ကနီ နယ်တိုက်ပွဲမှာ ပျောက်နေတဲ့ PDF တစ်ဦး အလောင်းပြန်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းလက်ပံစုရွာ အနီး မေလ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးရဲ့ အလောင်းကို ဒီကနေ့ မေလ ၂၇ ရက်နေ့ မှာ ပြန်တွေ့ခဲ့တယ်လို့ ကနီဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးခဲ့သူဟာ လက်ပံစုရွာက မောင်တင်ထူးနိုင် (ခ)ပွားပွား အသက် ၂၃ နှစ်ဖြစ်ပြီး လက်နက်ကြီးတွေ ကျခဲ့တဲ့နေရာ ကိုသွားရှာရာမှာ အလောင်းကို တွေ့ခဲ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။

မေလ ၂၅ ရက်က တိုက်ပွဲ ဖြစ်ပွားတာ အနည်းဆုံး ၃ ကြိမ်ခန့်ရှိပြီး တော့ စစ်ကောင်စီတပ်တွေဘက်ကလည်း သေဆုံးသူတွေရှိတယ်လို့ ပြောပါတယ်။

စစ်ကောင်စီ ဘက်ကတော့ ဒီရက်ပိုင်း ကနီနယ်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြွေပိုင်းတောင်အနီးဖြစ်ပြီးတော့ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ချင်းတွင်းမြစ်ဘေးက ကင်းရွာ ဘုန်းကြီးကျောင်းမှာလည်းစစ်ကောင်စီတပ်တွေ ရောက်ရှိတပ်စွဲနေပြီးတော့ ရွာခံတွေက တော့ ရွာလုံးကျွတ်တိမ်းရှောင်နေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ကနီ နယ်တိုက်ပွဲမှာ ပျောက်နေတဲ့ PDF တစ်ဦး အလောင်းပြန်တွေ့ ကနီ နယ်တိုက်ပွဲမှာ ပျောက်နေတဲ့ PDF တစ်ဦး အလောင်းပြန်တွေ့ Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.