ဆန္ဒပြသူတို့ရဲ့ ရင်ထဲက စကားသံများ

military coup protest in Yangon

COVID 19 ကမ္ဘာ့ ကပ်ရောဂါဘေးဒဏ် ခံနေရဆဲ မြန်မာနိုင်ငံမှာ တတ်နိုင်သလောက် လူစုလူဝေး ရှောင်နေကြတဲ့ ပြည်သူတွေ တနင်္ဂနွေနေ့က လူပေါင်း သိန်းချီ လမ်းမပေါ်ထွက် စုဝေးပြီး စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်း ဆန့်ကျင်ခဲ့ကြပါတယ်။ ကပ်ဘေးရောဂါဒဏ်ကို လစ်လျူရှုပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေရဲ့ လိုလားချက် ခံယူချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှိရာ မြို့တော် နေပြည်တော်မှာ တနင်္ဂနွေနေ့က ကားတွေ ဆိုင်ကယ်တွေနဲ့ စစ်အာဏာရှင် မလိုမရှိဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်၊ ဆိုင်ကယ်တွေက ဟွန်းတီးပြီး လူပေါင်း ထောင်ချီ ဆန္ဒပြခဲ့ကြတာပါ။ အများစုကတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ ဖြစ်ပါတယ်။

တနလာင်္နေ့က စစ်အာဏာသိမ်းပြီးချိန်ကလည်းက လူထုရဲ့ အာဏာဖီဆန်မှု အနေနဲ့ ကိုယ့်အိမ် ကိုယ့်ယာတွင်းကနေ ဆန္ဒပြခဲ့ကြပြီး တနင်္ဂနွေနေ့မှာ နိုင်ငံတဝန်း လူပေါင်း သိန်းချီပြီး လမ်းပေါ်ထွက် ဆန္ဒပြကြတာပါ။ ဆန္ဒပြသူတွေရဲ့ လိုလားချက်၊ ဆန္ဒတွေကို နားဆင်ကြပါရှင်။

“စစ်အာဏာရှင် တခုကိုဘဲ ကျနော်တို့ အလိုမရှိတာ။ စစ်အာဏာရှင် ကျဆုံးပါစေ”

“ရွေးကောက်ပွဲမှာလည်း အပြတ်အသတ် နိုင်ရဲ့သားနဲ့ တဖက်သတ် စွပ်စွဲချက်တွေနဲ့ သိမ်းတယ်လို့ ခံစားရပါတယ်ရှင့်။ ”

“ ကျနော်တို့ သမဂ္ဂတွေ အားလုံး ကျနော်တို့ ပြည်သူတွေ အားလုံး ပါဝင်ဖို့ လိုအပ်တယ်။ အဲဒါမှ အထွေထွေ သပိတ်ဖြစ်မှာ။ အထွေထွေ သပိတ် မဖြစ်ဘဲ ကျနော်တို့ အာဏာရှင် စနစ်ကို အမြတ်ဖြုတ် ချေမှုန်းလို့ မရပါဘူး။ ”

“ လူငယ်တွေကတော့ ဘာဘဲ ဖြစ်ဖြစ် သူတို့ရဲ့ စိတ်ထဲမှာ ဒီခံစားချက်တွေက ပြင်းတယ်လေ။ သူတို့ ပေးထားတဲ့ မဲတွေရဲ့ ဆုံးရှုံးမှုတွေရဲ့ ခံစားချက်က ပြင်းတော့ ဘာဘဲ ဖြစ်ဖြစ် ထွက်မှာဘဲ။ ဘယ်သူမှ ငြိမ်ပြီးတော့ အိမ်ထဲမှာ နေကြမှာ မဟုတ်ဘူး။”

“ အမတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူး။ အမေစုကိုလည်း ဖမ်းထားတယ်။ အဲဒီ အတွက်ကြောင့် မို့လို့ ပါဝင်တာပါ။ ”

“ စစ်အာဏာရှင် စနစ်ကတော့ ဒီတကြိမ်တော့ ချုပ်ငြိမ်းမယ်လို့ ကျနော်တို့က ယူဆတယ်။”

“လက်နက် အားကိုးနဲ့ဆို လူတိုင်းကတော့ ကြောက်မှာဘဲ ။ ကြောက်ပေမယ့်လည်း မပါလို့ရှိရင် အမတို့ရဲ့ နောက်ဆက်တွဲ ကိုယ်တွေ ခံရမယ့် ကိစ္စတွေလည်း အများကြီး ရှိတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကြောက်လို့ ပြီးသွားမယ့် ကိစ္စ မဟုတ်ဘူး။”

အာဏာသိမ်း အဖွဲ့က နိုင်ငံတွင်း Facebook ၊ Twitter ၊ Instagram တို့လို လူမှုကွန်ယက်တွေကို ပိတ်ခဲ့သလို အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေကိုလည်း ဖြတ်တောက်ခဲ့တာပါ။ ဒါပေမယ့် တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေ အတွင်း နေ့ခင်းပိုင်းမှာတော့ အင်တာနက် ပြန်ရပြီလို့ ရန်ကုန် မြို့ခံတွေက ပြောပါတယ်။ 


မသိင်္ဂီထိုက်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-vox-pop/5768860.html

ဆန္ဒပြသူတို့ရဲ့ ရင်ထဲက စကားသံများ ဆန္ဒပြသူတို့ရဲ့ ရင်ထဲက စကားသံများ Reviewed by THITHTOOLWIN on 14:47 Rating: 5

No comments:

Powered by Blogger.