စစ်ကောင်စီ အာဘော် လွှင့်ပေးနေတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား ရှေ့က လုံခြုံရေးဂိတ ပစ်ခတ်ခံရ

ထိခိုက် ဒဏ်ရာရသူ အရပ်သား တယောက်ရှိပြီး စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတအသင်းကပြော

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအ၀င် ဂိတ်နားမှာ ဒီကနေ့ ည ၈ နာရီကျော်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ အရပ်သား တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒဏ်ရာရသူကို ဆေးရုံပို့ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ထိခိုက် ဒဏ်ရာ ရသွားသူကို စစ်ဆေးရုံကို ပို့ပေးခဲ့ရပြီး မစိုးရိမ်ရကြောင်းနဲ့ ထိခိုက်သူတွေထဲ စစ်ဘက်၊ ရဲဘက်က မပါဘူးလို့ အကူအညီပေးခဲ့ရတဲ့ လူမှုကူညီရေး အဖွဲ့က တာ၀န်ရှိသူက ပြောပါတယ်။

အခင်းဖြစ်တဲ့ နေရာကနေ လူနာတွေ ကယ်ထုတ်ပေးခဲ့ရတဲ့ အဲဒီ လူမှုကူညီရေး အသင်းဆီထံ ကားတွေကို ဖုန်းဆက်ခေါ် အကူအညီတောင်းလို့ လေး၊ငါး စီး သွားရာမှာ လေး စီးကို ပြန်လွှတ်လိုက်တယ်လို့လည်း ဆိုပါတယ်။

အဲဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ည ၈ နာရီကျော် မှာ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့လည်း အနားမှာ ရှိနေတဲ့ လူမှုကူညီရေး လုပ်ကိုင်နေသူ တယောက်ကလည်း ပြောပါတယ်။

ပစ်ခတ်သံတွေက တဖက်နဲ့ တဖက် အပြန်အလှန် ပစ်ခတ်သံမျိုး ဖြစ်ပြီး ၁၀ မိနစ်လောက် ကြာတယ်လို့ သူက ဆိုပါတယ်။

အခင်းဖြစ်ရာ နေရာနားက ဆိုင်တခုမှာ ထမင်းစားနေတဲ့ သူတို့ အဖွဲ့သားတွေကို ဆိုင်ရှင်က ဝပ်နေခိုင်းလိုက်ပြီး ဆိုင်ကိုလည်း မီးမှောင် ချလိုက်တယ်လို့ သူက ပြောပါတယ်။

၈ နာရီ ၄၀ မိနစ်လောက်မှာ ပစ်ခတ်သံ ဆဲသွားပြီးနောက် လူနာတင်ယာဥ် လေး၊ငါး စီးလောက် ဖြတ်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကျွန်းတောလမ်းဘက်ကို ပိတ်ချလိုက်ပြီး ပြည်လမ်းမကြီးကိုတော့ ဖွင့်ပေးထားလို့ သူက ပြောပြပါတယ်။

အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားချိန်မှာ အနားတဝိုက်က လူတွေကတော့ ကြောက်လန့်တကြား ဖြစ်နေဟန် မတွေ့ရဘဲ အေးဆေးစွာနဲ့ ဒီလို ပစ်ခတ်သံတွေ မကြားရတာ ရက်အတန်ကြာပြီလို့ အပြန်အလှန် ပြောနေတာမျိုး တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အဲဒီပစ်ခတ်မှု ဖြစ်ပွားရာ အနီးမှာ နေထိုင်သူ အခြားတစ်ဦးကတော့ သေနတ်သံက ပစ်ခတ်ပြီး ထွက်ပြေးသွားတာမျိုးထက် ပိုကြာမြင့်တဲ့ အသံတွေကို ကြားခဲ့ရပြီး ပစ်ခတ်သံကို အတော်နီးနီးကပ်ကပ် ကြားရတာကြောင့် အိမ်တံခါးတွေပိတ်၊ မီးတွေ ပိတ်ပြီး စိုးရိမ်နေခဲ့ရတယ်လို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

စစ်ကောင်စီ အာဘော် လွှင့်ပေးနေတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား ရှေ့က လုံခြုံရေးဂိတ ပစ်ခတ်ခံရ စစ်ကောင်စီ အာဘော် လွှင့်ပေးနေတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား ရှေ့က လုံခြုံရေးဂိတ ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 00:20 Rating: 5

No comments:

Powered by Blogger.