"နှစ်" ငါးလုံး အထွေထွေသပိတ်လုပ်ဖို့ နှိုးဆော်နေ

ရန်ကုန် လှည်းတန်းအနီးက ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်ပြီး အာဏာသိမ်းယူထားတဲ့အပေါ် ဆန့်ကျင် ကန့်ကွက်မှုတွေ နိုင်ငံအနှံ့ မြို့တွေမှာ ဆက်လက်ရှိနေပါတယ်။ မနက်ဖြန်ကို ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်ဆင်နွှဲကြဖို့ ဆန္ဒပြသူတွေ ဆော်သြနေပြီး တနိုင်ငံလုံးက ဝန်ထမ်းတွေအားလုံး ပါဝင်ကြဖို့ တိုက်တွန်းနေပါတယ်။ City Mart လုပ်ငန်းပိုင် အစားအသောက်နဲ့ ကုန်ပစ္စည်းအရောင်းဆိုင်ကြီးတွေအားလုံးကို မနက်ဖြန်မှာ ပိတ်ထားမယ်လို့ City Mart Holding ကုမ္ပဏီက ကြေညာပါတယ်။ အလားတူ ဂမုန်းပွင့်ကုန်စုံဆိုင်အားလုံးကိုလည်း မနက်ဖြန်ပိတ်ထားမယ်လို့ ကြေညာထားပါတယ်။ ရန်ကုန်မြို့ ထဲက စျေးကြီးတွေနဲ့ စားသောက်ဆိုင်တွေကလည်း မနက်ဖြန်ပိတ်ထားမယ်လို့ စျေးဝယ်တွေကို အသိပေးထားပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့မှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားဆန္ဒပြမှုတွေ မြို့တော်တော်များများမှာ ဆက်လုပ်နေကြပါတယ်။

အကြမ်းဖက်ဖြိုခွင်းတာကြောင့် သေဆုံးသူတွေအတွက် မန္တလေးဆုတောင်းပွဲ (မှတ်တမ်းဓါတ်ပုံ)

မန္တလေးမြို့ သင်္ဘောကျင်းရှိရာ ကမ်းနားမှာ မနေ့က လုံခြုံရေးတပ်တွေ ပစ်ခတ်မှုကြောင့် နှစ် ယောက်သေဆုံးခဲ့ပေမဲ့ ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြသူအမြောက်အများ ဒီနေ့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကြပါတယ်။

"အရေးတော်ပုံ အောင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ သပိတ် သပိတ် မှောက် မှောက်။"

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးရေး၊ CDM လှုပ်ရှားမှုမှာ ပါဝင်ထောက်ခံရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြကြသူ အများအပြားကို မန္တလေးမြို့ လမ်းမတွေပေါ်မှာ မြင်ရပါတယ်။

ရန်ကုန်မြို့မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြမှု ပုံစံမျိုးစုံကို တွေ့မြင်ရပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူငယ်ကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ အိမ်ရှင်မတွေ၊ ဂီတနဲ့ဆန္ဒထုတ်ဖော်သူတွေ အမျိုးစုံရှိပါတယ်။

အိမ်ရှင်မတွေ ထိုင်သပိတ်မှောက်ပြီး သံပုံးတီး ဆန္ဒပြနေကြတဲ့အသံတွေဖြစ်ပါတယ်။ မြန်မာ့အရေးကမ္ဘာသိစေဖို့ ရည်ရွယ်ပြီး သံရုံးတွေရှေ့ လှည့်လည် ဆန္ဒထုတ်ဖော်နေကြသူတွေလည်းရှိပါတယ်။

မန္တလေးမြို့မှာ စနေနေ့က ပစ်ခတ်နှိမ်နင်းမှုအတွင်း ဆယ်ကျော်သက်တယောက်အပါအဝင် နှစ် ယောက်သေဆုံးခဲ့တဲ့ သတင်းကြားရပြီးနောက် ခုလို ဆန္ဒထွက်ပြဖို့ ပိုအရေးကြီးတယ်လို့ ဆန္ဒပြကြသူတွေက ပြောပါတယ်။

"သူတို့ ဒီနေ့တယောက် သတ်တယ်ဆိုရင် ကျနော်တို့က လူ ၁၀,၀၀၀ ပိုတိုးတယ်။ ဆန̔ပြမှုကို ပိုပိုတိုးတယ်။ ကျနော်တို့ကတော့ ရပ်တန့်မှာတော့ မဟုတ်ဘူး။ ဘာလို့ မရပ်တန့်လဲဆိုရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီကို ကျနော်တို့က ပန်းတိုင်ကို ဇွဲမလျှော့ဘဲနဲ့ ဆက်သွားမယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာကို ပြောပြချင်ပါတယ်။ ထိရောက်တဲ့ sanction အရေးယူမှုသာမကဘဲနဲ့ ပိုမို ထိရောက်တဲ့ ပြင်းပြင်းထန်ထန်အရေးယူမှုတွေ အမြန်ဆုံးလုပ်ပေးပါလို့ ကျနော် တောင်းဆိုချင်တယ်။"

သူတို့ဘက်က အကြမ်းမဖက် ဆက်ပြီး ဆန္ဒပြသွားမှာဖြစ်တယ်လို့ ဆန္ဒပြကြသူတွေက ပြောကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ဆန္ဒပြပြည်သူတွေအတွက် ဆုတောင်းပေးကြသူတွေလည်းရှိပါတယ်။

လမ်းမတွေပေါ်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ စာသားတွေ၊ ဒီမိုကရေစီတောင်းဆိုတဲ့ စာသားတွေကို စာလုံးကြီးတွေနဲ့ ရေးသား ဆန္ဒထုတ်တဲ့ မြို့တွေလည်း ပိုများလာတာ တွေ့နေရပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ဆန္ဒပြသူတွေ၊ CDM လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေသူတွေကို ဆက်လက်ဖမ်းဆီးနေပါတယ်။ ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်းကို နေအိမ်ကနေ စနေနေ့ ညဘက်က လာရောက်ဖမ်းဆီးသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဖမ်းဆီး၊ တရားစွဲ ထောင်ချခံထားရသူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ၅၂၃ ယောက်ရှိပါတယ်။ ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းတာကြောင့် လောလောဆယ်သိထားရသလောက် သေဆုံးသူ သုံး ယောက်ရှိပါတယ်။ 


VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest-22-2-2021/5786734.html

"နှစ်" ငါးလုံး အထွေထွေသပိတ်လုပ်ဖို့ နှိုးဆော်နေ "နှစ်" ငါးလုံး အထွေထွေသပိတ်လုပ်ဖို့ နှိုးဆော်နေ Reviewed by THITHTOOLWIN on 01:41 Rating: 5

No comments:

Powered by Blogger.