မြန်မာ့အကျပ်အတည်း ကလေးငယ်မျိုးဆက်တခုလုံး ထိခိုက်နိုင်ကြောင်း CRC သတိပေး

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာကလေးငယ် မျိုးဆက်တခုလုံး ထိခိုက်ပျက်စီးသွားစေနိုင်ကြောင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီ (CRC) က သတိပေးလိုက်ပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ အသတ်ခံရတဲ့ကလေး ၇၅ ယောက်၊ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ကလေး ၁,၀၀၀ ဝန်းကျင်နဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ခွင့် ဆုံးရှုံးသူတွေကတော့ မရေတွက်နိုင်အောင်ရှိနေကြောင်း CRC က လက်ခံရရှိတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲဝင်တွေက ကလေးတွေကို သတ်ဖြတ်နေတာနဲ့ပတ်သက်လို့ CRC က အပြင်းအထန် ပြစ်တင်ရှုတ်ချထားပါတယ်။ သူတို့ရဲ့နေအိမ်တွေထဲမှာတင် အသတ်ခံခဲ့ကြရတဲ့ ကလေးတွေထဲမှာ မန္တလေးမြို့က ၆ နှစ်အရွယ် မိန်းကလေးတဦးဟာ ဖခင်ရင်ခွင်ထဲမှာပဲ ဝမ်းဗိုက်ကို ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာလည်း ပါဝင်ပါတယ်။

ကလေးတွေဟာလည်း လူကြီးတွေနဲ့မခြားနေ့စဉ်နဲ့အမျှ အကြမ်းဖက်ခံရတယ်၊ ပရမ်းပတာ ပစ်ခတ်ခံရတယ်၊ တမင်တကာ ဖမ်းဆီးခံနေကြရတယ်၊ မိဘတွေနဲ့ မွေးချင်းတွေ အခုလို ဖြစ်ပျက်သမျှကိုလည်း မြင်တွေ့နေကြရတယ်လို့ CRC ဥက္ကဋ္ဌ Mikiko Otani က ပြောပါတယ်။

မြန်မာပြည်တွင်း လုံခြုံရေးတပ်ဖွဲ့တွေက ဆေးရုံတွေ၊ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို သိမ်းပိုက်၊ တပ်စွဲထားကြောင်း ကုလလူ့အခွင့်အရေးအဖွဲ့ရုံးက ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေကို လက်ခံရရှိထားတယ်လို့ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်းက ကလေးငယ် ၁ သန်းဟာ မလွဲမသွေထိုးရမယ့် ကာကွယ်ဆေးတွေ မထိုးရကြောင်း ၊ အလွန်အမင်း အာဟာရဓာတ်ချို့တဲ့နေကြတဲ့ ကလေး ၄၀,၀၀၀ ကျော်ဟာလည်း ကုသမှုမရကြတော့ကြောင်း CRC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖြစ်နေတဲ့ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ချက်ခြင်းအရေးယူ ဆောင်ရွက်ရေး တောင်းဆိုထားပြီး ကလေးတွေရဲ့အခွင့်အရေးတွေကို အစွမ်းကုန် ကာကွယ်ပေးဖို့နဲ့ မြှင့်တင်ပေးရေး ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/myanmar-children-generation-military-coup-covid-/5968416.html

မြန်မာ့အကျပ်အတည်း ကလေးငယ်မျိုးဆက်တခုလုံး ထိခိုက်နိုင်ကြောင်း CRC သတိပေး မြန်မာ့အကျပ်အတည်း ကလေးငယ်မျိုးဆက်တခုလုံး ထိခိုက်နိုင်ကြောင်း CRC သတိပေး Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.