လွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ်တွေခန့်အပ်

လွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ်တွေခန့်အပ် ဒေါက်တာဆာဆာနဲ့ ဒေါ်အောင်ဆန်းစုကြည် / Photo - Dr SaSa FB

မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ဖို့အတွက် ဒေါက်တာဆာဆာကို   ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကော်မတီက ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒေါက်တာဆာဆာဟာ ၁၉၉၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ရောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်‌‌ရေးနိုဘယ်ဆု ရန်ပုံငွေနဲ့ ဖွင့်လှစ်ထားတဲ့ Prospect Burma ကျောင်းကို တက်‌ရောက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အာမေးနီးယားနိုင်ငံကနေ ဆရာဝန်ဘွဲ့ ရရှိခဲ့သူဖြစ်ပြီး ကျန်းမာခြင်းနဲ့ မျှော်လင့်ခြင်းမြန်မာ (Health and Hope – Myanmar) အဖွဲ့ တည်ထောင်ပြီး ချင်းပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ ချင်းပြည်နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီမှာ တာဝန်ပေးအပ်ခံခဲ့ရသလို NLD က အသစ်ဖွဲ့စည်းမယ့် ချင်းပြည်နယ် ဝန်ကြီးချုပ်နေရာအတွက်လည်း ထင်ကြေးပေးခံထားရသူ လူငယ်တဦး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်ကို ခန့်အပ်လိုက်တယ်လို့ ကော်မတီက ကြေညာလိုက်ပါတယ်။

ဦးထင်လင်းအောင်ဟာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၆ နဲ့ ၁၉၉၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။  ၂၀၀၀ ပြည့်နှစ်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီး ၂၀၀၂ ခုနှစ်မှာ ပြန်လည်လွတ်‌‌မြောက်လာပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့ပြီးနောက် စစ်အစိုးရရဲ့ ဖမ်းဆီးမှုကို တိမ်းရှောင်ရင်း ၂၀၀၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ဒီနေ့ စတင်ဖွင့်လှစ်မယ်လို့လည်း CRPH က ကြေညာပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH )ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်မှန်သမျှကို မလိုက်နာဖို့၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ဆက်လုပ်သွားဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီကော်မတီမှာ ပါဝင်တဲ့သူတွေကို နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲထားပါတယ်။

ဒီကော်မတီဟာ နောက်ပိုင်းမှာ စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းလာမယ့် အလားအလာ ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/crph-statement-myanmar-coup-un-representative-02222021075001.html

လွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ်တွေခန့်အပ်  လွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ်တွေခန့်အပ် Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.