သြစတြေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီ Myanmar Metals မြန်မာနိုင်ငံက ထွက်ခွာတော့မယ်

ဓာတ်ပုံ - Financial Review ၊ အင်တာနက် စာမျက်နှာများ

ပါ့သ်၊ ဩဂုတ် ၁၉၊ ၂၀၂၁

မြန်မာနိုင်ငံမှာ သတ္တု တူးဖော်နေတဲ့ ဩစတြေးလျ ကုမ္ပဏီ ၁ ခုက ဘော်တွင်း သတ္တုတွင်းကို ရောင်းချပြီး ထွက်ခွာတော့မယ်လို့ Financial Review သတင်းက ဖော်ပြပါတယ်။

အဲဒီ သြစတြေးလျ ကုမ္ပဏီ Myanmar Metals Limited (MYL) ကုမ္ပဏီဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်က ၂၂ ကီလိုမီတာ အကွာမှာရှိတဲ့ ဘော်တွင်း သတ္တုတွင်း စီမံကိန်းက ၎င်းရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရုပ်သိမ်းဖို့ သဘော တူ စာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

အခြားဖက်စပ် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြတဲ့ EAP Global Mining နဲ့ Win Myint Mo Industries တို့ဟာ ပြည်တွင်း ကုမ္ပဏီတွေ ဖြစ်ကြပြီး Win Myint Mo Industries က အစုရှယ်ယာအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ပေးဖို့ သဘော တူခဲ့တယ်လို့လည်း ပါရှိပါတယ်။

Win Myint Mo Industries က ၂၀၁၅ ခုနှစ်မှာ မှတ်ပုံတင်ပြီး တည်ထောင်ခဲ့တဲ့ National Infrastructure Holdings Co ရဲ့ လက်အောက်ခံ လုပ်ငန်းခွဲ ၁ ခုဖြစ်ပြီး လမ်း တံတား စီမံကိန်းများ၊ စွမ်းအင်နဲ့ စက်သုံးဆီ၊ လျှပ်စစ်၊ အစားအစာ၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနဲ့ သတ္တုတွင်း လုပ်ငန်းများကို လုပ်ကိုင်နေတဲ့ စီးပွားရေး ကုမ္ပဏီ ဖြစ်ကြောင်း သိရပါတယ်။

မကြာမီ အထက်ပါ သဘောတူညီမှုကို တရုတ်နိုင်ငံက အချမ်းသာဆုံး သူဌေး ၁ ဦးက ကျောထောက် နောက်ခံပြုထားတဲ့ ဘေဂျင်း အခြေစိုက် လုပ်ငန်းစုဖြစ်တဲ့ Yintai Gold က အကောင်အထည်ဖော်မယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

Myanmar Metal ကုမ္ပဏီဟာ ဖေဖော်ဝါရီလ ကတည်းက Australian Security Exchange မှာ သတ္တု ရောင်းဝယ်မှုကို ရပ်ဆိုင်းထားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကြောင့် Myanmar Metals ကုမ္ပဏီဟာ ဝန်းသို ကြေးနီစီမံကိန်းကို ဝယ်ယူမယ့် အဆိုပြုချက်ကိုလည်း ရပ်ဆိုင်းခဲ့ပြီး သူ့ရဲ့ လက်အောက်ခံ Locrian Precious Metals ကုမ္ပဏီနဲ့ လုပ်ကိုင်မယ့် သီးခြား ရွှေတူး‌ဖော်ရေး စီမံကိန်း ၁ ခုကိုလည်း စွန့်လွှတ်ခဲ့တယ်လို့ သတင်းက ဆက်လက် ဖော်ပြပါတယ်။

Myanmar Metals ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် John Lamb က ရင်းနှီးမြှုပ်နှံမှုကို ပြန်ရုပ်သိမ်းတာဟာ အစု ရှယ်ယာရှင်တွေရဲ့ ငွေတွေကို မြန်မာနိုင်ငံကနေ ပြန်ရဖို့ သေချာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

“အခုလိုလုပ်ရတာက အခြေအနေတွေကို သုံးသပ်ပြီး မြန်မာနိုင်ငံထဲက ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကို MYL ကို ပြန်ပေးတာ ဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအပြီး ၎င်းရဲ့ လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ပြီးနောက် Myanmar Metals က စီမံကိန်း အတွက် အလားအလာရှိတဲ့ ရန်ပုံငွေပံ့ပိုးသူတွေကို “မြန်မာ နိုင်ငံရေး အခြေအနေဟာ ယုံကြည်မှုကို အားနည်းစေတာ တွေ့ရှိခဲ့တယ်”လို့ ပြောဆိုပါတယ်။

“ဘုတ်အဖွဲ့က စီမံကိန်းဟာ ကုမ္ပဏီအတွက် မဝေးတော့တဲ့ ကာလအတွင်း ငွေကြေးရင်းနှီးမြှုပ်နှံမှုက တော်တော်လေး ပြဿနာရှိပြီး လက်တွေ့ကျကျ မဖြစ်နိုင်ဘူးလို့ ထင်မြင်ပါတယ်”လို့လည်း သူက ဆက်ပြောပါတယ်။

နမ္မတူဘော်တွင်း စီမံကိန်းဟာ တချိန်က ဗြိတိန်ရဲ့ အကြီးမားဆုံး သတ္တုတွင်းတွေထဲက ၁ ခုဖြစ်ခဲ့ပြီး အမေရိကန် သမ္မတ ဖြစ်ခဲ့တဲ့ (၁၉၂၉ ကနေ ၁၉၃၃ အထိ) Herbert Hoover က သတ္တုတွင်းကို စီမံအုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိသျှ ကိုလိုနီနယ်ချဲ့တွေ မရောက်လာမီ ဘော်တွင်းဒေသကို တရုတ်နိုင်ငံက ရာစုနှစ်များစွာ ထိန်းချုပ်ထားခဲ့ပြီး သတ္တု ထုတ်လုပ်မှုကို ဒုတိယ ကမ္ဘာစစ်ကာလက ရပ်တန့်ခဲ့ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။


ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

သြစတြေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီ Myanmar Metals မြန်မာနိုင်ငံက ထွက်ခွာတော့မယ်  သြစတြေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီ Myanmar Metals မြန်မာနိုင်ငံက ထွက်ခွာတော့မယ် Reviewed by THITHTOOLWIN on 00:23 Rating: 5

No comments:

Powered by Blogger.