးမျိုးကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရသွားကြလို့ပါ'' ဟု  အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးက ပြောပါ သည်။

မိဘက(သို့မဟုတ်)ထိန်းသိမ်းသူက အသက်၁၂နှစ်အောက် ကလေးကို လုံးဝစွန့်ပစ်ရန် အကြံဖြင့်စွန့်ပစ်လျှင် ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူ ခံရနိုင်ကြောင်း သိရှိရသည်။
Eleven Media Group
မွေးကင်းစကလေး စွန့်ပစ်မှုဖြစ်စဉ်များ များပြားလာ မွေးကင်းစကလေး စွန့်ပစ်မှုဖြစ်စဉ်များ များပြားလာ Reviewed by သစ်ထူးလွင် on 12:45 Rating: 5

4 comments:

Anonymous said...

မိဘစိတ်မရှိတဲ့ တို့တိုင်းပြည်ပါလား။
နိုင်ငံခေါင်းဆောင်ကလဲ အကျင့်ပျက်လာဒ်လား။
နောက်လိုက်တွေကလဲ ခေါင်းဆောင်ကိုဖားပြီး တိုင်းပြည်ကိုရောင်းစားဖို့အရေးကြိုးစား၊
ဦးနှောက်မရှိတဲ့ အမျှော်အမြင်မရှိတဲ့ခေါင်းဆောင်ဦးဆောင်နေသရွေ့ ငါတို့နိုင်ငံ မြောင်းထဲကနေ ပြန်လည်တက်ဖို့မလွယ်ပေ။

Anonymous said...

I appreciate your comments. But there are many things to think about child left cases. So what should we do not to be the cases like that for next times. We should think ourselves to save our country because of we are Myanmar(for our country).

Anonymous said...

အင်းလေ မိဘမဲ့ဂေဟာတွေ များများဖွင့်ဖို့ထက် မိဘမဲ့ကလေးတွေများများမရှိအောင်လုပ်သင့်တယ် မိန်းခလေးတွေ မရှက်တရားနည်းလားတာတွေဟာ ပိုဆိုးလာတယ် တကယ်တော့ ဒါဟာ အမျိုးသားရောအမျိုးသမီးရောတာဝန်ရှိပေမဲ့ အဖိုးတန်တဲ့ မိန်းခလေးဆိုရင် ဘယ်လိုမှဖြစ်လာစရာအကြောင်းမရှိပါဘူး အခုတော့အရှက်နည်းတဲ့ မိဘကြောင့် အပြစ်မဲ့တဲ့ကလေးတွေ အော် အော် သနားလိုက်ရတာ .....မြန်မာမိန်းခလေးများ ရှက်ကြ ကြောက်ကြ စမ်းပါ တလွဲရှက် တလွဲကြောက်နေကြတာ ရင်နားစရာပါ...

မိုးချစ်သူ said...

ဟုတ်တယ် အထက်ပြောထားတဲ့အတိုင်း..အခုခေတ်မိန်းကလေး အများစုဟာ အရှက်အကြောက်နည်းကြတာတွေ့ရတယ်..ယောင်္ကျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး မူးယစ်ဆေးဝါးတွေသုံးစွဲလာကြတယ်..မဟုတ်တဲ့နေရာတွေမှာ မိန်းကလေးတွေက ဦးဆောင်လာကြတာတွေ့ရတယ်...ပြီးတော့ ယခုနောက်ပိုင်း အလွယ်တကူကြည့်ရှုနိုင်တဲ့ ကိုရီးယားကားတွေကလဲ တနည်းတဖုံ လူမျိုးကို ၀ါးမျိုလာတာတွေ့ရပါတယ်...အဲ့ဒီလိုင်းလုံးတွေနောက်ကို လိုက်ရင်းလိုက်ရင်း အဟုတ်မှတ်ပြီး ဖြစ်ချင်ရာ ဖြစ်နေကြတာတွေလဲ မျက်မြင်ပါပဲ.. တကယ်တမ်းတော့ ငါဟာ မြန်မာလူမျိုးဘာလားဆိုပြီး ပြန်သုံးသပ်သင့်တယ်... ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ ဘာသာရေး ယဉ်ကျေးမှုတွေ ဆုတ်ရုတ်လာတာတွေ့ရပါတယ်...ဒါကြောင့် မြတ်စွာဘုရားရှင်ဟောတော်မူတဲ့ အလယ်အလတ်လမ်းစဉ်ကို လိုက်နာသင့်ပါတယ်...ပြီးတော့ ကိုယ်ကြိုက်တာကိုယ်လုပ်သင့်ပါတယ်(ကိုယ်ကိုညာတာမကြိုက်ရင် သူများကိုမညာပါနဲ့ ကိုယ့်ကို အသားနာအောင်လုပ်ရင် သူများအသားကိုလဲ နာအောင်မလုပ်ပါနဲ့)ကိုယ်ချင်းစာတရား ထားသင့်ပါတယ်...ပြီးတော့ ကိုယ်မဖြစ်ချင်တာကိုဖြစ်လာပြီဆိုရင်လဲ နှစ်ဦးနှစ်ဖက်အကျိုးကိုစဉ်းစားပြီး အကောင်းဆုံး ဆောင်ရွက်သင့်ပါတယ်...ကိုယ်ဖြစ်ချိန်တန်တဲ့ကံ ပါလာတယ်လို့ သဘောထားပေါ့...
ဒါမှမဟုတ် မဖြစ်ခင်က ကြိုတင် စဉ်းစား ဆင်ခြင်ဖို့လိုတာပေါ့..........ကျွန်မလဲ မြန်မာမိန်းကလေးပါပဲ....အရာရာတိုင်းကို အလွန်အကျွံမဖြစ်အောင် နေရတာပါပဲ.....

Powered by Blogger.