မုန်းမှ ကယ်လီဖိုးနီးယား သို့


လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က ချစ်သော သူငယ်ချင်းက ခေါ်သဖြင့် ကွယ်လွန်သူ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင် (ဦး)နေဝင်းရဲ့ အိမ်သို့ တစ်ခါ တစ်ခေါက် အလည်ရောက်သွားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ကောလိပ်ဂျင်ကြီးရဲ့သမီးအလတ် ဟေမာလေးတောင် သီချင်းစမဆိုသေး။ ဆယ်ကျော် သက်အရွယ် အပျိုပေါက်ကလေးသာရှိသေးသည်။ ဟေမာတို့ ညီအစ်မတစ်တွေရဲ့ ဧည့်ဝတ်ပျူငှာမှုနဲ့အတူ တွေ့သိခဲ့ရသူက ဦးလေးအရွယ် အမျိုးသားတစ်ဦး။ ဒါ ကိုကိုဌေးမြိုင်’တဲ့။  သူကတော့ သူ့အစ်ကို တစ်ဝမ်းကွဲမို့ အစ်ကိုလို့ မိတ်ဆက်ပေးပေမယ့် ကျွန်မ ကတော့ ကိုယ့်အဖေထက်တစ်နှစ်သာငယ်မယ့်အရွယ် ကို အစ်ကိုခေါ်ရမှာနှုတ်မရဲခဲ့ပါဘူး။ အထူးသဖြင့် ငယ် ငယ်ကတည်းက သူ့စာတွေဖတ်ပြီး လေးစားခဲ့ရတော့ ကျွန်မအတွက် သူဟာ ဟိုး … အထက်စင်မြင့်ပေါ်မှာ တလေးတစား မော့ကြည့်ရတဲ့သူပါ။ သူက တရင်းတနှီး သူ့ကိုယ်သူ ကိုကိုလို့ နာမ်စားသုံးပြီး ရယ်မော စကား ပြောခဲ့ပေမယ့် ကျွန်မကတော့ ပါးစပ်က ကိုကိုတစ်ခွန်း ခေါ်တိုင်း ရင်ထဲမှာဆရာလို့ ကြိတ်ပြီးပဲ့တင်သံ ထပ်ခဲ့မိ ပါတယ်။“ အစ်မအကြီးဆုံးက မွေးတဲ့သားနဲ့ အစ်မကြီးရဲ့ မောင်အငယ်ဆုံးမို့ တူနဲ့ဦးလေးက အသက်တစ်နှစ်ပဲ ကွာသတဲ့။  ငယ်ငယ်ကတည်းက   ယောင်ပေစူး ကိုယ်စီနဲ့ အဖေ့ရဲ့ ကစားဖော်ကစားဖက်၊ တက္ကသိုလ် ကျောင်းတော်သားကြီး တွေဖြစ်တဲ့အထိ တပူးတွဲတွဲနဲ့ ပညာသင် ဖော်သင်ဖက်ဆိုတော့ ဦးလေးရဲ့ ကလေးတွေ အတွက် အစ်ကိုဝမ်းကွဲဖြစ်တဲ့သူက ဦးလေးအရွယ်၊ အသက်က မငယ်။ ဒါပေမဲ့ အသက်ဘယ်လောက်ကွာကွာ ညီ၊ ညီမတွေက သူ့ကိုကိုကိုလို့ပဲ ချစ်စနိုးခေါ်ခဲ့ကြ ပါတယ်။ “မျက်မှန်ထူထူကြီးနဲ့ သူ့ညီ၊ ညီမတွေကို အမြဲရယ်ပြီး အားပါးတရ စကားပြောတတ်တဲ့ အဲဒီ ကိုကို,ကိုလူတွေ အသိများတာကတော့ ဒဂုန်တာရာပါ….။ “ကိုကို စာရေး   ကောင်းတာ၊ ကဗျာရေးတော်တာ လူတိုင်းသိပြီးမို့ အထူးမရေးတော့ပါဘူး။ စန္ဒရားတီး ကျွမ်းကျင်တာလည်းလူသိရှင်ကြားပါ။ နာမည်ကျော် ကြား အထင်ကရ လူတစ်ဦးမို့ ကိုကို့အကြောင်း လူသိ များ ပါတယ်။ အမှတ်တရမွေးနေ့တွေမှာလည်း ဂုဏ်ပြုမယ့်သူ အပြည့်မို့ ဆွေမျိုးသားချင်းများအနေနဲ့ ဘာမှထပ်ရေးပြစရာ မလိုတော့ပါဘူး။ “ဒါပေမဲ့ လူတွေ မသိသေးတဲ့ ကိုကို့အကြောင်းပြောချင်တာလေးတစ်ခု ရှိပါတယ်။“အဲဒါကတော့ ကိုကို့မှာ အနာဂတ်ကို ကြိုမြင် တဲ့ အမြော်အမြင်အာရုံလည်း ရှိနေ သလားဆိုတာပါပဲ။ “လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကျော်က ကျွန်မ မြန်မာ ပြည်ကထွက်ခါနီးမှာ ယောက်မဖြစ်သူက ဖုန်းဆက် လာပါတယ်။ သူ့ညီ ‘အငယ်လေး’   နိုင်ငံခြား သွားအပြီး မှာ သူအမှတ်တရစပ်ခဲ့တဲ့ ကဗျာလေး ၁၉၈၅ ခုနှစ် မေလဒဂုန်မဂ္ဂဇင်းမှာပါလာလို့ လူကြုံပေးလိုက်ချင် တယ်တဲ့။  စာအုပ်လိုက်ပေးရင်လေးနေ မှာစိုးလို့ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ ကဗျာမိတ္တူကို သူ့ညီလေးဆီကို ယူသွား ပေးပါတဲ့။“ သူမပြောခင်ကတည်းက အဲဒီမဂ္ဂဇင်းကို ကျွန်မသေတ္တာထဲ ထည့်ပြီးသားပါ။   ယောက်မ ကို ပြန် ပြောလိုက်ပါတယ်။၊ စိတ်ချပါ၊ သေသေချာချာ ယူသွား ပါ့မယ်လို့။“  ကဗျာအဆုံးမှာ သူရေးခဲ့ပါတယ် …“ ရုပ်မြင်သံကြား တယ်လီဖုန်းမှာတွေ့ကြရအောင်…တဲ့။ “၁၉၈၄-၈၅ ခုနှစ်လောက်မှာ သူစပ်ခဲ့တဲ့ကဗျာပါ။ ““အမေရိ ကားမှာတောင် ကွန်ပျူတာတစ်လုံးကို ထောင်ပေါင်း များစွာပေးရတဲ့အချိန်။ အခုခေတ်လို လူတိုင်း ကိုယ်ပိုင် ဝယ်သုံးနိုင်ဖို့ အသာထား၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆိုင်တွေမပြောနဲ့၊ ကုမ္ပဏီကြီးတွေတောင် အလုပ်သမား တိုင်းကို မပေးနိုင်သေးတဲ့အချိန်။ အီးမေးလ်လည်း မပေါ် သေး၊ အင်တာနက်ဆိုတာ စိတ်ကူးထဲတောင် မလည် သေးတဲ့အချိန်မှာ မြန်မာပြည်ကနေ Webcam အကြောင်း သူ ဘယ်လိုကြိုသိခဲ့ပါလိမ့်။““ ထိုစဉ်အခါက ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေထဲမှာပဲ သွားရည်ယိုခဲ့ရတဲ့ ဒီဗီဒီယို ဖုန်းဆိုတာ ကိုယ်နဲ့ဘာမှ မနီးစပ်သလိုပါပဲ။ သူပဲ အတွေး အခေါ် အာရုံကောင်းတာလား၊ ကျွန်မပဲ အမြော်အမြင် ဗဟုသုတနည်းပါးတာလား။ (အဖြေကတော့ ရှင်းပါ တယ်။ ကျွန်မနဲ့ သူဘာယှဉ်နိုင်စရာရှိလို့လဲ။) “တဖြည်း ဖြည်းနဲ့ သူချစ်တဲ့ ညီ၊ ညီမတွေနဲ့ ဝေးကွာရတော့မှာ၊ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့မှာကို သူကြိုမြင်ခဲ့တာကို သူ့ကဗျာလေးနဲ့ ရင်ဖွင့်ခဲ့ရှာပါတယ်။“ အဲဒီကဗျာလေးကတော့ လော့စ်အိန် ဂျလိစ်ရောက် ဆွေမျိုးများသို့လို့ ခေါင်းစီးတပ်ရေးစပ်ခဲ့တဲ့ … ‘မုန်းမှ ကယ်လီဖိုးနီးယားသို့…’။
မုန်းချောင်းဘေးမှ
အညာဒေသ၊ ရွာကလေးများ
ဘိုးဘွားစဉ် ဆက်၊ ဆင်းသက်လာရာ
“ကြည်လင်စိမ်းပြာ၊ နွေခါဒူးဆစ်
ကျောက်စရစ်ခဲ၊ စိန်ခဲမြခဲ၊ ပုလဲပက်ကြဲ
လက်လက်ရေတွင် မြင်ရ၏။
ဗုဒ္ဓကြွလာ
ကျောင်းတော်ရာမြတ်၊ ဘုရားပတ်လည်
ပိဋကတ်တိုက်၊ တည်ဆောက်ခိုက်တွင်
ဖခင်ခေါ်ရာ၊ လိုက်ပါလာစဉ်
ဝန်းကျင်ရွာများ၊ လှည့်လည်သွားကြ
အဘွားပြောဖူး၊ ဗူးသယ်ဇောင်းချမ်းကုန်း
မုန်းချောင်း မန်းချောင်း
ကျောင်းထိုင် ဦးပဏ္ဍိ၊ ရှိရာတည်းခို
စိုရွဲဆီများ၊ ရေမုန့်ဖဲ့စား
တမာရိပ်ကြား၊ ကွေ့ပတ်ပြေးလွှား
ကစားသည့်ရွယ်၊ မျိုးရိုးနွယ်စ
မြင်ရကြားရ၊ တွေ့ခဲ့ရလေ
မုန်းချောင်းရပ်မြေပုံကားချပ်။
သီပေါနန်းကျ
တိုင်းပြည်ပျက်စ၊ မုန်းမှ စွန့်ခွာ
ဧရာဝတီ၊ စုန်လာလိုက်ကြ
မြစ်ဝကျွန်းပေါ်၊ ရေဝန်းကမ်းညို
ကနစိုတောအုပ်၊ ရှင်းလင်းခုတ်တူး
“ဓါးမဦးချ၊ မြေဆွထွန်ယက်
မျိုးဆက်ပြန့်ပွား၊ လယ်သမားများ
အိမ်ခြေများလာ၊ ဖွဲ့စည်းကာလျှင်
ထိုင်ကူဆိုသော ရွာကလေး။
လယ်ကွင်းရေပြည့်
လှေဖြင့်ထိုးသွား၊ ဝါးလုံးကျိုးကျ
ရယ်ကြမောကြ၊ စပါးပင်ကြား
“ရေထဲဆင်းမှ၊ လှေထွက်ရတော့
မျှော့နက်တွယ်ကပ်၊ ရယ်ရာမှငို
မိုးညိုလာပြီ၊ ရွာဆီမည်းမှောင်
မိုးထဲလေထဲ၊ လှေကိုပစ်ထား
ပြေးကြလွှားကြ ပျော်စရာပ။
လရောင်ကြိုးကြဲ
ရွာထဲလျှောက်လည်၊ ပိတောက်ကိုင်းအောက်
မြေဝိုင်းချောမွတ်၊ မောင်းထောင်းဆန်ဖွပ်
လွတ်လပ်တေးဆို၊ ပျိုအိုတစ်သင်း
အတင်းပြောရင်း ဝိုင်းလုပ်ကြ။
နှင်းခတလင်း
ရွှေရောင်ဝင်းပ၊ လှုပ်လှုပ်ရွရွ
လေကအဝှေ့၊ စပါးလှေ့ကြ
ကွေ့ကာပိုက်ကာ၊ ကောက်လှိုင်းပုံဘေး
ပြေးကာဆော့ကာ၊ လဝါဝါလေး
တိမ်ပြာမဟူရာ၊ ဇာပါးအသွေး
ညဉ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး
ပြေးလိုက်ပုန်းလိုက်၊ ကောက်ရိုးပုံနွေး
တိုးဝင်အကွေး၊ လမြရေးရေး
စပါးပေါ်ချိန် လွမ်းမိသေး။
မြစ်လက်တက်တွင်
စီးဝင်ချောင်းကလေး၊ ကွမ်းသီးခြံဘေးမှာ
တဗာလှေပျက်၊ လဲလျောင်းလျက်တည့်
မောင်းသံဒူဒူ၊ ထုသူကင်းမယ့်
ပဲ့နင်းလှေသူကြီး၊ ဖိစီးဇရာ
ပုံပြင်မျှသာ၊ တုန်ရီစွာဖြင့်
ပြောပြရရှာ၊ ယခုခါမူ
ဘောက်တူပေါ်တွင်၊ ဆွမ်းအုပ်တင်၍
ကိုယ်ရင်တစ်ပါး၊ လှော်ခတ်သွားသည်
ကမ်းပါးကပ်လိုက်၊ ကိုင်းငိုက်ရွတ်တွ
လှိုင်းထပုတ်ထိ၊ လှုပ်မိရာမှ
မလပ်သီးကြွေကျ၊ ဒင်ကြီးငှက်က လန့်ပြန်ပြေး။
မော်တော်ပေါ်တွင်
ရှင်လောင်းတင်၍၊ ဗီယင်နာကာဖေး
ကိတ်မုန့်ကျွေးခဲ့၊ ရေခဲမုန့်နှင့်
ဘင်ဂျိုဝိုင်းနှင့်၊ ဟွန်းတယောနှင့်
ရေတွင်မျောပါ၊ ငှက်ပျောတုံးထက်
ဗျိုင်းငှက်တစ်ကောင် အံ့သြငေး။
ငယ်စဉ်ဘဝ
ဒုတိယမျိုးဆက်၊ ကောက်ရိုးရနံ့
နွားချေးနံ့နှင့်၊ ပဲရစ်ညခင်းရေမွှေးနံ့
ရောထွေးမတူ၊ ကျေးလက်နှင့်မြို့ပြ
ဘုန်းကြီးကျောင်းမှတက္ကသိုလ်
ကိုလိုနီခေတ်၊ ကြီးပြင်းဖြစ်ခဲ့
မုန်းကျောက်စရစ်ခဲ၊ သဲပွင့်ရွေ့လျား
သစ်သားပန်းပု၊ ထုဆစ်ပန်းကွက်
လှေပျက်ယွင်းကျန်၊ ရွှေရောင်ယွင်းလွင့်
ပင့်ကူအိမ်မြှေး၊ လိမ်ယှက်ရစ်ကာ
“ပြစရာတည့်၊ အမည်စာလုံးသာ
ပထမမျိုးဆက် ပုံပြင်များ။
ဒုတိယမျိုးဆက်
ငါတို့လက်ထက်၊ သည်မျိုးဆက်ကား
မြေများ ခြံများ၊ ပိုင်ဆိုင်ထားသည့်
အမွေဆက်ခံ၊ ကြွင်းကျန်ပစ္စည်း
ထိုင်ပြီးစားကြ၊ မတိုးပွားခဲ့
နှစ်များကြာလျှင်၊ မြေရှင်စနစ်
ခေတ်နှင့်ကွာဝေး၊ တဖြည်းဖြည်းချင်း
သက်ဆင်းရွေ့လျော၊ တိမ်ကောလာစဉ်
ဖွားမြင်ရှာကြ၊ တတိယမျိုးဆက်
လက်ထက်ရောက်ခါ၊ ပြစရာကား
စိန်ခြယ်မြကွင်း၊ စိမ်းဝင်းဖျပ်ဖျပ်
ကြောင်လက်စွပ်နှင့်၊ ငွေကွပ်ဓားမြှောင်
မဟော်ဂနီရောင်ဗီရို၊ ရွှေတိုရွှေစ
သက္ကလတ်စ၊ ရှန်ဟဲဖဲစ
ဇင်းမယ်ထဘီစ၊ ဘန်ကောက်လုံချည် မြင်းချေးရောင်စ
သည်မျှလောက်သာ၊ ကြည့်စရာလေ
မျက်စေ့ပေကလပ်၊ တဖျပ်ဖျပ်နှင့်
ရင်သပ်ရှုမော၊ အံ့သြတွေဝေ
ဘာတွေပါလိမ့်၊ ခုခေတ်ခါသစ်
ခရစ်ပြိုးပြက်၊ ပက်ဂီ ပါတိတ်
ပေါ်လီယက်စတာ၊ ဖိတ်လက်ပွင့်စုံ
အိတုံရှံ၊ မလေးရှံတဲ့
ရှေးနဲ့မတူ သူတို့ခေတ်။
သူတို့မေးကြ
ဒုတိယမျိုးဆက်၊ ကျွန်တော်တို့လက်ထက်အကြောင်း
ကျောင်းသားဘဝ၊ စာသင်စအခါ
“ကိုလိုနီပညာရေး၊ တိုက်ဖျက်ပေးဖို့
အရေးတော်ပုံများအကြောင်း
ဆောင်းလဟေမန္တ၊ နှင်းခညတွင်
မောင်းနှင်ခုတ်သွား၊ မီးရထားက
ရိုးမကိုဖြတ်၊ နှင်တရစပ်
တောအထပ်ထပ်၊ ပတ်သန်းခရီး
တောင်တွင်းကြီးလမ်း၊ တောပန်းမြူနံ့
သင်းပျံ့ကြိုင်လှောက်၊ ရေနံချောင်း ချောက်
ရေနံမြေတစ်လျှောက်၊ နှင်းပေါက်ဇာပါး
လူထုကြားတွင်၊ တရားဟောကြ
သွားလာကြနှင့်၊ အလယ်ပစ္စယာ
အရံဇရပ်၊ သတ်မှတ်စခန်း
ထန်းပင်ရိပ်ကြား၊ အုတ်ခုံနားတွင်
အလုပ်သမား၊ လယ်သမားများနှင့်
ထမင်းထုပ်အတူ စားကြသည့်အကြောင်း
သောင်းပြောင်းထွေလီ၊ ကိုလိုနီခေတ် ဖက်ဆစ်ခေတ်
စစ်နှင့်တော်လှန်ရေး၊ အဝေးကျန်ရစ်
သက်သေခံပစ္စည်း၊ ကြီးကြီးမားမား
ထောက်ထားမရှိ၊ တိုတိတိုစ
ပုံတိုပတ်စ၊ ကဗျာစဝတ္ထုစ
မှတ်မိသမျှ၊ ပြောပြနေစဉ်
မျက်စေ့ပေကလပ်၊ တဖျပ်ဖျပ်နှင့်
ရင်သပ်အံ့သြ၊ ငေးမောပန်းလျ
ဒုတိယမျိုးဆက် ပုံပြင်များ။
နယ်ချဲ့အပြေး
မင်းမဲ့ဘေးရန်၊ အန္တရာယ်လျှင်
ကြုံတွေ့စဉ်မှ၊ ပူပင်သောက
ထိတ်လန့်ကြစဉ်၊ ပင်လယ်ပြင်မှ
ကယ်တင်မည့်သူ၊ ဆင်တူကြောင်ကျား
ဆင်ယင်ထားသော၊ မြို့သိမ်းတပ်သား
မျက်နှာထားချို၊ ကြိုဆိုခဲ့ရ
ဗမာ့လွတ်လပ်ရေးတပ်မတော်
ရောက်လာသည့်အကြောင်း
တတိယမျိုးဆက်
သည်လက်ထက်ကား၊ ရုန်းကန်မှုများ
“လှုပ်ရှားမှုများ၊ အဟုန်ကြီးမား
အမျိုးအစား၊ ထွေပြားယှက်သန်း
နက်နဲရှုပ်ထွေး၊ အမေးပုစ္ဆာ
အဖြေရှာကြ၊ များလှစွာပင်
လူငယ်သဘာဝ၊ တွေးဆစဉ်းစား
ဥာဏ်အားရှိသမျှ၊ ကြိုးစားအားထုတ်
စာအုပ်ရှာလည်း၊ မတွေ့ဘဲလျှင်
ကျောင်းနံရံပြင်ပ၊ မြင်ရကြားရ
တွေ့ရ ကြုံရ၊ သံပြိုင်ယိမ်းက
“တီးကြမှုတ်ကြ၊ ကော်ပီဂီတ
ဗွီဒီယိုမှ၊ ပစ်ကြ ခတ်ကြ
“ချွတ်ကြ ဖော်ကြ၊ ပျော်ကြ ပါးကြ
သူရဲကား ဓားကား၊ နံချပ်ကူကား
မှောင်ခိုယူသွင်း၊ ဂျင်းအင်္ကျီများ
အသံသွင်းတိပ်ခွေများ၊ နေကာမျက်မှန်စိမ်းများ၊
သံလိုက်ထိန်းချုပ်၊ ကစားစရာရုပ်များ
“ဈေးကွက်စည်ကား၊ ဆူးလေဘုရားလမ်းဘေး
ဟေးဟေးညာသံ၊ ဆူညံအော်လျက်
လက်မှတ်ရုံပေါက်၊ တစ်ယောက်ကိုတစ်ယောက်တွန်း
ဂျိမ်းစ်ဘွန်းကား၊ သိုင်းဇာတ်ကား။
ဤပတ်ဝန်းကျင်
တွေ့မြင်ခံစား၊ အာရုံများစွာ
လှုပ်ရှားလူးလွန့်၊ ရေသေကူးခတ်
ကမ်းစပ်မရောက်၊ အခေါက်ခေါက်တည့်
တစ်ဖြောက်ဖြောက်လျှင်၊ မိုးပေါက်သံထင်
မှန်ရိပ်ဖိတ်စင်၊ ကြည်လင်သံမြင်း
‘လေဆိပ်ဆင်းတော့မယ်’ဟု အငယ်လေးထံမှ
နှုတ်ဆက်သံကြား၊ စိတ်မှာလှုပ်ရှား
“’ဘာမှာမလဲ’ မေး၊ ရင်ထဲတုန်ရီ
‘ပန်းချီဆေး’ဟု၊ နွမ်းလျသံဖြင့်
ဖြည်းညှင်းပြန်ပြော၊ စကားသံအဆုံး
ဖုန်းချသွားပြီ၊ အဝေးဆီလွင့်
ညီမများရှိရာ၊ ထွက်ခွာသွားစဉ်
မိုးသားညိုဆင်၊ မျောပါလေနှင်
ငါလျှင်ငေးမော၊ မုတ်သုံကြားမှ
မျိုးဆက်များကား
ဝေးကွာသွားကြ၊ မုန်းမှ ကယ်လီဖိုးနီးယားသို့
ရေကြည်ရာကမ်း၊ ငြိမ်းချမ်းပင်လယ်
ကျယ်လည်းတစ်မုဟုတ်၊ ခလုတ်နှိပ်ရုံ
ရုပ်မြင်သံကြား တယ်လီဖုန်းမှ တွေ့ကြရအောင်။ ။
(ကယ်လီဖိုးနီးယားရောက် ဆွေမျိုးများသို့)
၂ဝဝ၉ ခုနှစ် ကိုကို့အသက် ၉ဝ ပြည့်မွေးနေ့ အမှတ်တရ ရေးထားခဲ့တဲ့ စာစုလေးပါ။ အဲသည် အချိန်က ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ ဘယ်ကိုပို့ရမယ် မှန်းမသိ   ဖြစ်နေချိန်၊  နေရာတိုင်းမှာလည်း ကိုကို့အတွက် မွေးနေ့အမှတ် တရစာမူတွေ ပလူပျံနေတာမို့ ဘယ်မှ မပို့ဖြစ်၊ မဝေငှဖြစ်ခဲ့တာပါ။““ရှမ်း ပြည်နယ် အောင်ပန်းမြို့နှင့် နီးစပ်သူများ ကျေးဇူးပြုပြီး ကိုကို့ထံ သည်စာကလေး ပို့ပေးပါ။ ကျေးဇူးအထူးတင်ပါသည်။
(မှတ်ချက် – မာလုစံ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။)
မုန်းမှ ကယ်လီဖိုးနီးယား သို့ မုန်းမှ ကယ်လီဖိုးနီးယား သို့ Reviewed by သစ်ထူးလွင် on 22:12 Rating: 5

No comments:

Powered by Blogger.