ချင်းတွင်းမြစ်ရေ ရေနည်း သတိပေးမှတ်အောက် ကျဆင်း

422a
ချင်းတွင်းမြစ်ကြောင်း တစ်နေရာအား ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းက တွေ့ရစဉ်
ချင်းတွင်းမြစ်ရေသည် ရေနည်းသတိပေးမှတ် အောက်သို့ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ရရှိပါသည်။
ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ တိုင်းထွာချက်များအရ
မုံရွာမြို့၏ ရေနည်း သတိပေးမှတ်ဖြစ်သော ၁၀၀ စင်တီမီတာအောက်သို့ ကျဆင်းနေသည့်အတွက် မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ရေနည်းမည့် အခြေအနေသတင်းအဖြစ် ထုတ်ပြန်ထားသည်ဟု သိရှိရသည်။
422
မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်ကြောင်း တစ်နေရာအား ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်
၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းအတွင်း  ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း မြို့တို့တွင် တစ်ပေခန့်၊ မော်လိုက်၊ ကလေးဝနှင့်မုံရွာမြို့တို့တွင် တစ်ပေခွဲခန့် ကျဆင်းခဲ့ပြီး ယခုအခါတွင်မူ မုံရွာမြို့၌ ရေနည်းသတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
၂၀၀၉ ခုနှစ်ကလည်း မတ်လလယ်ပိုင်းတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၌ ရေနည်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်ဟု သိရှိရသည်။ လက်ရှိ ၂၀၁၁ ခုနှစ်အတွင်းတွင်မူ ဧရာဝတီမြစ်၌ ရေနည်းသတိပေးမှတ် အောက်သို့ မရောက်ရှိသည့်အတွက် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ချင်းတွင်းမြစ်တွင်မူ မြစ်ရေနည်းမည့် အခြေအနေအဖြစ် ထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်။
မြစ်အထက်ပိုင်း ဒေသများ၌ သစ်တောပြုန်းတီးမှုများ၊ မြစ်ကြောင်း ကို သဘာဝအနေအထားမှ ပြောင်းလဲ စေမှုများ၊ သဘာဝ သယံဇာတတူးဖော်ရာမှ သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းစေမှုများကြောင့် မြစ် ကြောင်း ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများ ဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ တွင် သိသာလာခဲ့သည်။
ယခုနှစ်ဖြစ်ပေါ်သည့် ရေနည်း သတိပေးမှတ်အောက်သို့ ရောက်ရှိခြင်းသည် ဧပြီလ ၄ ရက်နေ့မှ လာမည့်ဧပြီလ ၁၅ ရက်နေ့အထိရှိ နိုင်ကာ ရေကြောင်းအသုံးပြု သွားလာသူများအဖို့ သတိပြုဖွယ်ဖြစ်နေ ကြောင်း သိရှိရသည်။
ချင်းတွင်းမြစ်သည် ၁၂၀၇ ကီလိုမီတာ(မိုင် ၇၅၀)ရှည်လျားပြီး ဧရာဝတီမြစ်၏ အဓိကမြစ်လက် တက်တစ်စင်းဖြစ်ကာ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ အစရှိသည့်မြို့များကို ဖြတ်သန်းစီးဆင်းနေသည်။
ချင်းတွင်းမြစ်ရေ ရေနည်း သတိပေးမှတ်အောက် ကျဆင်း ချင်းတွင်းမြစ်ရေ ရေနည်း သတိပေးမှတ်အောက် ကျဆင်း Reviewed by သစ်ထူးလွင် on 18:25 Rating: 5

No comments:

Powered by Blogger.