စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲက မရလိုက်တဲ့ အဖြေများ


အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က နေပြည်တော်မှာ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ဘီဘီစီအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတချို့ တက်ရောက်သတင်းရယူခဲ့ပါတယ်။

စစ်ကောင်စီကို အသိအမှတ်မပြု ကန့်ကွက်တယ်ဆိုပြီး ဒီသတင်းစာရှင်းလင်းပွဲကို မတက်ရောက်ဘဲ နေကြတဲ့ မီဒီယာတွေလည်း အများအပြားရှိခဲ့ပါတယ်။

သတင်းဌာန တစ်ခုကို မေးခွန်းသုံးခုစီ မေးခွင့်ရခဲ့ပြီး အတိုင်ပင်ခံနဲ့ သမ္မတကို ဘယ်မှာထိန်းသိမ်းထားသလဲ၊ အာဏာသိမ်းတာ ဥပဒေနဲ့ ညီခဲ့သလား၊ နိုင်ငံတကာ ဖိအားတွေပေါ် ဘယ်လို သဘောထားလဲ၊ နိုင်ငံ အဝန်းက CDM အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဘယ်လိုတုံ့ပြန်မလဲ၊ မြသွဲ့သွဲ့ခိုင်ကို ကျည်အစစ်နဲ့ပစ်တာလား ဆိုတဲ့ အဖြေတွေက ရှင်းရှင်းလင်းလင်း ရရှိခဲ့ခြင်းတော့မရှိပါဘူး။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို ထိန်းသိမ်းထာတာ၊ NLD ပါတီရုံးချုပ်ကို ဝင်ရှာတဲ့အချက်တွေဟာ အခြေခံဥပဒေနဲ့ ညီမညီဆိုတဲ့ အချက်တွေကလည်း လူတွေက သိချင်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို ဘယ်မှာထိန်းသိမ်းထားလဲ

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို ထိန်းသိမ်းထားတာ နှစ်ပတ်ကျော်ရှိလာပြီ

ဘီဘီစီက မေးခွန်း ၃ ခု မေးခဲ့ပြီး ပထမမေးခွန်းကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဘယ်မှာ ထိန်းသိမ်းထားလဲ ဘယ်လိုဥပဒေတွေနဲ့ အရေးယူထားသလဲဆိုတာ ဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို လုံခြုံတဲ့နေရာမှာပဲ လုံခြုံမှုရှိစေ‌ရေးအတွက် ထိန်းသိမ်းထားကြောင်းနဲ့ ကျန်းမာရေးကောင်းမွန်ပြီးတော့ အချုပ်ပုံစံမထားကြောင်းနဲ့ သက်ဆိုင်ရာနေအိမ် တွေမှာပဲရှိတယ် လို့ပြောသွားပါတယ်။ ဒီလို ဖြေဆိုသွားခဲ့ပေမဲ့ မူလနေအိမ်တွေမှာပဲလား အိမ်နေရာ ရွှေ့ပြောင်းပြီး ထားတာလား ဆိုတာကိုတော့ တိတိကျကျ ပြောသွားတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဘာအမှုတွေနဲ့ အရေးယူထားတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ဥပဒေအရ ဆောင်ရွက်ရမယ့်အပိုင်းတွေကို ဥပဒေနဲ့ အညီဆောင်ရွက်မှာဖြစ်ပြီး ဥပဒေကို ကျော်လွန်ပြီး ဘာမှ မလုပ်ပါဘူးလို့ ပြောသွားခဲ့ပါတယ်။

ဘီဘီစီက သူတို့ကို လက်ရှိ ဘယ်ဥပဒေတွေနဲ့ စွဲဆိုထားသလဲလို့ ထပ်ပြီးမေးရာမှာတော့ ဒီဥပဒေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကိုမေးကြည့်ပါလို့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောခဲ့ ပါတယ်

တကယ်တမ်းကတော့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ဗီဒီယိုအွန်လိုင်းစနစ် video conferencing နဲ့ ပထမဆုံးအကြိမ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲထုတ်တဲ့နေ့မှာပဲ ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။


အာဏာသိမ်းတာဥပဒေနဲ့ညီခဲ့သလား

၂၀၀၈ အခြေခံဥပဒေအရ သမ္မတ ကိုစွပ်စွဲပြစ်တင်ရင် ပုဒ်မ ၇၁ အရ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ထိုးပြီး သုံးပုံ နှစ်ပုံက သဘောတူမှသာ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချလို့ရပါတယ်။

အခု သမ္မတကို ဖြုတ်ချခဲ့တာဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီတဲ့အပေါ် ဘာပြောချင်ပါသလဲလို့ သတင်းဌာနတွေက ထပ်မံ မေးမြန်းခဲ့ပါတယ်။

သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကတော့ အခြေခံဥပဒေ ပုဒ်မ ၄၁၇ နဲ့ ပုဒ်မ ၄၀ ( ဂ) တို့ကို ကိုးကားပြီး ဖြေသွားခဲ့ပါတယ်။

သူက နိုင်ငံဟာ ပြိုကွဲမယ့်အခြေအနေ၊ အချုပ်အခြာအာဏာ ဆုံးရှုံးမယ့် အခြေအနေ၊ အရေးပေါ်ကာလ အခြေအနေ ရောက်လာလို့ အခုလို လုပ်ရတယ်ဆိုပြီး ဖြေသွားပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၀ ( ဂ) အရ နိုင်ငံတော်အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု ၊ အဓမ္မ နည်းလမ်းများနဲ့ ရယူဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲမယ့် အချုပ်ခြာအာဏာ ဆုံးရှုံးမယ့် အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မ‌တော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို အခြေခံဥပဒေနှင့် အညီ ရယူသုံးစွဲခွင့်ရှိသည်ဆိုတဲ့ အချက်ကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကိုးကား ပြောသွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အခြေခံဥပဒေနဲ့အညီ တပ်မတော်က လုပ်ခဲ့တယ်လို့ပြောပြီး မဲမသမာမှုတွေ အများအပြားရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်ပြောခဲ့ပါတယ်။

အဲဒီလို လုပ်ဆောင်တယ်ဆိုရင် မဲမသမာမှုတွေကို စစ်ဆေးဖြေရှင်းပေးဖို့က ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်သာဖြစ်ပြီး တပ်မတော်က ဖြေရှင်းဖို့ တာဝန်မရှိသလို အဲဒါက အခြေခံဥပဒေ ဘယ်အချက်နဲ့ကိုက်ညီပါတယ်လို့လည်း ပြောမသွားပါဘူး။

ဘယ်လိုအမှုတွေနဲ့ သမ္မတနဲ့ အတိုင်ပင်ခံကို တရားစွဲတာလဲ


လက်ရှိစစ်ကောင်စီက သမ္မတ ကို အမှုတစ်မှု ဒေါ်အောင်ဆန်းစုကြည်ကို နှစ်မှုနဲ့ စွဲထားပါတယ်။

လက်ရှိစွဲထားတဲ့ အမှုတွေကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅၊ သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တရားစွဲတင်ခဲ့ပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ဥပဒေနဲ့ အညီဖမ်းထားတာ၊ ဥပဒေကိုကျော်လွန်ပြီး ဘယ်အရာကိုမှ ပြုလုပ်မှာမဟုတ်ဘူးလို့သာ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကမကထပြု တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ တရားမဝင်‌‌ ငွေကြေးစီးဆင်းမှု တွေ့ရတယ်လို့ စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တဲ့ အတွက် အမှုတွေ ထပ်တိုးလာဖို့လည်း ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုအရေးယူမှုတွေ လုပ်ထားတယ်ဆိုတာတော့ ပြောသွားတာ မရှိသေးပါဘူး။ တချို့အချက်အလက်တွေ ရရှိနေပြီဖြစ်ပြီး သင့်တော်တဲ့ အချိန်ရောက်ရင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်။

နိုင်ငံတကာဖိအားတွေကို ဘယ်လိုဖြေရှင်းမလဲ

သတင်းရပိုင်ခွင့်နဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို မထိပါးဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်

ကုလသမဂ္ဂဘက်ကလည်း မြန့်မာအရေးနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းဝေးလုပ်ပြီး တောင်းဆိုမှုတွေရှိခဲ့သလို နိုင်ငံတကာက အရေးယူပိတ်ဆိုမှုတွေရှိလာတဲ့ အပေါ်ဘယ်လိုဖြေရှင်းမလဲဆိုတာကိုလည်း ဘီဘီစီက မေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ လ ၁၃ ရက်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှုကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ဆုံးဖြတ်ချက်ချမှတ်ပြီး တောင်းဆိုခဲ့ပါတယ်။

ဗြိတိန်နဲ့ အီးယူတို့ မူကြမ်းရေးဆွဲ တင်သွင်းပြီး၊ အဖွဲ့၀င် ၄၇ နိုင်ငံကြား မဲမခွဲဘဲ အတည်ပြုနိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးခံ အစိုးရခေါင်းဆောင်တွေကို ပြန်လွှတ်ရေး၊ ဆန္ဒပြသူတွေ အပေါ် အကြမ်းမဖက်ရေး၊ ပြည်သူရဲ့ ဆန္ဒတွေ အပေါ် လေးစားရေး စတဲ့ တိုက်တွန်းချက်တွေ ပါ၀င်ပါတယ်။

အမေရိကန်ကလည်းစစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီးပိတ်ဆို့ အရေးယူမှုတွေ စတင်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ မိတ်ဖက်မပျက်တဲ့ ဆက်ဆံရေးထားရှိမယ်လို့ ပြောသွားခဲ့ပြီး ဘယ်လိုဖြေရှင်းမယ်ဆိုတာကို မပြောသွားခဲ့ပါဘူး။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာနဲ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းနဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်လျက်ရှိတယ်လို့သာ ပြောသွားခဲ့ပါတယ်။

CDM နဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဆေးရုံ မှာပြုလုပ်ခဲ့တဲ့ CDM လှုပ်ရှားမှု

ဘီဘီစီရဲ့ တတိယမြောက်မေးခွန်းကတော့ နိုင်ငံအဝန်းလှုပ်ရှားမှုတွေဖြစ်နေတဲ့ CDM လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဘယ်လိုဖြေရှင်းဖို့ဆောင်ရွက်ထားသလဲဆိုတာ ဖြစ်ပါတယ်။

အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားဟာ ရပ်တန့်မှုမရှိဘဲ လည်ပတ်နေကြောင်းနဲ့ ဝန်ကြီးဌာနက တာဝန်ရှိသူများ စည်းရုံးရေးနည်းလမ်းနဲ့ ဆောင်ရွက်နေပြီး စည်းရုံးရေးနည်းလမ်းနဲ့ ဆောင်ရွက်ခဲ့တဲ့အတွက်လည်း အောင်မြင် သင့်သလောက် အောင်မြင်ပြီးဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သို့သော် အချိန်အတိုင်းတာတစ်ခုထိသာ စည်းရုံးရေးနည်းလမ်းကို သုံးမှာဖြစ်ပြီး လုပ်ငန်းခွင်ကို အချိန်မီ ပြန်မဝင်ရင် လှုံ့ဆော်သူတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ နေပြည်တော်မှာရှိတဲ့ CDM လုပ်တဲ့ဝန်ထမ်းတွေကို သက်ဆိုင်ရာ ဝန်ထမ်းအကြီးအကဲတွေက ဖိအားပေးရုံးတက်ခိုင်းတာ ရှိသလို ဝန်ထမ်းအဆောင်တွေက ဖယ်ရှားဖို့ပြောနေတာတွေ ရှိပါတယ်။

မြို့နယ်တချို့မှာတော့ ရုံးမတက်ဘဲ CDM လုပ်တဲ့ဝန်ထမ်းတချို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတာ လုပ်နေသလို တချို့လည်း အဖမ်းခံထားရပါတယ်။

အဲဒီလို လုပ်ဆောင်တာတွေရှိတဲ့အတွက် CDM လုပ်တဲ့ဝန်ထမ်းတချို့ဟာ နေပြည်တော်ကနေ စွန့်ခွာသွားတာတွေ ရှိလာကြပါတယ်။ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဝန်ထမ်းများ ရုံးမတက်ရေး CDM ကို အခုထက် ပိုမိုလုပ်ဆောင်လာပါက ဝန်ထမ်းယန္တရား လည်ပတ်မှု ရပ်သွားနိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလည်း အောင်မြင်နိုင်တယ်လို့ သုံးသပ် ပြောဆိုမှုတွေ ရှိပါတယ်။

အစိုးရ အုပ်ချုပ်မှုယန္တရားဟာ ရပ်တန့်မှုမရှိဘဲ လည်ပတ်နေကြောင်း ပြောခဲ့တာနဲ့ပတ်သက်လို့ ဘီဘီစီက မြန်မာ့မီးရထားဟာ လုံးဝရပ်သွားကြောင်းနဲ့ ဒီလိုကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲလို့ ထပ်ပြီးမေးမြန်းတဲ့ အပေါ်မှာတော့ တပ်မ‌တော်အနေနဲ့ မီးရထားလို နေရာမျိုး၊ ဆက်သွယ်ရေးလိုနေရာမျိုးတွေမှာ ဝင်ရောက်ပြီး ကူညီဆောင်ရွက်ပေးနိုင်တဲ့ အင်အားရှိကြောင်းနဲ့ တပ်မတော်ပိုင်တဲ့ ရထားတွေနဲ့ ပြေးဆွဲပေးနိုင်တဲ့ အင်အားရှိကြောင်း ဒါပေမဲ့ မဆောင်ရွက်သေးကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

CDM လုပ်နေသူတွေကို ဘယ်တော့စပြီး အရေးယူမယ် ဘယ်လို အရေးယူမယ်ဆိုတာလည်း မပြောခဲ့သလို တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ပဲ ပြောခဲ့ပါတယ်။

မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်ရာမှာ ကျည်အစစ်သုံးခဲ့သလား

စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေကြောင့် ဖြိုခွင်းမှုမှာ နေပြည်တော်မှာ အမျိုးသမီးငယ်တစ်ဦး သေနတ် ကျည်ဆန် ထိမှန်ခဲ့ပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လမ်းမပေါ်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် အရပ်သားတစ်ဦး ပစ်ခတ်ခံရမှုဟာ မြန်မာနိုင်ငံသား အများအပြားကို ဒေါသထွက်စေခဲ့ပါတယ်။

ကုလသမဂ္ဂကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေကို စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုဘယ်လိုဖြစ်ခဲ့လဲ

မမြသွဲ့သွဲ့ခိုင်ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဒီဖြိုခွင်းမှုမှာ ရော်ဘာကျည်ဆန် နဲ့သုံးပြီးပစ်ခတ်တယ်လို့ မထုတ်ပြန်ထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

သူက ကျည်ဆန် အစစ်လို့လည်း မပြောခဲ့သလို ဦး‌ခေါင်းမှာ သေနတ်ဒဏ်ရာ ရတယ်လို့သာ ဖြေခဲ့ပြီး ဘယ်လိုကျည်ဆန်နဲ့ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောမသွားခဲ့ပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး မေးမြန်းဆောင်ရွက်နေပြီး တရားဥပဒေအတိုင်း ဆောင်ရွက်မယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ဆန္ဒပြပွဲတွေအတွင်း ကျည်အစစ်တွေကို အသုံးပြုခဲ့တာ မဟုတ်ဘဲ ရော်ဘာကျည်ကိုသာ အသုံးပြုခဲ့တာ ဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဒါကြောင့်မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်ရာမှာ ကျည်အစစ်သုံးခဲ့သလား မသုံးခဲ့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိခဲ့ရခြင်း မရှိပါဘူး။


BBC Burmese

https://www.bbc.com/burmese/56090776

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲက မရလိုက်တဲ့ အဖြေများ  စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲက မရလိုက်တဲ့ အဖြေများ Reviewed by THITHTOOLWIN on 06:26 Rating: 5

No comments:

Powered by Blogger.