သောင်ရင်းမြစ်ရေလျှံလို့ မြဝတီမြို့က လူလေးထောင်ကျော် အိုးအိမ်စွန့်ခွာရ


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် သောင်ရင်းမြစ်အနီးမှာရှိတဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေထဲကို ဇူလိုင် ၂၆ ရက် ညပိုင်းကစပြီး သောင်ရင်းမြစ်ရေတွေ အလုံးအရင်းဝင်ရောက်လာပြီး လူနေအိမ်တော်တော်များများ နစ်မြုပ်ကုန်တာကြောင့် အရပ်သား ၄၀၀၀ ကျော်ဟာ အိုးအိမ်တွေကို စွန့်ခွာလိုက်ရတယ်လို့ ကူညီကယ်ဆယ် ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

ရေကြီးမှုကနေ တိမ်းရှောင်နိုင်ခြင်းမရှိသေးဘဲ နေအိမ်တွေထဲပိတ်မိနေတဲ့ လူအများအပြားရှိနေတုန်းပဲဖြစ်ပြီး လာကယ်ဆယ်မယ့်သူတွေကို စောင့်မျှော်နေကြတယ်လို့ မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ငလုံးလဖယ်လမ်း နေအိမ်အပေါ်ထပ်မှာ ပိတ်မိနေတဲ့ မဇွန်ပွင့်အောင် က ပြောပါတယ်။

"မိသားစုတော်တော်များများကတော့ ဒုက္ခရောက်နေကြတယ်၊ မြဝတီမှာ အခြေခံလူတန်းစားက ပိုများတဲ့ အတွက် ပိုပြီးဒုက္ခရောက်တယ်။ အိမ်တွေက အကုန်လုံးအောက်ထပ်တွေမြုပ်နေတယ်၊ အပေါ်ထပ်တွေမှာ ညီမတို့နေနေရတယ်။ တော်တော်များများက စာသင်ကျောင်းတွေပေါ်မှာ တက်နေရတယ်။ ထမင်းစားဖို့ လာဝေတဲ့သူက ဝေတာပေါ့။ တချို့နေရာတွေကို မဝေနိုင်လို့ အခက်အခဲတွေရှိတယ်။ အိမ်မှာက မိသား စုဝင် ခုနစ်ယောက်ရှိတယ်။ ခုနစ်ယောက်လုံး အိမ်ပေါ်ထပ်မှာပဲ။ ပြီးတော့ အခြားမိသားစုတွေကလည်း သူတို့အိမ်အပေါ်ထပ်တွေမှာရှိနေတယ်။ လှေလာတာကိုစောင့်ပြီး ပြောင်းကြဖို့ လုပ်နေတယ်"

မြဝတီမြို့ရပ်ကွက် (၁) ၊ (၂)၊ (၃) နဲ့ အမှတ်(၅) ရပ်ကွက်တွေမှာ ရေကြီး နစ်မြှုပ်မှုတွေကြုံတွေ့နေတဲ့ နေအိမ် အတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ပြီး ကုန်းမြင့်ပိုင်းကနေရာအချို့မှာ ယာယီခိုလှုံနိုင်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိအချိန်အထိ နေအိမ်တွေထဲ ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်နေရဆဲဖြစ်ပြီး၊ ရေဘေးဒုက္ခကြောင့် အိုးအိမ်စွန့်ခွာရသူ အနည်းဆုံး ၄၀၀၀ ကျော်ရှိမယ်လို့ မြဝတီမြို့ Z-RESCUE အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဇော်ဇော် က ပြောပါတယ်။

"ရပ်ကွက်တွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေကို ကယ်ဆယ်ရေးစခန်း ယာယီလုပ် လိုက်ရတာပေါ့။ ဒီနေ့မနက်မှာ ထပ်ပြောင်းနေတယ်။ အခုထိပြောင်းနေတုန်းပဲ။ သူတို့က ညတုန်းက လှေအခက်အခဲရှိလို့ ကျန်ခဲ့တာပေါ့။ ဒီမနက်ကျတော့ လှေတွေနဲ့ ပြန်ကယ်ထုတ်နေရတာ တော်တော် တေ့ာများလာပြီ။ ၄၀၀၀၊ ၅၀၀၀ လောက်တော့ ရှိမယ်ထင်တယ်"

ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ဖို့ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ အရေးတကြီးလိုအပ်နေတဲ့ အခုလို အချိန်မှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်ရင်း အစုလိုက်အပြုံလိုက် နေထိုင်နေရတာကြောင့် နောက်ဆက်တွဲရင်ဆိုင်ရမယ့် ကပ်ရောဂါအခြေအနေဟာ ပိုပြီးဆိုးဝါးလာဖွယ် ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း ဇူလိုင် စတုတ္ထပတ်ကစလို့ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဇူလိုင် ၂၇ ရက်နေ့အထိ အိမ်ထောင်စု ၂၀၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့နေရတယ်လို့ မော်လမြိုင် လူမှုကယ်ဆယ် ရေးအသင်း ဥက္ကဋ္ဌ ကိုမိုးဇော် က ပြောပါတယ်။

"မြှုပ်တာက သီရီမြိုင်တို့၊ ဇေယာမြိုင်တို့၊လှိုင်တို့၊ ရွှေပြည်အေးတို့၊ သာယာအေးတို့၊ ဇေယျာသစ်တို့ ဘက်ခြမ်းဆိုတော့ တော်တော်တော့များတယ်။ သီရိမြိုင်မှာတင် အိမ်ထောင်စု ၁၀၀၀ လောက်ရှိမယ်။ ကျွန်တော် ထမင်းထုတ် ၁၀၀၀ ဝေတာတောင် မလောက်ဘူးဖြစ်နေတယ်။ လောလောဆယ် ကျွန်တော် ခန့်မှန်းတာက မော်လမြိုင်တစ်မြို့လုံး မြုပ်တဲ့အနေအထားဆိုတော့ အိမ်ထောင်စု ၂၀၀၀ လောက်တော့ ရှိမယ်"

ရခိုင်ပြည်နယ် သံတွဲမြို့မှာလည်း ဒီကနေ့ဇူလိုင် ၂၇ ရက်မနက်ပိုင်းကစပြီး ရေကြီးခဲ့တာကြောင့် သံတွဲမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၅)၊ (၆) နဲ့ အမှတ်(၇) ရပ်ကွက်တွေက လူနေအိမ်တွေ ရေနစ်မြုပ်ကုန်တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အဲဒီရေနစ်မြှုပ်မှုကြောင့် အိမ်ထောင်စု ၂၀၀ ကျော်ကို ကုန်းမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာနေရာတွေကို ရွှေ့ပြောင်းနေပေးနေတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ မြန်မာပြည်အောက်ပိုင်းက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသတွေအတွင်း ဇူလိုင်လ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ၃ ရက်အတွင်း ရေဘေးဒုက္ခ ခံစားရသူ တစ်သောင်းကျော်ရှိလာပြီလို့ ဒေသအသီးသီးက ကူညီကယ်ဆယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

RFA Burmese

(ရေကြီးနေတဲ့ မော်လမြိုင်မြို့ကို ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဥ်) Photo CJ


သောင်ရင်းမြစ်ရေလျှံလို့ မြဝတီမြို့က လူလေးထောင်ကျော် အိုးအိမ်စွန့်ခွာရ သောင်ရင်းမြစ်ရေလျှံလို့ မြဝတီမြို့က လူလေးထောင်ကျော် အိုးအိမ်စွန့်ခွာရ Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.