မြစ်ကြီးနားမှာ ဆန္ဒပြသူတွေ လေးခွနဲ့ ပစ်ခတ်ခံရ

မြစ်ကြီးနားမှာ ဆန္ဒပြသူတွေ လေးခွနဲ့ ပစ်ခတ်ခံရ မြစ်ကြီးနားမှာ စစ်ကားပေါ်ကနေ လေးခွနဲ့ ပစ်ခတ်တာကြောင့် ခေါင်းဒဏ်ရာရသွားတဲ့ မိန်းကလေးတစ်ဦးကို ၂၀၂၁ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ် / Photo-CJ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်တွေနဲ့ ဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်ကားပေါ်ကနေ လေးခွတွေ နဲ့ ပစ်ခတ်တာကြောင့် လူငယ်အမျိုးသမီးငယ်တစ်ဦး ဖေဖော်ဝါရီလ ၂၃ ရက် ဒီကနေ့ဦးခေါင်းမှာ ထိခိုက် ဒဏ်ရာရသွားပါတယ်။

မနေ့က ညပိုင်းမှာလည်း မြို့တွင်းမှာ လှည့်လည်နေတဲ့ စစ်ကားတွေပေါ်ကနေ လေးခွနဲ့ပစ်လို့ အသက်ရှစ်နှစ် အရွယ် ကလေးငယ်တတစ်ဦး ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရသွားတာကြောင့် ဆေးကုသနေရပါတယ်။

''ဆိုင်ကယ်တွေနဲ့ ဆန္ဒပြနေတာကို ဘေးကဖြတ်သွားတဲ့ စစ်ကားကပစ်သွားတာ၊ ဒီနေ့ပစ်ခံရတဲ့ ကောင်မလေးကတော့ ခေါင်းထိသွားတာ အခြေအနေဘယ်လောက်ဆိုးလဲ မသိရသေးဘူး၊ မနေ့ညက ပစ်ခံရတဲ့ ကလေးကတော့ ခေါင်းမှာပေါက်သွားတယ်။ လေးချက်တောင်ချုပ်လိုက်ရတယ်။ ခုဆေးရုံမှာ သွေးအန်တယ်လို့လည်း သိထားတယ်။ အဲ့ဒီကလေးဆိုရင် အိမ်မှာနေရင်းနဲ့ကို အိမ်ရှေ့မှာ စစ်ကားတွေ လာလို့ ထွက်ကြည့်မိတာကို လေးခွနဲ့ ပစ်တာခံရတာ၊ ဒါတော်တော် လူမဆန်တဲ့ လုပ်ရပ်ပဲ" လို့ မြစ်ကြီးနားဒေသခံတဦးက RFA ကိုပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဆန္ဒပြတဲ့သူတွေနည်းတူ သတင်းယူတဲ့သတင်းသမားတွေလည်း လေးခွနဲ့ ပစ်ခတ်ခံရ တာတွေရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း မြစ်ကြီးနားပညာရေးကောလိပ်နားမှာ သတင်းယူဖို့ စောင့်နေတဲ့ RFA၊ မဇ္ဈိမနဲ့ Eleven သတင်းဌာနက သတင်းထောက်တွေ လေးခွနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

"ဆရာမနှစ်ယောက်အဖမ်းခံရတယ်ကြားလို့ ကျောင်းနားမှာ သွားစောင့်နေတာကို စစ်ကားပေါ်ကနေ လှမ်းပစ်တာ၊ ဆိုင်ကယ်ဦးထုပ်တွေဆောင်းပြီး ပြေးကြလို့သာ အကုန်လုံးတစ်ယောက်မှ ခေါင်းမထိတာ"လို့ ဒေသခံသတင်းထောက်တဦးကပြောပါတယ်။

မြစ်ကြီးနားမြို့အပါအဝင် မြန်မာနိုင်ငံက မြို့တော်တော်များများမှာ ဆန္ဒပြတဲ့သူတွေကို နှိမ်နင်းရာမှာ သေနတ် ပစ်ဖောက်ဖြိုခွင်းတာ အပြင် လေးခွသုံးပြီးလည်း ဖြိုခွင်းနေတာပါ။

အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း လေးခွမသုံးရဘူးဆိုတဲ့ ဥပဒေပြဌာန်း ထားတာမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အစီးတရာကျော်နဲ့ လူငယ်တွေ မြို့ပတ်ဆန္ဒပြခဲ့ပါတယ်။

မြစ်ကြီးနားမှာ လေးခွပစ်ခတ်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူ ၂၂ ယောက်ထက်မနည်းရှိပါတယ်။ ဖမ်းဆီးခံရတဲ့သူလည်း အယောက် ၂၀ ကျော်ရှိပြီး အားလုံးကိုပြန်လွှတ်ပေးလိုက်ပေမယ့် ဆရာတော် တစ်ပါးကိုတော့ အခုအချိန်ထိ မလွှတ်ပေးသေးပါဘူး။

ကချင်ပြည်နယ် ပူတာအိုမြို့မှာလည်း ဆန္ဒပြလို့ လူငယ် ၅ ဦးဖမ်းဆီးခံထားရပြီး မိုးညှင်းမှာတော့ လူငယ်နှစ်ဦး ဖမ်းဆီးခံထားရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/slingshot-fire-in-myitkyina-myanmar-military-coup-02232021052128.html

မြစ်ကြီးနားမှာ ဆန္ဒပြသူတွေ လေးခွနဲ့ ပစ်ခတ်ခံရ မြစ်ကြီးနားမှာ ဆန္ဒပြသူတွေ လေးခွနဲ့ ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 22:00 Rating: 5

No comments:

Powered by Blogger.