စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံတဝန်း ဆက်လက်ဆန္ဒပြ



 ဧရာဝတီတိုင်း ပုသိမ်မြို့အမှတ် ၄ ရပ်ကွက် အမှတ် ၂၄ အခြေခံပညာ မူလတန်းကျောင်းရှေ့မှာ ဖေဖော်ဝါရီ ၂ဝ ရက် ဒီမနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ထိုင်သပိတ်လုပ်နေရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အခြေအနေတင်းမာခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့ ညှိနှိုင်းပြီးနောက် ထိုင်သပိတ်လုပ်နေတဲ့ လူအုပ်ကြီးက လူစုခွဲပေးလိုက်ပါတယ်။
ရန်ကုန်မြို့မှာတော့ ဒီကနေ့ကျရောက်တဲ့ ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဝတ်စုံတွေနဲ့ အလံတွေကို ဝှေ့ယမ်းပြီး လမ်းပေါ်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မြေနီကုန်းလမ်းဆုံမှာလည်း ဥပဒေနဲ့အညီ လမ်းပေါ်မှာ မူးလဲပြတဲ့ ထူးထူးခြားခြား လှုပ်ရှားမှု အပါအဝင် မျက်မမြင် လမ်းကူးတာ၊ ကြက်သွန်ကောက်တာစတဲ့ လှုပ်ရှားမှုတွေလည်း ဆက်ပြီး လုပ်ခဲ့ကြတာပါ။ 

ရန်ကုန် ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာတော့ ဒီမနက်ပိုင်းမှာ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး မနေ့က သေဆုံးသွားခဲ့တာပါ။ ရန်ကင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း TTC က ကျောင်းသားလေးတွေလည်း ဒီကနေ့ အမေရိကန်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒပြကြပါတယ်။ 

မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဒေသခံတွေနဲ့ ဈေးသူဈေးသားတွေ ပါဝင်တဲ့ သောင်းနဲ့ချီတဲ့လူတွေ ဆန္ဒပြကြပါတယ်။

မော်လမြိုင်မြို့ပေါ်က အစိုးရလွှတ်တော်ရုံးရှိတဲ့ သိပ္ပံလမ်းကိုတော့ လုံခြုံရေးဝန်ထမ်းတွေက ပိတ်ထားလိုက်ပြီး ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်မတွေ့ဘဲ တစ်ခြားလမ်းတွေဖက်ကိုရှောင်ပြီး လမ်းလျှောက် ဆန္ဒပြ ကြပါတယ်။

မော်လမြိုင်မြို့ ကမ်းနားလမ်းပေါ်က အခွန်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ် ၁ ရုံးရှေ့မှာ ဆန္ဒပြသူတွေက ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒပြနေကြပါတယ်။ စစ်အာဏာရှင်ကျဆုံးရေး၊ အစိုးရဝန်ထမ်းတွေ CDM မှာ ပါဝင်ရေး၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာလို့ ထိုင်သပိတ်မှာ ပါဝင်တဲ့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

မကွေးမြို့ပေါ်မှာလည်း ဒီကနေ့ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေဖြစ်တဲ့ အင်ဂျင်နီယာတွေ၊ မြန်မာ့သစ်လုပ်ငန်း၊ ကျန်းမာရေး၊ လျှပ်စစ် စတဲ့ ဝန်ထမ်းတွေနဲ့ ဒေသခံတွေ စုစုပေါင်း တစ်သောင်းကျာ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါ တယ်။

မနေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ မကွေးမြို့ပေါ်က ပြည်တော်သာလမ်း တလျှောက်လုံးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပိတ်ထားပါတယ်။ အဲဒီလမ်းတလျှောက်လုံးမှာ ပုဂ္ဂလိကဘဏ်တွေ၊ ဌာနဆိုင်ရာရုံးတွေလည်း ရှိတဲ့နေရာဖြစ်ပါတယ်။
မကွေးတက္ကသိုလ်ရှေ့မှာလည်း ဒီနေ့မနက်ပိုင်းက နေပြည်တော်ဆန္ဒပြပွဲမှာ သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပပြီး ဆန္ဒပြကြပါတယ်။ မကွေးတိုင်းထဲက မကွေး၊ စေတုတ္တရာ၊ မြိုင်၊ စလင်းနဲ့ ကံမ စတဲ့မြို့တွေမှာလည်း ဒေသခံပြည်သူတွေ သောင်းနဲ့ချီပြီး ဆန္ဒပြကြပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့မှာဆိုရင် ပြည်နယ်လုံးကျွတ် ဆန္ဒပြပွဲအနေနဲ့ ကျေးရွာတွေက ဒေသခံတွေကပါ မြို့ပေါ်တက်လာပြီး အင်အား ၃ သောင်းကျော် ဆန္ဒပြကြပါတယ်။ အစိုးရဌာနဆိုင်ရာတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ မြေစာရင်းဦးစီးဌာန စတဲ့ ဝန်ထမ်းတွေလည်း ဒေသခံတွေနဲ့ ပူးပေါင်းပါဝင် ဆန္ဒပြကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီအစိုးရက ဆန္ဒပြသူတွေကို တချို့မြို့နယ်တွေမှာ ဖြိုခွင်းတာတွေ၊ ရိုက်နှက် ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ညဘက်တွေမှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကို အကြောင်းပြုပြီး ဖမ်းဆီးတာတွေ ရှီနေပါတယ်။

အခုလို နှိမ်နင်းတာတွေ ရှိနေပေမဲ့  စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ ပြည်သူတွေက နေ့စဉ် လမ်းပေါ်ထွက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

RFA Burmese



စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံတဝန်း ဆက်လက်ဆန္ဒပြ စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံတဝန်း ဆက်လက်ဆန္ဒပြ Reviewed by THITHTOOLWIN on 00:33 Rating: 5

No comments:

Powered by Blogger.