Yan Win (Taung Da Gar) – Myanmar Shampoo

ခေါင်းလျှော်ကာ တရော် ကင်ပွန်းရယ်နဲ့
ရန်ဝင်း (တောင်တံခါး)
ဧပြီ ၁၆၊ ၂၀၁၁

“ခေါင်းလျှော်ကာ တရော် ကင်ပွန်းနဲ့
လေးကျွန်းအောင်မြေ
အတာ နှစ်ကူးရက်ပေ”
သပြေခက်နဲ့ ရေပက်၊ မကြည်အောင်
                 
 တရော်ကင်ပွန်းနဲ့ခေါင်းလျှော်တယ်ဆိုတာ မြတ်နိုးစရာ မြန်မာ့ရိုးရာဓလေ့တခုပါပဲ။ ရှေးအခါတုန်းက ယောက်ျားတွေမှာ ရောင်ထုံး၊ မိန်းမတွေမှာ ဆံထုံးကို အထွတ်အမြတ်ထားကြတော့ မြန်မာ့ရိုးရာမှာ ခေါင်းလျှော်တဲ့
ဓလေ့က အရေးပါပါတယ်။
         ခေါင်းလျှော်သင့်တဲ့နေ့တွေကို ‘အိုး စည် တီး’ တနင်္ဂနွေ၊ အင်္ဂါ၊ စနေနေ့ လို့ သတ်မှတ်ပြီး၊ ခေါင်းမလျှော်သင့်တဲ့နေ့တွေကို ‘က ရင် သား မွေး’ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့ လို့ သတ်မှတ်ထားခဲ့ကြတယ်။ နေ့ထူးနေ့မြတ်တွေနဲ့ ပွဲလမ်းသဘင်တွေရှိရင်လည်း အထူး အလေးအနက်ထားပြီး ခေါင်းလျှော်တဲ့ အလေ့အထရှိပါတယ်။ ရှေးခေတ် ဘုရင်တွေက ခေါင်းဆေးမင်္ဂလာရယ်လို့ ပွဲလမ်းသဘင် ကျင်းပတဲ့ အစဉ်အလာလည်း ရှိခဲ့ဖူးတယ်။
        ခေါင်းလျှော်ဖို့ ခေါင်းလျှော်ရည် ဖော်စပ်တဲ့အခါ အဓိကပါဝင်တာက တရော် နဲ့ ကင်ပွန်း နှစ်မျိုးပါ။ တရော်ဆိုတာက တရော်ပင်ရဲ့အခေါက်ပါ။  တရော်ခေါက်ကို နည်းနည်းထုပေးပြီး တညသိပ်လောက် ရေစိမ်ရပါတယ်။ ကင်ပွန်းကတော့ ကင်ပွန်းသီး ကို ခေါ်တာပါ။ ကင်ပွန်းသီးအခြောက်ကို ရေတန်သင့်ရုံနဲ့ပြုတ်ပြီး အအေးခံထားရတယ်။ တရော်စိမ်ရေနဲ့ ကင်ပွန်းသီးပြုတ်ရေကို ရောစပ်လိုက်ရင် တရော် ကင်ပွန်း ခေါင်းလျှော်ရည်ကို ရပါပြီ။ အဲဒီ တရော် ကင်ပွန်း ခေါင်းလျှော်ရည်ကို ခေါင်းပေါ် လောင်းချလိုက်ပြီး ခေါင်းလျှော်လိုက်ရရင်ဖြင့် ဦးရေတင်မက ရင်ထဲအထိ အေးမြသွားတာပါပဲ။
တရော်ရဲ့ ဂုဏ်သတ္တိက ဆံပင်ကို နက်မှောင် ချောမွေ့ တောက်ပြောင်စေတယ်။ ကင်ပွန်းကတော့ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဆေးကြော သန့်စင်ပေးပါတယ်။ အင်မတန်မှ လိုက်ဖက်ညီကြတာမို့ တရော် နဲ့ ကင်ပွန်းကို အမြဲတွဲဖက်ပြီး ထားရပါတော့တယ်။

တရော်ပင်


ကင်ပွန်းသီး


ကင်ပွန်းပင်
မြန်မာ့ရိုးရာဓလေ့ ခေါင်းဆေးမင်္ဂလာကို နှစ်သစ်ကူး သင်္ကြန်အတာအချိန်မှာ အလေးအနက်ထားပြီး ပြုလုပ်လေ့ရှိကြတယ်။ အထူးသဖြင့် ဂါဝရ နိဝါတတရားအနေနဲ့ သက်ကြီးရွယ်အို လူကြီးသူမတွေကို ခေါင်းလျှော်ပေးကြတဲ့ဓလေ့ကို အစဉ်အလာတခုအနေနဲ့ ဒီကနေ့အထိ ကျင့်သုံးနေကြဆဲပါပဲ။
အတာကူးတဲ့ တန်ခူးလ သင်္ကြန်အချိန်ရောက်ပြန်ပြီဆိုမှဖြင့် တနှစ်ပြီးတနှစ် အချိန်ကာလတွေ ပြောင်းလဲလာတာတွေကို သတိရမိစေပါတယ်။ ပါဠိဘာသာ ‘သင်္ကန္တ က ဆင်းသက်လာတဲ့ ‘သင်္ကြန်’ ဆိုတာ ကူးပြောင်းတဲ့အချိန်အခါပါပဲ။ နှစ်တနှစ်ရဲ့ ‘အဆုံး’ လို့ပြန်ဆိုရမယ့် ‘အန္တ’ ကနေပြီး ‘အတာ’ ရယ်လို့ ဖြစ်လာတဲ့အကြောင်း ရှေးကစာတွေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတာလည်း ရှိပါတယ်။ အဲဒီ အတာအချိန်မှာ ရေသွန်းလောင်းပက်ဖျန်းကြတာမို့ သင်္ကြန်ရေကို အတာရေ လို့လည်း ခေါ်ကြပါတယ်။

“နှစ်ဆန်းငယ် သင်္ကြန်
သစ်သစ်သာ ဖန်တော့တယ်
နိုင်ငံကြော့ ပြည်သူမှာ
ပန်ဆုယူ တာရေသွန်းချိန်မို့
လွမ်းလှတယ်လေး”
တန်ခူးလဖွဲ့ လွမ်းချင်း
မဟာအတုလမင်းကြီး


ပန်ဆုယူ တာရေသွန်းချိန်မို့
တန်ခူးလအချိန်က ‘တန်ခူး ရေကုန်၊ ကဆုန် ရေခန်း’ ဆိုတဲ့ အညာရပ်က ဆိုရိုးစကားအတိုင်းပဲ ချောင်းရေ ကန်ရေတွေခြောက်ခန်းလုမတတ် အင်မတန်မှ အပူရှိန်ပြင်းတဲ့အချိန်ပါပဲ။ အဲဒီလို ပူပြင်းလှတဲ့ အချိန်အခါမှာ အေးမြသွားကြစေဖို့ ရည်ရွယ်ပြီး တဦးကိုတဦး ဆုမွန်ကောင်းတွေတောင်းကြရင်း အတာရေ ပက်ဖျန်းကြတာက အင်မတန်မှ မြတ်နိုးစရာကောင်းတဲ့ ရိုးရာဓလေ့တခုပါ။ ရေဆိုတာ အေးမြတဲ့ မေတ္တာကို ကိုယ်စားပြုထားသလိုပဲ မကောင်းတဲ့ ကံကြမ္မာတွေကိုလည်း ဆေးကြောပစ်နိုင်ပါတယ်။ ‘ကိုယ်၊ နှုတ်၊ နှလုံး’ သုံးပါးစလုံးကိုလည်း စင်ကြယ်စေနိုင်တယ်။
သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းပါသတဲ့။ အဲဒီလို ရန်ပြေမာန်ပြေ မေတ္တာတွေ အပြည့်အဝသယ်ဆောင်လာတဲ့ သင်္ကြန်ရေကိုတောင်မှ အသုံးလွဲမှားခဲ့ရင်တော့ ‘စေတနာက ဝေဒနာ’ ဖြစ်သွားနိုင်တာပါပဲ။ တသက်တာ ဘဝတလျောက်လုံး ဖြေမဆည်နိုင်တဲ့ သောကဝေဒနာ ရင်နာစရာဖြစ်ခဲ့ဖူးတဲ့ သာဓကတွေမှာ သင်ခန်းစာ ယူစရာတွေလည်း ရှိခဲ့တယ်။
သမိုင်းတခေတ် ပုဂံခေတ်နှောင်းအချိန်က ဖြစ်ရပ်ကလေးတခုပါ။ အပျော်အပါး ဝါသနာထုံပုံရတဲ့ နရသီဟပတေ့မင်းကြီးက သူချစ်တဲ့ မိဖုရားစောလုံကို အကျီစားသန်မိခဲ့လေတယ်။ တခုသောသင်္ကြန်မှာ ရေကစားကြရင်းနဲ့ မိဖုရားစောလုံရဲ့ ဦးခေါင်းဆံဖျားကစပြီး တကိုယ်လုံး ရွှဲရွှဲစိုအောင် ရေလောင်းကြစေလို့ မင်းကြီးရဲ့ ခိုင်းစေချက်အတိုင်း မောင်းမ မိဿံတွေကလည်း အကြမ်းပတမ်း ရေကစားခဲ့ကြလေတယ်။
‘အကျီစားသန် ရန်ဖြစ်’ ဆိုတဲ့အတိုင်း မိဖုရားစောလုံက သူ့ကိုအရှက်ခွဲလေချင်းရယ်လို့ မှတ်ယူပြီး မင်းကြီးရဲ့အပေါ်မှာ အမျက်သို အမှတ်အတေးထားခဲ့ပြီ။
ပုဂံခေတ်ကောင်းစားစဉ်အချိန်တုန်းက ‘စုလည်ထုံး’ လို့ခေါ်တဲ့ ဆံပင်ထုံးနည်းပေါင်း ၅၅ မျိုး ထုံးလေ့ရှိကြပြီး ဆံထုံး ထုံးပုံကိုမြင်ရတာနဲ့ အမျိုးသမီးတို့ရဲ့ အဆင့်အတန်း ရာထူးဂုဏ်သိန်ကို သိနိုင်ပါသတဲ့။ အဲဒီ ဆံထုံးဓလေ့ကမှတဆင့် ‘မိန်းမတို့ဘုန်း ဆံထုံး’ ရယ်လို့ အစဉ်အလာ စကားတရပ်ကို အသိအမှတ်ပြုလာခဲ့ကြတယ်။
သင်္ကြန်မှာ ခေါင်းဆေးမင်္ဂလာပြုထားပြီး ဆံပင်ကို အမြတ်တနိုးထုံးထားခဲ့ရာက ပရိသတ် လူဗိုလ်ပုံအလည်မှာ ရေတွေစိုရွှဲလို့ ဆံပင်ဖားလျားနဲ့ မဖွယ်မရာ ‘အရှက်တကွဲ အကျိုးနည်း’ ဖြစ်သွားရပုံကလည်း မိဖုရားစောလုံအတွက် မဖြေနိုင်စရာပါပဲ။ အဲဒီအငြိုးကြောင့် မကြာခင်မှာ မင်းကြီးရဲ့စားတော်ပွဲထဲကို အဆိပ်ခတ်ပြီးလုပ်ကြံခဲ့ပေမယ့် ဘဝကံကြမ္မာက ဖန်လာပြန်လေတော့ မအောင်မြင်ဘဲ အမှုပေါ်သွားလေတယ်။ မိဖုရားစောလုံလည်း ‘အချစ်ကြီးတော့ အမျက်ကြီး’ တဲ့ မင်းကြီးရဲ့ အကွပ်အမျက်ကို ခံရရှာလေတယ်။ ‘နောင်တဆိုတာ နောင်မှ တ’ ရစမြဲမို့ နောင်တ အတန်တန်ရပြီး ‘စောလုံရေ စောင့်ပါခလှည့်’ လို့ မင်းကြီးက ဘယ်လိုပဲတမ်းတနေပေမယ်လို့ မိဖုရားစောလုံက ပြန်မလာနိုင်တော့ပြီကောလေ။
“ဒေါပုံအလှည့်သံသရာ
ရေအပြင်မှာ ကြွားသူတို့ကဖြင့်
သဘောမဆုံသနဲ့ မခံချင်ပါလျှင်လည်း
မကစားကြလေနဲ့
ချောဂုဏ်နဲ့ နွဲ့ရှာတဲ့
စောလုံရဲ့ ပုဂံရာဇဝင်တရား”
ပုဂံရာဇဝင် လေးချိုးကြီး
သခင်ကိုယ်တော်မှိုင်း
နှစ်သစ်ကူးတော့မယ့် အတာသင်္ကြန်အချိန်မှာ တဦးနဲ့တဦး ရန်ပြေမာန်ပြေ မေတ္တာရေတွေ အပြန်အလှန် ပက်ဖြန်းကြရော့မယ်။ မြန်မာ့ရိုးရာ တရော် ကင်ပွန်းနဲ့ ခေါင်းလျှော်ကြရင်ဖြင့် အကိုတွေ၊ မောင်ကလေးတွေ၊  ကိုဘိုကေတို့တတွေရဲ့ နှစ်မတွေ၊ အမတွေ၊ ဒေါ်ဒေါ်၊ ကြီးကြီးတို့ပါမကျန် နန်းတော်ရှေ့ ဆရာတင်ရဲ့ မင်းဂံဘုတ် သီချင်းထဲက စာသားကလေးအတိုင်း ‘ပိတုန်းရောင်ကေသာ ဖြန့်လိုက်ရင် တကိုယ်လုံး ဝေဝေ ဖြာဖြာ လွင်လွင်’ အမြဲမြင်နေကြရပေလိမ့်မယ်။
ဆရာမြို့မငြိမ်းရဲ့ သင်္ကြန်သီချင်းကလေးတပုဒ်နဲ့အတူ မြန်မာ့နှစ်သစ်ဆုမွန်ကောင်းတွေကို ပြည်ရွာအနှံ့ ဖြန့်ဝေလိုက်ပါတယ်။

‘အေးအေး ချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ
မာပါစေ တောင်းဆုကိုခြွေ
အဆင့်ဆင့် အကိုတွေ မောင်ကလေးများပေ
နှစ်မတွေ၊ အမတွေ၊ ခင်မင်သူ ကြီးကြီးတို့ရေ
ကျန်းမာ ချမ်းသာ ရှိကြပါစေသော်’
သန့်ရှင်းဖြူစင်၊ မြို့မငြိမ်း

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
(၁) ဂန္ဓဝင် ကဗျာများ နဲ့ သီချင်းများ
(၂) အင်တာနက်ကရတဲ့ ဓာတ်ပုံများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ