မြန်မာစစ်တပ် ပိုပြီး အကြမ်းဖက်လာနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ် သတိပေး

ဗဟိုဘဏ်ရှေ့တွေ့ခဲ့ရတဲ့ သံချပ်ကာကားနဲ့ စစ်သားတွေ

မြန်မာစစ်တပ်က ဆန္ဒပြနေသူတွေကို အကြမ်းနည်းတွေ သုံးပြီး ဖြိုခွဲတာတွေကို နေရာအနှံ့ ပိုပြီး လုပ်ဆောင်လာဖွယ် ရှိတယ် ဆိုပြီး မြန်မာ နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က သတိပေးလိုက်ပါတယ်။

“အစိုးရကို တရားမ၀င် ဖယ်ရှားခဲ့တဲ့ နောက်ပိုင်း အကြမ်းဖက်ဖြစ်ရပ်တွေကို တွေ့မြင်ထားရမျှတွေထက် ပိုပြီး ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဖြစ်လာမှာ စိုးရတယ်” လို့ တွမ်အင်ဒရူးစ်က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ပြီး အရှိန်မြှင့်လုပ်ကြဖို့ ရန်ကုန်အပါအ၀င်၊ နိုင်ငံတ၀န်းက မြို့ကြီးတွေမှာ ဆော်ဩ နေကြပါတယ်။

ဒီအချိန်မှာ စစ်ကောင်စီဘက်ကလည်း စစ်အင်အား အသစ်တွေ ရန်ကုန်ထဲကို ထပ်ဖြည့်နေတယ်ဆိုတဲ့ သတင်းတွေ ရထားတယ်ဆိုပြီး ကုလ အထူးကိုယ်စားလှယ်က ပြောတာ ဖြစ်ပါတယ်။

အရင် အတွေ့အကြုံတွေ အရဆိုရင်၊ အခုလို တပ်အသစ်တွေ ထပ်ဖြည့်ပြီးရင် ပစ်ခတ်သတ်ဖြတ်တာ၊ လူတွေကို ဖမ်းဆီးတာတွေ နောက်ဆက်တွဲ ဖြစ်လာစမြဲပဲလို့ မစ္စတာအင်ဒရူးစ်က ပြောပါတယ်။

လူထု ဆန္ဒပြပွဲတွေ အရှိန်မြှင့်လုပ်ဖို့ စီစဥ်ထားချိန်၊ တပ်အရွှေ့အပြောင်းတွေ ရှိလာနေတာဟာ စစ်တပ် အနေနဲ့ တိုင်းသူပြည်သားတွေ အပေါ် ကြီးကြီးမားမား ကျုးလွန်တော့မယ့် အခြေအနေပဲ ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းကလည်း နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားနဲ့ မြောင်းမြ အပါအ၀င် နေရာတချို့မှာ အဓိကရုဏ်း ဖြိုခွဲရေး လက်နက်တွေ သုံးပြီး အကြမ်းနည်းနဲ့ ဆန္ဒပြပြည်သူတွေကို စစ်တပ်က ဖြိုခွဲခဲ့ပါတယ်။

အဲဒါတွေထက် ပိုပြီးကြီးမားတဲ့ အတိုင်းအတာနဲ့ စစ်တပ်ဘက်က အကြမ်းဖက်လာတော့မယ် ဆိုပြီး တွမ်အင်ဒရူးစ်က သတိပေးနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တရုတ်၊ ရုရှားလို့ နာမည်တပ် မပြောပေမယ့် မြန်မာစစ်တပ် အပေါ် ဩဇာသက်နိုင်တဲ့ အစိုးရတွေ အနေနဲ့ ဗုဒ္ဓဟူးနေ့ ဆန္ဒပြပွဲတွေကို အကြမ်းမဖက်ပဲ ခွင့်ပြုပေးဖို့ မြန်မာ စစ်အစိုးရကို ပြောကြပါဆိုပြီး မစ္စတာ အင်ဒရူးစ်က တိုက်တွန်းနေပါတယ်။


လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထိန်းမရအောင် ဆိုးဆိုးရွားရွား ကျူးလွန်နေပြီဆို အဲဒီနေရာမှာ စီးပွားရေး ဆက်မလုပ်ပဲ ရပ်ပစ်ရမယ် ဆိုတဲ့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ မူအခြေခံလည်း ရှိနေပါတယ်။

မြန်မာစစ်တပ် အနေနဲ့ ကျင့်၀တ်အရ ဖြစ်စေ၊ ဥပဒေကြောင်းအရ ဖြစ်စေ အကြမ်းမဖက်ရေး အခြေခံမူတွေကို လေးစားမယ် ဆိုပြီး မျှော်လင့်လို့ မရတဲ့ အတွက် သူတို့အပေါ် ဩဇာသက်နိုင်တဲ့ အစိုးရတွေ၊ စီးပွားရေး အဆက်အဆံ ရှိတဲ့ သူတွေကို အခုလို တိုက်တွန်းနေရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

မြန်မာစစ်တပ် ပိုပြီး အကြမ်းဖက်လာနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ် သတိပေး မြန်မာစစ်တပ် ပိုပြီး အကြမ်းဖက်လာနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ် သတိပေး Reviewed by THITHTOOLWIN on 09:28 Rating: 5

No comments:

Powered by Blogger.