ရန်ကုန်စက်မှုဇုံထဲက စက်ရုံတွေ ပြန်ဖွင့်နေ

မှတ်တမ်းဓါတ်ပုံ-၂၀၂၀ မေလ ၈ ရက်နေ့တုန်းက တွေ့ရတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားမျာ

စစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် ခေတ္တပိတ်ခဲ့တဲ့ ရန်ကုန်တိုင်းစက်မှုဇုံထဲက စက်ရုံတော်တော်များများ အခုပြန်ဖွင့်နေကြပါပြီ။ ဆန္ဒပြပွဲတွေကြောင့် ကိုယ့်နေရပ်ပြန်သွားကြတဲ့ စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှာ စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုရန်နိုင် ကတင်ပြပါမယ်။

စစ်အာဏာသိမ်းခဲ့ပြီးနောက် ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ချိန်မှာ သွားလာရေးအခက်အခဲ၊ လုံခြုံရေးအခြေအနေတွေကြောင့် ရန်ကုန်စက်မှုဇုံမှာ အလုပ်လုပ်ကြတဲ့ စက်ရုံလုပ်သား အများအပြား သူတို့ နေရပ်မြို့တွေဆီ ပြန်သွားခဲ့ကြပါတယ်။ အများအားဖြင့် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကနေ လာပြီးအလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။ ခုလိုစက်ရုံအလုပ်သမား ဦးရေ အင်အားလျော့သွားပေမဲ့ ပုဂ္ဂလိကပိုင် စက်ရုံအများစုကတော့ ရှိတဲ့ အလုပ်သမားတွေနဲ့ လုပ်ငန်းတွေကို ပြန်လည်ပတ်နေကြပါတယ်။ အလုပ်ပြန်ဆင်းဖို့ ခက်ခဲတဲ့ ရပ်ဝေးနဲ့ ရန်ကုန်မြို့နယ်တချို့က အလုပ်သမားတွေကိုတော့ တချို့စက်ရုံတွေက လက်တလောမှာ လစာမဲ့ခွင့်ပေးထားကြပါတယ်။ အဓိကရုဏ်းတွေကြောင့် စက်ရုံတွေပိတ်ထားတဲ့ တလနီးပါးအတွက်လည်း အလုပ်သမားတွေက လစာ မရခဲ့ကြပါဘူး။

အလုပ်ပြန်ဆင်းနေတဲ့ လှိုင်သာယာ အထည်ချုပ် အလုပ်သမား တဦးကတော့ လုပ်ငန်းခွင် အခြေအနေကို အခုလိုပြောပါတယ်။

“လက်တလော ပြန်ဆင်းတဲ့ အခြေအနေကတော့ ဖယ်ရီကား အပို့အကြိုနဲ့ ပို့ပေးတယ်၊ ဖယ်ရီကားမရှိလို့ လမ်းတွေပိတ်နေတဲ့ နေရာတွေကျတော့လည်း တောင်ဒဂုံဘက်တွေဘာတွေ ခွင့်ပေးထားတယ်။ နယ်ပြန်တဲ့သူတွေတော့ ပြန်မလာဘူးပေါ့ ခွင့်ပေးထားတယ်လေ။ အရင်တုန်းကဆိုရင် အကုန်လုံးပေါင်းကို လူက ၁၀၀၀၀ ရှိတာ အခုဆိုရင် ၄၀၀၀ လောက်ပဲ အကုန်လုံး ( စက်ရုံတခုလုံး) စုစုပေါင်း။ ထက်ဝက်လောက် ကျသွားတယ်။”

စက်ရုံအများစုကတော့ သင်္ကြန်မတိုင်ခင် ခွင့်နှစ်ပတ်ပေးဖို့ စီစဉ်ထားပါတယ်။ အဓိကအားဖြင့် လုံခြုံရေးကြောင့် ပြန်သွားကြတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ ညှိနှိုင်းပြီး ပြန်သွားတာမျိုး မဟုတ်လို့ အလုပ်ပြန်ဝင်တဲ့အခါမှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှာကို စိုးရိမ်နေကြတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူ ဒေါ်နိုင်နိုင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“ ပုံမှန်လည်ပတ်နေတဲ့ စက်ရုံတွေက ပြန်သွားတဲ့အလုပ်သမားတွေက သူတို့တွေအနေနဲ့ စက်ရုံပိုင်ရှင်နဲ့ ဘယ်လိုညှိခဲ့လဲ၊ အလုပ်သမားတွေက ဗြုန်းစားဒိုင်းစားကြီးကို တပတ်အတွင်းမှာကို ပျောက်ပျောက်သွားတာ၊ ကျမတို့ ဖြစ်စေချင်တာက ဒီဘက်မှာ သေချာရေရာတဲ့ တောင်းဆိုချက်တွေ ညှိနှိုင်းချက်တွေ မလုပ်သွားတဲ့အခါကျတော့ သူတို့ပြန်လာတဲ့အခါကျ လုပ်ငန်းရှင်တွေက အလုပ်ထုတ်ပစ်တာတို့ ပိုက်ဆံမရတာတို့။ ကျမတို့ ရှင်းတဲ့အခါကျတော့ လုပ်ငန်းရှင်လက်က သူ့တို့ဖာသာ သူတို့သဘောနဲ့ ပြန်သွားတာလေလို့ ပြောတယ်။ အိမ်ကလာခေါ်တယ်လို့ နေရပ်ကို ပြန်ပို့လို့ ပြန်သွားတယ်တို့ဆိုရင် နောက်ကွယ်မှာ အလုပ်သမားရဲ့ ရပိုင်ခွင့်တွေက ဆုံးရှုံးတာတွေရှိတယ်။"

ရန်ကုန်တတိုင်းလုံး အတိုင်းအတာနဲ့ဆိုရင် အဓိကရုဏ်းကာလမှာ နေရပ်ပြန်သွားတဲ့ စက်ရုံအလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ အလုပ်သမား သမဂ္ဂတွေက ခန့်မှန်းပါတယ်။ ကိုဗစ်ကာလကတည်းက အလုပ်ရှင် အလုပ်သမား နှစ်ဘက်လုံး အထိနာခဲ့ပြီး အခုလိုနိုင်ငံရေး မတည်ငြိမ်တဲ့အခြေအနေမှာ အလုပ်သမားတွေပိုပြီး နစ်နာနေကြောင်း အလုပ်သမား စွမ်းအားစုအဖွဲ့ တာဝန်ရှိသူ စိုင်းအောင်ခမ်းက ပြောပါတယ်။

အရင်က ပုံမှန်ရှိနေတဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဒီသုံးပွင့်ဆိုင် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားက လက်ရှိမှာရပ်နေပြီး ဒါကို အခွင့်ကောင်းယူပြီး အလုပ်သမားအခွင့်အရေး အပြည့်အဝ မပေးချင်တဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ ရှိနေကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။

“ တလမှ ၁၅ ရက်လောက်ပဲဆင်းရတယ်၊ ၁၅ ရက်ပဲလုပ်ခရတယ်ပေါ့နော် အဲလိုပုံစံမျိုးတွေနဲ့ ကိုဗစ်ကာလမှာ ဖြတ်သန်းခဲ့ရတာ အလုပ်သမားတွေက။ ဆိုတော့ ဒီဘက်ကာလမှာ နိုင်ငံရေး အပြောင်းအလဲနဲ့ဆိုတော့ ပိုပြီးကျပ်တည်း လာတာပေါ့ အလုပ်သမားတွေက။ နယ်ပြန်ပေမဲ့လည်း ဘာမှအလုပ်အကိုင် မရှိဘူး။ ပေပြီးဒီမှာနေကြတဲ့ သူတွေလည်း ရှိတယ်ပေါ့၊ လက်ရှိကတော့ ဘာပဲဖြစ်ဖြစ် စားဝတ်နေရေး တအားခက်ခဲတဲ့ သူတွေလောက်ပဲ ကျန်နေတဲ့ပုံစံ ရှိတာပေါ့။ အဲဒီအခြေအနေမျိုးမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စမျိုးတွေ ကြုံလာရင်လည်း တိုင်ကြားရမယ့် ယန္တရားတွေက လက်ရှိကာလမှာ မလည်ပတ်နိုင်ဘူးပေါ့။ အဲဒီလိုဖြစ်တော့ အလုပ်သမားတွေ ပိုပြီးထိခိုက်နစ်နာတယ်။”

မင်္ဂလာဒုံစက်မှုဇုံထဲက ဝန်ထမ်းအင်အား ၈၀၀၀ လောက်ရှိတဲ့ နိုင်ငံခြားသားပိုင် အမျိုးသမီး လက်ကိုင်အိတ်ချုပ်တဲ့ စက်ရုံတခုမှာ အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ စက်ရုံကို ဒီနေ့ကစပြီး ပိတ်ဖို့ပြင်ဆင်နေတာကြောင့် အလုပ်ရှင်၊ အလုပ်သမားကြား အငြင်းပွားနေကြောင်းလည်း သူကပြောပါတယ်။ 


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-factory-reopen-during-military-coup-/5838754.html

ရန်ကုန်စက်မှုဇုံထဲက စက်ရုံတွေ ပြန်ဖွင့်နေ ရန်ကုန်စက်မှုဇုံထဲက စက်ရုံတွေ ပြန်ဖွင့်နေ Reviewed by THITHTOOLWIN on 03:54 Rating: 5

No comments:

Powered by Blogger.