စစ်အာဏာရှင်ဆန့်ကျင်ရေး “ဘူး”သပိတ်စတင်

မန္တလေး စက်မှု စုပေါင်းသပိတ် ဧပြီ ၂၆၊ ၂ဝ၂၁ (ဓါတ်ပုံမှတ်တမ်း CN)

အာဏာသိမ်း နစက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရေး ဘူးသပိတ်ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ဒီနေ့ စတင်လိုက်ကြပါတယ်။ မီတာခ မဆောင်တာ၊ ကျောင်းပြန်မတက်တာ စတဲ့လုပ်ရပ်တွေနဲ့ ဘူးသပိတ်မှာ ပြည်သူတွေ ပါဝင်ကြဖို့ ဆန္ဒပြခေါင်းတောင်တွေက တိုက်တွန်းနေကြပါတယ်။ ဘူးတလုံးဆောင်ပြီး အရေးတော်ပုံအောင်ရမယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦး ကတင်ပြပါမယ်။

အာဏာသိမ်း နစက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရေး ဘူးသပိတ်ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ဒီနေ့ စတင်လိုက်ကြပါတယ်။

မီတာခ မဆောင်တာ၊ ကျောင်းပြန်မတက်တာ စတဲ့လုပ်ရပ်တွေနဲ့ ဘူးသပိတ်မှာ ပြည်သူတွေ ပါဝင်ကြဖို့ ဆန္ဒပြခေါင်းတောင်တွေက တိုက်တွန်းနေကြပါတယ်။

ဘူးတလုံးဆောင်ပြီး အရေးတော်ပုံအောင်ရမယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကတင်ပြပါမယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီက ဖိနှိပ် နှိမ်နှင်းနေသလို ကန့်ကွက်မူတွေဖက်ကလည်း တတ်နိုင်တဲ့နည်းနဲ့ ဆက်လက် ဆန့်ကျင်နေကြတာမှာ စစ်ကောင်စီရဲ့ ယန္တရားတွေ မလည်ပတ်နိုင်အောင် အာဏာဖီဆန်တဲ့ ဘူးသပိတ်လှုပ်ရှားမှုကို ဒီနေ့မှာ စတင်လိုက်ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အရှိန်မြှင့်လိုက်တာနဲ့ပါတ်သက်လို့ မုံရွာမြို့က သပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုဝင်းဇော်ခိုင်က ဗီအိုအေကို ခုလိုပြောပါတယ်။

“ အဓိကတော့ တစ်နိုင်ငံလုံးအနေနဲ့ ဖက်ဆစ်စစ်ကောင်စီရဲ့ ယန္တရား မှန်သမျှကို ရိုက်ချိုးဖို့အတွက် အာဏာဖီဆန်ရေး သပိတ်တွေဟာ အားပါလာအောင် အပြင်းထန်ဆုံး တိုးမြင့်ဆောင်ရွက်လိုက်တာပါပဲ။ နေ့စဉ်နေ့တိုင်း ဒီအကြမ်းဖက် စစ်အုပ်စုရဲ့ အမိန့်မှန်သမျှကို မနာခံဘူး မလိုက်နာဘူး။ ဆိုတဲ့ ဖီဆန်တဲ့ သပိတ်တွေဟာ အမြို့မြို့ အနယ်နယ် တိုင်းမှာ စတင်ကျင်းပနိုင်ဖို့အတွက် ကျနော်တို့ callကို စတင်ပြီးတော့ ခေါ်လိုက်တာ ဖြစ်ပါတယ်။”

ဘူးသပိတ်ဆိုတာဘာလဲဆိုတာကိုလည်း သူက ခုလိုရှင်းပါတယ်

“ အဓိကတော့ ကျနော်တို့ သုံးစွဲလိုက်တဲ့ ငွေကြေးတွေ ပေးဆောင်ရတဲ့ အခွန်ခတွေ လူသတ်စစ်တပ်အတွက် ကျည်ဆံဖို့ ဖြစ်လို့မရဘူး။ လက်နက်တွေ ဖြစ်မသွားအောင်လည်း စစ်တပ်ထုတ်ကုန်တွေကို မသုံးဖို့ နောက် ပြည်သူလူထုကို အုပ်ချုပ်လို့ မရစေရဘူး။ စစ်ကောင်စီကပေးတဲ့ ပညာရေး စစ်ကောင်စီကပေးတဲ့ ဘွဲ့ ။ စစ်ကောင်စီကပေးတဲ့ အခွင့်အရေး စတာတွေကို လက်မခံဘူးပေါ့။ရုံးမသွားဘူးဆိုတဲ့ CDMပြီးသွားတဲ့နောက် ကျနော်တို့ ပြည်သူလူထုကြီးရဲ့ အလှည့်ကို ရောက်လာပြီပေါ့နော်။ စစ်အာဏာရှင်ပြုတ်ကျဖို့ အတွက် ကျနော်တို့က ဒီဘူးသပိတ်ကို စတင်ပြီးတော့ အကောင်အထည် ဖော်လိုက်တာလည်းဖြစ်ပါတယ်ခင်မျာ။ ”

သူတို့က ကျောင်းမတက်ကြဖို့ ဆော်သြနေချိန်မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတချို့ကလည်း စစ်အာဏာရှင်တွေကို မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ ကျောင်းပြန်မတက်ဘူးလို့ပြောနေကြပါတယ်။ အဲဒီထဲမှာ တယောက်ပါတဲ့ မုံရွာ တက္ကသိုလ်မှာ အင်္ဂလိပ်စာ ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူတစ်ဦးက သူ့ရဲ့ သဘောထား ရပ်တည်ချက်ကို ခုလိုပြောပါတယ်။

“ ညီမက ကျောင်းသူ တစ်ယောက်ပါ။ ညီမတို့ အနေနဲ့က ဒီဘူးသပိတ်က အများကြီးထိ ရောက်တယ်လို့ ယူဆတယ်။ ဘာလို့လည်း ဆိုတော့ ညီမတို့ ပညာရေးမှာ ဆိုလို့ရှိရင် CDM နှစ်မျိုးလုပ်လို့ ရတာပေါ့နော်။ ကျောင်းသားတွေဖက်က CDMလုပ်လို့ ရသလို ဆရာတွေဖက်ကလည်း CDMလုပ်လို့ရတယ်။ ဆရာတွေဖက်ကလည်း သူတို့ CDM လုပ်ကြတယ်။ တကယ်လို့သာ သူတို့ CDM မအောင်မြင်ဘူးဆိုရင် ညီမတို့ ကျောင်းသားတွေရဲ့ CDMက အောင်မြင်လို့ရပါတယ်။ ကျောင်းသားကျောင်းသူတွေသာ ကျောင်းမတက်ဘူးဆိုလို့ရှိရင် အစိုးရလည်ပတ်နေတဲ့ ပညာရေး စနစ်ကြီးဟာ ရပ်တန့်သွားမယ်။ ရပ်တန့်သွားမယ်ပေါ့နော်။ အဲတာကြောင့် ညီမတို့ ကျောင်းသား ကျောင်းသူတွေက ဘူးသပိတ်မှာ ပါဝင်ကြတာဖြစ်တယ်။ ကျောင်းသားကျောင်းသူတွေ အများကြီး ပါဝင်တဲ့ အတွက် ဒီဘူးသပိတ်ဟာ လည်ပတ်နေတဲ့ ပညာရေး စနစ်တစ်ခုလုံးရပ်တန့်သွားဖို့ အတွက် အထောက်အကူပြု လိမ့်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

စစ်ကောင်စီရဲ့ ယန္တရား မလည်ပတ်နိုင်အောင် အာဏာဖီဆန်တဲ့ ဘူးသပိတ်မှာ ပါဝင်တဲ့ ရန်ကုန်မြို့ခံတယောက်ကလည်း သူဘယ်လိုနည်းနဲ့ ပါဝင်မယ်ဆိုတာ ခုလို ပြောပါတယ်။

“ မီးတာမဆောင်ဘူးပေါ့ ။ မီတာမဆောင်တာရယ် နောက်ပြီးတော့ အခုကျောင်းတွေ ပြန်ဖွင့်ရင် ကလေးတွေကတော့ ကျောင်းမသွားဘူးပေါ့။ မိဘကိုယ်တိုင်ကလည်း ကျောင်းမလွတ် တော့ဘူး။ သူတို့ ကိုယ်တိုင်ကလည်း ကျောင်းမသွားတော့ဘူးလို့ ပြောတယ်။ အဓိက ပါဝင်ဖြစ်တာက စစ်ကောင်စီဟာ သူတို့လုပ်မယ့် ယန္တယားတွေ မလှည်ပတ်နိုင်အောင်ပေါ့နော်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ CDMမျိုးစုံရှိတယ်လေ အဲလို ပါဝင်ဖြစ်တာပါ။”

ဘူးတလုံးဆောင် အရေးတော်ပုံအောင်ဆိုတဲ့ ဘူးသပိတ်လှုပ်ရှားမှုသစ်ကို ခုလို ရန်ကုန်၊ မုံရွာအပြင် မြန်မာနိုင်ငံအနှံ့ တခြားမြို့တွေမှာလည်း လုပ်နေကြပါတယ်။

လမ်းပေါ်ထွက် ချီတက်ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေချိန်မှာ ပြည်သူအများက သူတို့ရဲ့ စစ်အာဏာရှင်အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့ သဘောထားတွေကို ခုလို သပိတ်မှောက်ပြီး ပြသနေကြတာဖြစ်ပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/non-coperation-movement/5866959.html

စစ်အာဏာရှင်ဆန့်ကျင်ရေး “ဘူး”သပိတ်စတင် စစ်အာဏာရှင်ဆန့်ကျင်ရေး “ဘူး”သပိတ်စတင် Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.