ရခိုင်ပြည်နယ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ ဖမ်းဆီးအရေးယူခံရ



ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့တွေမှာ ပြီးခဲ့တဲ့လအတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ဖမ်ဆီးခံနေရသူတွေဟာ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်၊ မမြမြဝင်းနဲ့ ကိုအောင်ခိုင်မြင့်တို့ဖြစ်ပါတယ်။ သူတို့လေးဦးလုံးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ငြိမ်းစုစီဥပဒေတွေနဲ့ တရားစွဲဆိုထားတယ်လို့ ရှေ့နေ ဦးညွန့်မောင်က RFA ကိုပြောပါတယ်။

“ဒီနေ့မှာတော့ သံတွဲမှာ ရုံးထုတ်တယ်ပေါ့နော်။ အမှုကတော့ ဘေးစီမံနဲ့တစ်မှု စွဲတယ်။ နောက် ငြိမ်းစုစီနဲ့ တစ်မှု စွဲတယ်။ နှစ်မှုစွဲတင်တယ်။ စွဲတင်လိုက်တော့ ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ပဲ အမှုစွဲတင်တာပေါ့”

အမှုကို လာမယ့် မတ်လ ၈ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သံတွဲမြို့မှာ စစ်အာဏာသိမ်းမှုကို ဒေသခံတွေနဲ့အတူ ကန့်ကွက်ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ သူတို့လေးဦးကို စစ်တပ်ထဲမှာ ကနဦး ထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက်မှ ရဲစခန်းကို ဆက်လက်ပို့ဆောင်လိုက်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံရသူ မိသားစုဝင်တစ်ဦးက သူတို့နဲ့အခုချိန်ထိ တွေ့ခွင့်မပေးဘူးလို့ RFA ကိုပြောပါတယ်။

“ပထမ ဖမ်းဆီးပြီးပြီးချင်းမှာ တပ်ထဲမှာ သွားထားလိုက်တယ် ရဲတွေက။ ကျွန်တော်တို့ ဒီမှာက တပ်မနှစ်ခုရှိတယ်။ အဲဒီတပ်မနှစ်ခုမှာ ခွဲပြီးထားတယ်။ အဲလိုခွဲထားတော့ ကျွန်တော်တို့ပြည်သူတွေဘက်က လူကြီးတွေနဲ့လိုက်ပြီးတော့ တောင်းဆိုတဲ့အခါမှာ ရဲစခန်းမှာ ပြန်ခေါ်ထားခွင့်ရတယ်။ မိသားစုတွေနဲ့ လုံးဝတွေ့ခွင့်မပေးဘူး။ တွေ့ခွင့်တောင်းရင်လည်း အမြဲတမ်းငြင်းဆိုတယ်။ ပြီးတော့ သူတို့အရာရှိတွေက သူတို့လူကြီးပိုင်းတွေကနေပြောလို့ကြောင့် ဒီလိုမျိုးအမှုစွဲရတာပါ အဲလိုမျိုးတွေပြောတယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် ဟိုလိုပြောလိုက် ဒီလိုပြောလိုက်နဲ့ အများကြီး လှည့်ပတ်ပြီးတော့ တစ်ယောက်ပြောတာနဲ့ တစ်ယောက်ပြောတာ မညီတာတွေလည်းရှိတယ်”

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာလည်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ ကို အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုခဲ့လို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီဝင် တစ်ဦးနဲ့ တောင်ကုတ် ဒေသခံနှစ်ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

ALD ပါတီဝင် ဦးကျော်ကျော်လင်း၊ ကိုဇာနေထူးနဲ့ ကိုမင်းလှိုင်ထွန်းတို့ ဖမ်းဆီးခံလိုက်ရတာပါ။

သူတို့ကို ဆန္ဒပြနေစဉ်အတွင်းမှာပဲ ဖမ်းဆီးသွားတာဖြစ်ပြီး အခုလက်ရှိ တောင်ကုတ်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးခင်မောင်က RFA ကိုပြောပါတယ်။

“သူတို့ကိုတော့ တောင်ကုတ်မြို့နယ် ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့ သိရတယ်။ ရဲစခန်းက သူတို့ကို အမှုဖွင့်ပြီး ရမန်ယူမလား အာမခံပေးမလား ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်နေတယ်။ ငြိမ်း ချမ်းစွာဆန္ဒပြတာကို ဖမ်းတယ်ဆိုတာက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ဒါက နိုင်ငံသားတစ်ယောက်ရဲ့အ ခွင့်အရေးပဲလေ။ အဲဒီအခွင့်အရေးကို သူတို့က ချိုးဖောက်ပြီး ဖမ်းတယ်ဆိုတာက သဘာဝမကျတဲ့ကိစ္စပဲလေ”

အဲဒီတောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အခုလိုပဲ အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့လည်း ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အာဏာပိုင်တွေက အမှုဖွင့်ထားပါတယ်။

အလားတူ ရခိုင်ပြည်နယ် အမ်းမြို့မှာလည်း စစ်အာဏာသိမ်းမှုကိုကန့်ကွက်ဆန္ဒပြလို့ ဖမ်းဆီးခံနေရတဲ့ ဒေသခံ ၇ ဦးဟာ မြို့နယ်တရားရုံးမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ငြိမ်းစုစီပုဒ်မ-၁၉နဲ့ ဘေးစီမံဥပဒေပုဒ်မ- ၃၀(က) ပုဒ်မ နှစ်အခုအတွက် ငွေဒဏ် ရှစ်သောင်းစီ ချမှတ်ခံလိုက်ရပါတယ်။

အဲဒီဆန္ဒပြမှာပါဝင်ခဲ့တဲ့ မဝင်းချေနဲ့ မမိုင်ရတနာမိုးနိုင်တို့နှစ်ဦးကိုလည်း ရဲကဖမ်းဆီးဖို့ကြိုးစားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာယကံရှင်က ပြောပါတယ်။ မိမိရဲ့ဆန္ဒကို ငြိမ်းချမ်းချမ်းနဲ့ထုတ်ဖော်တာဖြစ်ပြီး အပြစ်မရှိတဲ့အတွက် အဖမ်းမခံနိုင်ဘူးလို့ တိမ်းရှောင်နေရတဲ့ မဝင်းချေက RFA ကိုပြောပါတယ်။

“သူတို့ဆီမှာတော့ ကျွန်မတို့က အဖမ်းမခံနိုင်ဘူး။ အပြစ်လုပ်တာလည်းမရှိဘူး။ မိမိရဲ့ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်း ထုတ်ဖော်တာ။ စစ်အာဏာရှင်ကို ကိုယ်မကြိုက်တဲ့အတွက် ကိုယ်ထုတ်ဖော်တာ။ ဒါကြောင့် အပြစ်မရှိတဲ့အတွက် ကျွန်မက အဖမ်းမခံနိုင်ဘူး”

စစ်တွေအခြေစိုက် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ကိုသန်းလှကတော့ အခုလို ဆန္ဒပြသူတွေ ဖမ်းဆီးတဲ့ကိစ္စအပေါ် လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။

“အခုက ဒီမိုကရေစီကို စစ်ကောင်စီကပေါ့လေ။ စစ်အာဏာရှင်က အာဏာသိမ်းသွားတဲ့အခါမှာ ပြည်သူတွေက စစ်အာဏာရှင်ကို အလိုမရှိဘူးပေါ့လေ။ အဲဒီအခါမှာ သူတို့အနေနဲ့ အလိုမရှိတဲ့အကြောင်းကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုတယ်။ ပြသတဲ့အပိုင်းတွေ ရှိကြတယ်ပေါ့။ အဲဒီနေရာမှာ အခုလိုမျိုးဖမ်းဆီးတာတို့ ဖြိုခွင်းတာတို့ တကယ့် အကြမ်းဖက်လုပ်ဆောင်တဲ့ ပုံစံမျိုးက ဒါက လူ့အသိုင်းအဝိုင်းက လက်မခံဘူးပေါ့လေ။ လက်ရှိအခြေအနေကို ကျွန်တော်တို့က လက်ခံနိုင်စရာ မရှိဘူးလေ”

ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ ဂွ၊ သံတွဲ၊ အမ်းစတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြရာကနေ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဟာ ၁၇ ဦးထက်မ နည်းရှိခဲ့ပါတယ်။

အဲဒီအထဲက ၇ ဦးဟာ ဒဏ်ငွေချမှတ်ခံရပြီး ပြန်လွတ်လာခဲ့ပြီ ဖြစ်ပေမယ့် ကျန် ၁၀ ဦးထက် မနည်းကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

RFA Burmese



ရခိုင်ပြည်နယ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ ဖမ်းဆီးအရေးယူခံရ ရခိုင်ပြည်နယ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ ဖမ်းဆီးအရေးယူခံရ Reviewed by THITHTOOLWIN on 07:42 Rating: 5

No comments:

Powered by Blogger.