မြန်မာလူငယ်များနှင့် နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းများ၏ အခြေခံပညာရေး ကဏ္ဍ

Wednesday, 01 June 2011 15:07
AddThis Social Bookmark Button
492
ရန်ကုန်မြို့ရှိ နိုင်ငံတကာပုဂ္ဂလိက
ကျောင်းတစ်ကျောင်း၏ နည်း
ပညာပြပွဲတစ်ခုကို တွေ့ရစဉ်
နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ ပြည်တွင်း၌ ဖွင့်လှစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု မကသည့် နှစ်ကာလ ကြာမြင့်ခဲ့ပြီဖြစ်ရာ အဆိုပါကျောင်းများသို့ ပေးသွင်းရသည့် ကျောင်းလခများနှင့် ထိုက်တန်သည့် ပညာအရည် အသွေးတစ်ရပ် ပြန်လည် ရရှိလာစေရန်အတွက် စဉ်ဆက်မပြတ်ထိန်းချုပ် အကဲဖြတ်စိစစ်မည့် အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် မိဘများဘက်မှ မျှော်လင့်နေကြောင်း သိရသည်။
“နိုင်ငံတကာ ပုဂ္ဂလိကကျောင်းတွေ ဒီမှာဖွင့်တာ နှစ်တော်တော်ကြာခဲ့ပြီဖြစ်သလို
နိုင်ငံခြားကို ကျောင်းသွားတက်တဲ့
လူငယ်အရေအတွက် ကလည်း အတိုင်းအတာတစ်ခုထိ ရှိခဲ့ပြီ။ ဒါပေမယ့် ဒီကျောင်းတွေရဲ့ အရည်အသွေးကို ထိန်းချုပ်စိစစ်မယ့် အဖွဲ့ဆိုတာမျိုး မရှိခဲ့ဘူး။ သူတို့ က သူတို့မူဝါဒပိုင်းနဲ့ သွားတယ်။ ဈေးသတ်မှတ်တာလည်း သူတို့ ကိုယ်တိုင်ပဲဖြစ်သလို မိဘတွေက တကယ်တော့ တစ်နှစ်ကို သိန်း ၂၀၊ ၃၀ အကုန်ခံပြီး ထားတာဖြစ်တော့ သူနဲ့ထိုက်တန်တဲ့ အရည်အသွေးတွေ ရှိရဲ့လား။ ဘယ်လိုမူဝါဒတွေနဲ့ ရှေ့ဆက်သွားမှာလဲဆိုတာ မိဘတွေ သိချင်လာကြပြီ”ဟု မန္တလေးမြို့ အခြေစိုက် နိုင်ငံတကာပုဂ္ဂလိက ကျောင်း၌ အလယ်တန်း တက်ရောက်နေသူတစ်ဦး၏ မိခင်က ပြောပြပါသည်။
“International Schools တက်ပြီး အိမ်မှာ ကျူရှင်ပြန်ယူနေရတာ ကလေးတိုင်းလိုလိုပဲ။ တကယ်တော့ မဖြစ်သင့်ဘူး။ ကျောင်းလခတွေ အများကြီးပေးပြီး သင်ထားရတဲ့အတွက် International Schools တွေအနေနဲ့ ပိုမိုကောင်းမွန်ပြီး စနစ်ကျတဲ့ပညာ အရည်အသွေးဖြစ်အောင် ဖော်ထုတ် သင့်တယ်လို့ ထင်ပါတယ်”ဟု Learners Choice မှ ဒေါက်တာဘိုင်အိုက သုံးသပ် ပြောကြားခဲ့ပါသည်။

နှစ်စဉ် IGCSE အမှတ်နည်းခြင်းနှင့် နိုင်ငံခြားတက္ကသိုလ်များမှ ချမှတ်ထားသည့် ၀င်ခွင့် လိုအပ်ချက်များ မပြည့်မီခြင်းကြောင့် ပြည်တွင်းတက္ကသိုလ်များသို့လည်း ၀င်ခွင့်မရ၊ ပြည်ပတက္ကသိုလ်များသို့လည်း ထွက်ခွာနိုင်ခြင်း မရှိကြသော ကျောင်းသားဦးရေမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းနီးပါးမျှရှိ . . .

နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများသို့ အတန်းစဉ်အလိုက် ပေးသွင်းကြရသည့် ငွေပမာဏမှာ တစ်လလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ မှ ၆၀၀ ကြား ကိုးလစာ ပေးသွင်းကြရသည်။
ယခုအခါ နိုင်ငံ၌ နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းအရေအတွက် ရာကျော် ရှိခဲ့ပြီဖြစ်ရာ အချို့မှာ နိုင်ငံခြားငွေဖြင့် နှစ်စဉ် ကျောင်းသား လက်ခံမှုရှိခဲ့ပြီး အချို့မှာ ဒေါ်လာဈေး ကျဆင်းခဲ့သည့်အတွက် မြန်မာငွေဖြင့် ပြောင်းလဲလက်ခံခဲ့ကြသည်။
စင်စစ်အားဖြင့် နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများသို့ တက်ရောက်နေကြသူ အများစု၏ ရည်ရွယ်ချက်မှာ ပြည်ပရှိ တက္ကသိုလ်အသီးသီးသို့ ကျောင်းဆက်တက်ရန် ရည်ရွယ်သူများ၊ နောင်တွင် မိသားစုစီးပွားရေး၌ ဦးဆောင်လုပ်ကိုင်မည့် သူများသာ ဖြစ်ကြသည်ဟု သိရသည်။
နိုင်ငံတကာပုဂ္ဂလိက ကျောင်း များ၌ တက်ရောက်စဉ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် အခြေခံပညာ ကျောင်းများသို့ ပြန်လည်ကူးပြောင်း ခွင့်မရှိကြသည့်အပြင် Grade 10 Level ပြီးဆုံးသော်လည်း နိုင်ငံတကာ တက္ကသိုလ်များ ၀င်ခွင့်ရရန် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများဖြစ်သည့် IGCSE ကဲ့သို့သော ၀င်ခွင့်များ ထပ်မံဖြေဆို၍ တက်ရောက် ကြရသည်။ သို့ရာတွင် နှစ်စဉ် IGCSE အမှတ်နည်းခြင်းနှင့် နိုင်ငံခြားတက္ကသိုလ်များမှ ချမှတ်ထားသည့် ၀င်ခွင့်လိုအပ်ချက်များ မပြည့်မီခြင်းကြောင့် ပြည်တွင်းတက္ကသိုလ် များသို့လည်း ၀င်ခွင့်မရ၊ ပြည်ပ တက္ကသိုလ်များသို့လည်း ထွက်ခွာနိုင်ခြင်း မရှိကြသော ကျောင်းသား ဦးရေမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းနီးပါးမျှ ရှိကြသည်ကိုလည်း သိရသည်။
“ကျွန်တော်တို့ နိုင်ငံမှာပုဂ္ဂလိက ရဲ့ အခန်းကဏ္ဍတွေ ရှိလာတာနဲ့အမျှ အစိုးရရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကပါ ပုဂ္ဂလိက ပညာရေးကို ပိုမိုစနစ်ကျဖို့ ပြုပြင်မှုတွေ ပြုလုပ်သင့်ပါပြီ။ International School တွေမှာ ကြီးကြပ်မယ့် အဖွဲ့အစည်းမျိုးမရှိတော့ သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းပုံ၊ အတန်းတင် စာမေးပွဲတွေမှာ အအောင်ပေးတဲ့ စနစ်တွေ၊ ကလေးတွေ အမှန်တကယ် တတ်မြောက်မှု ရှိ မရှိ၊ ပေးရတဲ့ကျောင်းလခငွေနဲ့ ထိုက်တန်မှု ရှိ မရှိနဲ့ ဒီကျောင်းတွေတက်လို့ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်တွေဆီ တိုက်ရိုက်ဝင်ခွင့်ရ မရဆိုတာတွေကို လေ့လာအကဲဖြတ်ကြဖို့ လိုလာပါပြီ” ဟု Tip Top မန္တလေးအခြေစိုက် ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာဦးဇော်မင်းထွန်း က ပြောပြခဲ့ပါသည်။
ဇွန်လတွင် ပညာသင်နှစ် ပြန်လည်စတင်မည့် နိုင်ငံတကာပုဂ္ဂလိက ကျောင်းများ၏ ကျောင်းလခများနှင့် ပတ်သက်၍ တိုးမြှင့်ကောက်ခံခြင်း ရှိ၊ မရှိကိုမူ အချို့သောကျောင်းများမှာ ဘုတ်အဖွဲ့ဝင်များ၏ သဘောတူညီချက်များ အတိုင်း တစ်နှစ်လျှင် ကျောင်းလခ၏ အများဆုံး ၁၀ ရာခိုင်နှုန်းမျှ တိုးမြှင့်ကောက်ခံလေ့ ရှိကြကြောင်း သိရသည်။
မြန်မာကျောင်းသားအများစု အများဆုံး ထွက်ခွာပညာသင်သွားသည့် နိုင်ငံမှာစင်ကာပူဖြစ်ပြီး ထိုနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများ၏ ကျောင်းလခနှုန်းများ တိုးမြှင့် ကောက်ခံမည်ဆိုလျှင် ပါလီမန်၏ အဆုံးအဖြတ်နှင့် အချိန်ယူပြင်ဆင်ပြီးမှသာ တိုးမြှင့်လေ့ရှိပြီး မြင့်တက်သည့်ပမာဏမှာ ရာခိုင်နှုန်းအနည်း ငယ်မျှသာဖြစ်ကြသည်။
ယခုအခါ အစိုးရ၏ပြဋ္ဌာန်း သင်ရိုးပုံစံအတိုင်း သင်ကြားကြသည့် ပြည်တွင်း ပုဂ္ဂလိကကျောင်းများ၊ ဗြိတိသျှ၊ အမေရိကန်သင်ရိုးစနစ်များဖြင့် သင်ကြားသည့်နိုင်ငံတကာ ပုဂ္ဂလိကကျောင်း (International Schools) များ များစွာရှိလာပြီဖြစ်ရာ ယင်းကျောင်းများ၌ ကောက်ခံသည့် ငွေပမာဏမှာ စာသင်နှစ်တစ်ခုအတွက် ကျောင်းသားတစ်ဦးလျှင် အနည်းဆုံး ငွေကျပ်သိန်းနှစ်ဆယ်ကျော်နှင့် အထက် ပျမ်းမျှရှိကြခြင်းကြောင့် ငွေကြေးနှင့် ထိုက်တန်သည့် ပညာအရည်အသွေး တစ်ရပ်ပြန်ရရန်ကိုသာ ကျောင်းသား၊ မိဘအများစု က လိုလား မျှော်လင့်နေကြသည်။
မြန်မာလူငယ်များနှင့် နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းများ၏ အခြေခံပညာရေး ကဏ္ဍ မြန်မာလူငယ်များနှင့် နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းများ၏ အခြေခံပညာရေး ကဏ္ဍ Reviewed by သစ်ထူးလွင် on 18:46 Rating: 5
Powered by Blogger.