မြန်မာ့အရေးအာဆီယံဆွေးနွေးပွဲခေါ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း

ASEAN meeting (Myanmar State Counsellor Office)

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးပွဲတစ်ခု စီစဉ်ပေးဖို့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံစော်ဘွား Hassanal Bolkiah ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံ၊ Bandar Seri Begawan မြို့တော်မှာ စော်ဘွား Bolkiah နဲ့ ဒီကနေ့သွားရောက်တွေ့ဆုံပြီး ဝန်ကြီး မစ္စ Marsudi က အဲဒီလိုတိုက်တွန်းတာပါ။

အာဆီယံအဖွဲ့အနေနဲ့ "အပြုသဘော ထိတွေ့ဆက်ဆံမှု" နဲ့ "မြန်မာလူထု ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေး" တို့ကို အလေးထားမှာဖြစ်တယ်လို့ စော်ဘွား Bolkiah က ပြောတဲ့အကြောင်း တွေ့ဆုံပွဲပြီးတဲ့နောက် အွန်လိုင်းကလုပ်တဲ့ရှင်းလင်းပွဲမှာ ဝန်ကြီး မစ္စ Marsudi က ပြောပါတယ်။

" မြန်မာနိုင်ငံကို ကူညီတာမှာ ကျမတို့နားလည်ထားတဲ့ မူဝါဒတွေကတော့ ဝင်မစွက်ရေးဆိုတာကို လေးစားဖို့၊ အပြုသဘောထိတွေ့ဆက်ဆံမှုကို အလေးပေးဖို့၊ မြန်မာလူထု ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးတို့ကို အလေးပေးဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဒါမှမဟုတ် အားလုံးပါဝင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အထောက်အကူပြုဖို့ အပါအဝင် မြန်မာလူထုအတွက် အကောင်းဆုံးအဖြေတွေကို အကောင်အထည်ဖော်ရေး ပါဝင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်" လို့ ဝန်ကြီး Marsudi ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာဆီယံအဖွဲ့ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူနိုင်ရေး လုပ်ဆောင်ဖို့အတွက် အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံမှာ ဒီလိုအထူးအစည်းအဝေးမျိုး ခေါ်ယူတာ မရှိသလာက်ဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်တဲ့မူဝါဒ၊ စစ်တပ်အာဏာသိမ်းတဲ့အပေါ် မတူကွဲပြားတဲ့ တုံ့ပြန်မှုတွေကြောင့် အထူးအစည်းအဝေးလို ဖြစ်လာဖို့ကလည်း လွယ်လှတာတော့မဟုတ်ပါဘူး။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ Marsudi ဟာ ဘရူနိုင်းကအပြန် စင်္ကာပူဝင်ပြီး နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ တွေ့ဆုံမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံက "စိုးရိမ်ဖွယ်ရာ အခြေအနေတွေ" နဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Balakrishnan က အင်္ဂါနေ့မှာ ပြောဆိုတာရှိခဲ့ပေမယ့် ဒီအာဏာသိမ်းမှုကြောင့်တော့ ကျယ်ပြန် တဲ့ ဒဏ်ခတ်အရေးယူမှုမျိုးကို သူမထောက်ခံဘူးလို့ ပြောခဲ့ပါတယ်။


 ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/indonesian-foreign-minister-meets-brunei-sultan-to-facilitate-myanmar-dialogue/5781814.html

မြန်မာ့အရေးအာဆီယံဆွေးနွေးပွဲခေါ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း မြန်မာ့အရေးအာဆီယံဆွေးနွေးပွဲခေါ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း Reviewed by THITHTOOLWIN on 23:21 Rating: 5

No comments:

Powered by Blogger.