မတ်လလယ် လှိုင်သာယာဆန္ဒပြပွဲမှာ ပါဝင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကျုံးသွင်းသလိုလုပ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ HRW ပြော

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဆယ်နဲ့ချီတဲ့လူတွေ သေဆုံးမှုဖြစ်ခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ဆန္ဒပွဲ အကြမ်းဖက်ဖြိုခွင်းခံရမှုဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို တနေရာတည်း စုစည်းလာအောင် ပြုလုပ်ပြီးမှ ပစ်ခတ်သတ်ဖြတ်မှုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ဒီဇင်ဘာလ ၂ ရက်မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။

အဲဒီနေ့မှာ စစ်တပ်သုံးချေမှုန်းရေးရိုင်ဖယ်သေနတ်တွေကိုင်ထားတဲ့ စစ်သားနဲ့ရဲတွေက ပိတ်မိနေတဲ့ဆန္ဒပြသူတွေကိုရော၊ ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့လုပ်နေသူတွေကိုပါ ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူတွေ အများစုအပါအဝင် လူပေါင်း ၆၅ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

လှိုင်သာယာက အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မျက်မြင် ၆ ဦးကို တွေ့ဆုံမေးမြန်းတာ၊ နောက် အဲဒီနေ့ဆန္ဒပြပွဲတွေကို ရိုက်ထားတဲ့ ဗီဒီယိုတွေနဲ့ လူမှုကွန်ယက်ပေါ်မှာတင်တဲ့ ဓာတ်ပုံ ၃၀ ကျော်ကို စိစစ်လေ့လာပြီး HRW ဘက်က အခုလိုပြောဆိုလာတာပါ။

HRW က မေးမြန်းခဲ့တဲ့ မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရဆိုရင် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးနားက လုံခြုံရေးတပ်ဖွဲ့တွေကပဲ ဆန္ဒပြသူတွေကို ဖြိုခွင်းမယ်လို့ နှုတ်နဲ့ကြိုသတိပေးခဲ့တာဖြစ်ပြီး ကျန်တဲ့နေရာတွေမှာတော့ ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ထိတွေ့မှု မလုပ်ဘဲ ပစ်ခတ်ခံခဲ့ရတာ လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ လှိုင်သာယာမှာ အထည်ချုပ်စက်ရုံအချို့မီးရှို့ခံရတာ၊ ထောင်နဲ့ချီတဲ့ဆူပူဆန္ဒပြသူတွေက မီးသတ်ကားတွေ မီးလောင်တဲ့နေရာကို မသွားနိုင်အောင် လမ်းတွေကို ပိတ်ဆို့တာလုပ်ခဲ့တာကြောင့်လို့ဆိုပြီး မတ်လ ၁၄ ရက်လှိုင်ယာသာဖြစ်စဉ်အပြီး နောက်တစ်ရက် မတ်လ ၁၅ ရက်မှာ လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့ပါတယ်။

HRW ဘက်ကတော့ လှိုင်သာယာဖြစ်စဉ်မှာ တာဝန်ရှိတဲ့သူတွေ တာဝန်ခံလာစေရေးတိုက်တွန်းပြောဆိုသလို လုံခြုံရေးကောင်စီနဲ့ မြန်မာ့အရေးအလေးထားတဲ့အစိုးရတွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တာဝန်ယူမှုရှိလာအောင် အရေးယူဆောင်ရွက်မှုမလုပ်သရွေ့ ဒီလိုသတ်ဖြတ်မှုတွေဆက်ဖြစ်နေလိမ့်ဦးမယ်လို့ ပြောဆိုထားပါတယ်။

BBC Burmese

မတ်လလယ် လှိုင်သာယာဆန္ဒပြပွဲမှာ ပါဝင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကျုံးသွင်းသလိုလုပ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ HRW ပြော မတ်လလယ် လှိုင်သာယာဆန္ဒပြပွဲမှာ ပါဝင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကျုံးသွင်းသလိုလုပ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ HRW ပြော Reviewed by THITHTOOLWIN on 16:33 Rating: 5

No comments:

Powered by Blogger.