အမေရိကန်ဒေါ်လာ ဈေးနှုန်းများ ရက်ပိုင်း အတွင်း ကျပ် ၈၀၀ အောက်သို့ ကျဆင်း

 Thursday, 02 June 2011 00:29
အမေရိကန်ဒေါ်လာ ဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေပြီး ဇွန်လ တစ်ရက်နေ့မှစ၍ တစ်ဒေါ်လာလျှင် အမေရိကန်ဒေါ်လာ ကျပ် ၇၈၀ အထိ ကျဆင်းသွားကြောင်း သတင်း ရရှိသည်။
''ဒေါ်လာဈေးတွေ ဒီတစ်ပတ် ဆက်တိုက် ကျလာတယ်။ ကျပ် ၈၂၀  လောက်ကနေ တစ်နေ့ချင်း၊ တစ်နေ့ချင်း ကျဆင်းနေတာ အခု ကျပ် ၇၈၀ ပဲ ရှိတယ်။ အခု ပြောနေတာက ကျပ် ၇၅၀ လောက်အထိ
ပြောနေတော့
ကျွန်တော်တို့တောင် လက်ထဲ သိပ်မထားနိုင်တော့ဘူး''ဟု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
''အခု ဒီရက်ပိုင်းမှာ ဆက်တိုက် ကျလာတယ်။ Earning ဈေးကတော့ မနက်ပိုင်းက ကျပ် ၈၀၀-၈၀၅ ကနေ အခုတော့ ကျပ် ၈၂၀ လို့ ပြောတယ် ဒေါ်လာကတော့ သိသိသာသာ ကျတယ်။ ထပ်ကျဦးမယ်လို့ ပြောနေတာ ရှိတယ်။ အဓိက ကတော့ ပြည်ပပို့ကုန်က ရငွေက ဖြုန်းအား မရှိတော့ အရင် Earning သန်း ၃၀ လောက် ကိုင်ထားပြီး သွင်းတဲ့လူတွေကလည်း အခုတော့ အများကြီး မရှိကြဘူး။ ဥပမာ စားအုန်းဆီဆိုရင် ပါမစ်တွေ ခွဲပေးလိုက်တယ်။ တစ်ကြိမ်တော့ သွင်းပြီးသွားပြီ။ အခု နောက်တစ်ကြိမ်က ဘယ်လို ထပ်လုပ်ကြမလဲ ဘယ်သူမှ မသိသေးဘူး။ ဘာမှလည်း confirm မဖြစ်သေးဘူး။ အရင်တုန်းက Earning တစ်သန်း ဖြုန်းအား ရှိတဲ့လူကလည်း အခုတော့ သိပ်မဖြုန်းနိုင်သေးဘူး။ အဲဒီအပေါ် မူတည်ပြီး ကျဆင်း လာတာ ဖြစ်နိုင်တယ်''ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
''ဒီရက်ပိုင်းထဲမှာ တရုတ်နိုင်ငံနဲ့ ရှေ့ဆက် လုပ်ကိုင်မယ့် လုပ်ငန်း၊ အရင်းအနှီး ပမာဏတွေ ၀င်ရောက်လာနိုင်တဲ့ အနေအထားရယ်၊ နောက်တစ်ချက်က မြန်မာငွေနဲ့ ဒေါ်လာကို ပုံသေးနှုန်းပဲ ဖြစ်ဖြစ်၊ နှုန်းရှင်နဲ့ပဲ ဖြစ်ဖြစ် သတ်မှတ်တော့မလား ဆိုတဲ့ သတင်း တချို့ ထွက်နေတဲ့ အနေအထားရယ်က ဈေးကျဆင်းရတဲ့ အကြောင်းရင်းထဲမှာ ပါနေတယ်လို့ သုံးသပ်နေတာမျိုး ရှိပါတယ်''ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။
ပြည်ပပို့ကုန်မှရသည့် နိုင်ငံခြားငွေ Earning ဈေးမှာလည်း တစ်ဒေါ်လာလျှင် ၈၀၅ ကျပ် ၀န်းကျင်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည့် အတွက် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ ထိခိုက်လျက် ရှိကြောင်း၊ အထူးသဖြင့် ယခုကာလမှာ လယ်ယာထွက်ကုန် ပစ္စည်းများ ပြည်ပတင်ပို့မှု အားကောင်းသည့် ကာလဖြစ်၍ လယ်ယာထွက်ကုန် ပစ္စည်းများ၏ ဈေးနှုန်းကိုပါ သက်ရောက်မှု ရှိလာနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်လျက် ရှိသည်။
''ဈေးကွက်ထဲကို ပြည်ပပို့ကုန်က ရငွေ အ၀င်များရင် ထပ်ကျဖို့ပဲ ရှိတယ်။ အဓိက ကတော့ ကျောက်ပွဲတွေကြောင့်လည်း ဖြစ်နိုင်တယ်။ သွင်းကုန် နည်းနေတာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်ရယ်လို့ မယ်မယ်ရရလည်း မသိဘူး။ လုပ်ငန်းရှင်တွေ လည်း ဘာလုပ်ရမလဲ စောင့်ကြည့်နေကြတာ။၂၀၁၀ ပြည့်နှစ်ထဲမှာတင် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံလောက် ၀င်တယ်လို့ သိရတယ်။ Registered amount လည်း ဖြစ်နိုင်တယ်။ Asia market ထဲကို ဒေါ်လာတွေ ၀င်လာတဲ့ ဂယက်ပေါ်မှာတော့ ပညာရှင်တွေက မြန်မာနိုင်ငံမှာ ငွေကြေးဈေးကွက် မရှိတဲ့အတွက် ၀င်မလာနိုင်ဘူးလို့ ပြောတာမျိုးလည်း ရှိတယ်။ ဒါပေမဲ့ တခြား နည်းလမ်းတွေနဲ့လည်း ၀င်လာနိုင်တာပဲ။ လောလောဆယ်ကတော့ ပြည်ပပို့ကုန်ရငွေ Earning ဖြုန်းအား မရှိလို့ ကျတယ်လို့ပဲ ယူဆကြပါတယ်''ဟု လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြသည်။
အမေရိကန်ဒေါ်လာ ဈေးနှုန်းများ ရက်ပိုင်း အတွင်း ကျပ် ၈၀၀ အောက်သို့ ကျဆင်း အမေရိကန်ဒေါ်လာ ဈေးနှုန်းများ ရက်ပိုင်း အတွင်း ကျပ် ၈၀၀ အောက်သို့ ကျဆင်း Reviewed by သစ်ထူးလွင် on 08:20 Rating: 5
Powered by Blogger.