ကနီနယ် တိုက်ပွဲများတွင် စကစများ အထိနာနေသဖြင့် လေကြောင်းပစ်ကူပေးနေရ၊ နှစ်ရက်တာ တိုက်ပွဲတွင် စကစ (၂၀)ကျော်သေ၊ (၄၀)ခန့် ဒဏ်ရာရဟုဆို


ဒီဇင်ဘာ - ၁၁

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီ လက်နက်ကိုင်များ အထိနာ အသေများနေသဖြင့် စစ်အုပ်စုက လေကြောင်းပစ်ကူပေးကာ တိုက်ခိုက်နေရကြောင်း ဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့အပြင် နှစ်ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီ လက်နက်ကိုင် (၂၀)ကျော် သေကာ (၄၀)ခန့် ထိခိုက်ဒဏ်ရာရကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှု မရှိဘဲ လေကြောင်းဖြင့် ပသ်ခတ်ခံရသဖြင့် ဆိုင်ကယ် (၁၀)စီး ပျက်စီးဆုံးရှုံးကြောင်း ကနီဒေသ တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့များ ဖြစ်သော အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA)နှင့် ကနီ PDF (KLG) တို့က ထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာ(၁၁)ရက် မနက်ပိုင်းက ကနီမြို့နယ် ချမ်းသာစု ဘုရားကုန်းအနီးတွင် အင်အား(၄၀)ခန့်ရှိသော စစ်ကောင်စီ လက်နက်ကိုင်များကို DRPA တပ်ဖွဲ့၊ ကျောက်လုံးကြီး PDF နှင့် ဒေသခံ PDF များ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေစဉ် စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်သလို ရဟတ်ယာဉ်များ အသုံးပြု၍ပါ ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ဆိုင်ကယ် (၁၀) ပျက်စီးဆုံးရှုံးခဲ့သည်ဟု DRPA က ဆိုသည်။

“အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် သာမက လေကြောင်းဖြင့်ပါ လာရောက်ပစ်ခတ်၍ ပူးပေါင်းအဖွဲ့ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်သော်လည်း ဆိုင်ကယ် (၁၀) စီး ဆုံးရှုံးခဲ့ပါတယ်" ဟု DRPA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် ယနေ့ ညနေ(၄)နာရီကျော်အချိန်တွင်မူ ကနီမြို့နယ်အတွင်း ဖြတ်သန်းသွားလာသော စစ်ကားများကို  DRPA တပ်ဖွဲ့နှင့် ဒေသခံ မဟူရာ PDF တို့ ပူးပေါင်း၍ ဆယ်ရွာချောင်အနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးပြီး စစ်ကောင်စီ လက်နက်ကိုင် (၁၄)ဦး သေဆုံးသည်ဟု ဆိုသည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာ(၁၀)ရက် နေ့လည်(၁၂)နာရီခန့်ကလည်း ကနီမြို့နယ် ဆယ်ရွာချောင်အနီးတွင် စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော ကားများကို  DRPA တပ်ဖွဲ့နှင့် ဒေသခံ မဟူရာ PDF တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီး ပျက်စီးပြီး စစ်ကောင်စီ လက်နက်ကိုင် (၄၀)ခန့် ဒဏ်ရာရသွားသည်ဟု ဆိုသည်။

တချိန်တည်းမှာပင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဉ်ဖြင့် ကျောက်စိမ်းများ သယ်ယူလာသည့် စစ်ကောင်စီ လက်နက်ကိုင်များ ဒီဇင်ဘာလ (၁၀)ရက် နေ့လယ်ပိုင်းက ကနီမြို့နယ် ချမ်းသာစုရွာနှင့် တအုံရွာကြားတွင် မြစ်ကမ်းဘေး ဆိုက်ကပ်ကာ ကုန်းပေါ်အတက်တွင် မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် စကစ (၁၀)ဦးထက်မနည်း သေဆုံးကြောင်း ကနီဒေသ တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော PDF (KLG) က ထုတ်ပြန်သည်။ 

"ကျောက်စိမ်းများ သယ်ဆောင်လာသည့် စကစရေယာဉ်အုပ်စုသည် ချမ်းသာစုရွာနှင့် တအုံရွာကြား ဆိုက်ကပ်ပြီး ကုန်းကြောင်းရှိ ရွာများကို မွှေရန် စကစ အကောင် (၄၀) ခန့် တက်လာကြပါတယ်။ ယင်းစစ်အုပ်စုကို ကျွန်ုပ်တို့ KLG PDF မှ မိုင်း (၃) လုံး ခွဲ၍ တိုက်ခိုက်ခဲ့ကြပါတယ် " ဟု ကနီ PDF (KLG) က ဆိုသည်။ 

တိုက်ခိုက်မှုတွင် စကစဘက်မှ (၁၀) ဦးအနည်းဆုံး သေနိုင်ကြောင်း သိရပြီး ၄င်းတို့ဘက်မှ အထိအခိုက်မရှိဟု ကနီ PDF (KLG) က ထုတ်ပြန်ထားသည်။ 

ဒီဇင်ဘာ (၁၀) ရက်၊ မနက် ၉နာရီဝန်းကျင်ခန့်ကလည်း ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆင်းလာသည့် စကစရေယာဉ် (၁၁) စီးအုပ်စုအား ကင်းရွာနှင့် ပဲကင်းရွာကြားတွင် ကနီ PDF (KLG) နှင့် ဒေသတွင်း မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သေးသည်။


Mandalay Free Press - MFP

ကနီနယ် တိုက်ပွဲများတွင် စကစများ အထိနာနေသဖြင့် လေကြောင်းပစ်ကူပေးနေရ၊ နှစ်ရက်တာ တိုက်ပွဲတွင် စကစ (၂၀)ကျော်သေ၊ (၄၀)ခန့် ဒဏ်ရာရဟုဆို ကနီနယ် တိုက်ပွဲများတွင် စကစများ အထိနာနေသဖြင့် လေကြောင်းပစ်ကူပေးနေရ၊ နှစ်ရက်တာ တိုက်ပွဲတွင် စကစ (၂၀)ကျော်သေ၊ (၄၀)ခန့် ဒဏ်ရာရဟုဆို Reviewed by THITHTOOLWIN on 03:19 Rating: 5

No comments:

Powered by Blogger.