NLD အစိုးရကို တရားဝင် အသိအမှတ်ပြုဆဲ (ကန်နိုင်ငံခြားရေးပြောခွင့်ရ)

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price

မြန်မာ့ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို နောက်ထပ် ဒဏ်ခတ် အရေးယူဖို့ ရှိကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က တနင်္လနေ့မှာ ပြောပါတယ်။ လူတွေ သေဆုံးရမှုဟာဆိုရင်လည်း စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ အပေါ် ပိုပြီး ဖြိုခွဲမှုရဲ့ ရလဒ် ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က တနလာင်္နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“စစ်အာဏာသိမ်းမှု၊ နောက် အခု နောက်ဆုံး ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွက် တာဝန်ရှိသူတွေကို နောက်ထပ် အရေးယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် ရက်ပိုင်းတွေ အတွင်း ပိုပြီး ထုတ်ပြန်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း” အိမ်ဖြူတော် ပြောခွင့်ရက ပြောခဲ့တာပါ။

အရပ်သား ခေါင်းဆောင်တွေကို ဖမ်းပြီး အာဏာယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန်က သတ်မှတ်ထားပြီး စစ်တပ်ဘက်က အာဏာစွန့်ဖို့ ပြောဆိုထားတာပါ။ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ နောက် စီးပွားရေး လုပ်ငန်းတွေကိုပါ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ထားပါတယ်။

မြန်မာ စစ်တပ် အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်မအပ်ဘဲ ဒီအတိုင်း ဆက်လုပ်နေမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နေမယ်ဆိုရင်တော့ အမေရိကန် အစိုးရဘက်က ထပ်မံ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က တနလာင်္နေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင်အခုအချိန်ထိတော့ NLD ကို မြန်မာ အစိုးရ အဖြစ် နိုင်ငံတကာ အသိအမှတ်ပြုထားဆဲ ဖြစ်ပါတယ်လို့ တနလာင်္နေ့က လုပ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာတော့ ပြောခွင့်ရ Ned Price က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/nld-myanmar-government-as-official-/5797637.html

NLD အစိုးရကို တရားဝင် အသိအမှတ်ပြုဆဲ (ကန်နိုင်ငံခြားရေးပြောခွင့်ရ) NLD အစိုးရကို တရားဝင် အသိအမှတ်ပြုဆဲ (ကန်နိုင်ငံခြားရေးပြောခွင့်ရ) Reviewed by THITHTOOLWIN on 07:47 Rating: 5

No comments:

Powered by Blogger.