အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ Photo: AFP

ကုလသမဂ္ဂအထွေထွေညီလာခံက နိုင်ငံ ၁၁၉ နိုင်ငံရဲ့ ထောက်ခံမဲနဲ့ ဇွန်လ ၁၈ ရက်ဒီကနေ့ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မှာ စစ်တပ် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီကို လက်နက်ရောင်းချခြင်း မပြုကြဖို့ တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က အခု ဆုံးဖြတ်ချက်ကို ကြိုဆိုပေမယ့် မိမိတို့မျှော်လင့်တာထက် အများကြီး အားနည်းနေတယ်လို့ ပြောပါတယ်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူက ဒီကနေ့ အခုလို ပြောကြားခဲ့တာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း က အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ NUG အစိုးရ ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံပြီး မြန်မာပြည်သူ တရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို လေးစားစေလိုကြောင်း၊ အခုဆုံးဖြတ်ချက်မှာ လက်နက်ရောင်းချမှု ပိတ်ပင်တဲ့ အချက် မပါဝင်ကြောင်း၊ မြန်မာစစ်တပ်ဟာ နိုင်ငံခြားကဝယ်ယူတဲ့ အမြောက်နဲ့ တခြားလက်နက်တွေကို သုံးပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်တဲ့အတွက် သူတို့ကို လက်နက်ရောင်းချပေးခြင်းအားဖြင့် သူတို့ကို စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် အချိန်ဟာ အင်မတန် အရေးကြီးကြောင်း၊ စစ်တပ်အာဏာ သိမ်းခဲ့ချိန်ကစပြီး အခုအချိန်အထိ ပြည်သူ ၉ဝဝ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်ကြောင်း၊ အာဏာသိမ်းမှု အဆုံးသတ်ရေးအတွက် ပြင်းထန်စွာ အရေးယူဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကပင် မိမိတင်ပြ တောင်းဆိုခဲ့ကြောင်း၊ တကယ်လို့သာ အချိန်မီပြတ်ပြတ်သားသား အရေးယူခဲ့မယ်ဆိုရင် အခုလို ပြည်သူ ၈ဝဝ ကျော်သတ်ဖြတ်ခံရမှုတွေကိုတားဆီးနိုင်ခဲ့မှာဖြစ်ကြောင်း၊ မည်သည့်နိုင်ငံကမျှ အာဏာသိမ်းစစ်ကောင်စီနဲ့ မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီမှုမပေးသင့်ကြောင်း၊ အဲဒီလို ဆက်လက်ကူညီမယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် လူမဆန်ရက်စက်မှုတွေ စစ်တပ်က ဆက်လက်ကျူးလွန်အောင် အားပေးရာကျမှာဖြစ်ကြောင်းလည်း သံအမတ်ကြီးကထောက်ပြပြောဆိုခဲ့ပါတယ်။

နောက်ဆုံးအချက်အဖြစ် စစ်တပ်ရဲ့ လူမဆန်ရက်စက်မှုတွေကို တားဆီးဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ခိုင်မာပြတ်သားတဲ့ အရေးယူမှုတွေကို ချက်ခြင်းလုပ်ဆောင်ဖို့လိုအပ်နေပြီ ဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာပြည်ရဲ့ လက်ရှိ ပဋိပက္ခကို အလေးအနက် လေ့လာဆန်းစစ်ကာ အာဏာသိမ်းစစ်ကောင်စီအပေါ် အပြင်းထန်ဆုံးနဲ့ ခိုင်မာထိရောက်မှုအရှိဆုံး အရေးယူမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က အထွေထွေညီလာခံမှာ ဒီကနေ့ ပြောကြားသွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/un-assembly-myanmar-military-coup-06182021192050.html

အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း  အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း Reviewed by THITHTOOLWIN on 06:43 Rating: 5

No comments:

Powered by Blogger.