သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရပ်တည်ချက်အပေါ် အမေရိကန်ပညာရှင် အမြင်

ပါမောက္ခ Christina Fink

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက NLD အရပ်သားအစိုးရကို ဆက်လက် ကိုယ်စားပြုမယ့်အကြောင်း အထွေထွေညီလာခံမှာ ကြေညာလိုက်တာဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအတွက် တွန်းအားဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Christina Fink က သုံးသပ်ပါတယ်။

အထူးသဖြင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တာကြောင့် ထူးခြားမှုတခုလို့လည်း အမေရိကန် ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဖွံဖြိုးရေးဌာနက မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ Christina Fink ကို ဉာဏ်ဝင်းအောင်က မေးမြန်းရာ သူကအခုလိုစ ကပြောပါတယ်။

“ဒါက ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ သံအမတ်ကြီးဆိုတာက အဆင့်မြင့်တဲ့နေရာမှာရှိနေပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ ပရိဿတ်ကြီးရှေ.မှာပါ ပြောသွားတာဆိုတော့၊ တကမ္ဘာလုံးက ပြည်သူတွေရဲ့ အသဲနှလုံးကို ကောင်းကောင်းထိသွားနိုင်ပါတယ်။ အထူးသဖြင့်တော့ ခေါင်းဆောင်တွေအားလုံး အထိန်းအသိမ်းခံတားရတဲ့ NLD အစိုးရကို ကိုယ်စားပြုပြီး ပြောလိုက်တာဆိုတော့လေ။ “

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေနဲ့ အကြမ်းမဖက်ပဲ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေ ဆက်လက်ပေါ်ပေါက်နေချိန်မှာပဲ မြန်မာနိုင်ငံကအဆင့်မြင့် သံတမန်တဦးလည်း ပူးပေါင်းပါဝင်လတာကြောင့် သက်ရောက်မှုတွေ ကြီးမားနိုင်တယ်လို့လည်း ပြောပါတယ်။

“ကျွန်မထင်ပါတယ်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ပြောကြားချက်ကြောင့်၊ ကမ္ဘာတဝှမ်းမှာရှိတဲ့အစိုးရတွေအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် အသိအမှတ်ပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ပိုအလားအလာနည်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အာရှဒေသကအစိုးရတွေအနေနဲ့လည်း စစ်အုပ်စုရာထူးကပြန်ဆင်းရေး ဝိုင်းကြိုးပမ်းဆွဲဆောင်ပေးဖို့ အားပိုရှိသွားစေနိုင်တဲ့ အနေအထားထိတောင် ရောက်ကောင်းရောက်သွားနိုင်ပါတယ်။ တတိယသက်ရောက်မူအနေနဲ့ မြန်မာလုံခြုံရေးတပ်တွေက ဖိနှိပ်ဖြိုခွဲနေတဲ့ကြားက CDM မပူးပေါင်းမဆောင်ရွက်ရေးလူပ်ရှာမူမှာပါဝင်နေသူတွေအတွက် အရှိန်ဆက်ထိန်းထားဖို့ ပိုစိတ်ခွန်အားရစေနိုင်ပါတယ်။”

မြန်မာနိုင်ငံက အဆင့်မြင့်သံတမန်တဦးကိုယ်တိုင် စစ်တပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်လိုက်တာကြောင့် မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံ အရှေ.တောင်အာရှနိုင်ငံများအဖွဲ့ အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆောင်ရွက်ရာမှာ တွန်းအားဖြစ်လာနိုင်တယ်လို့ ပါမောက္ခ Fink ကမြင်ပါတယ်။

“ မြန်မာနိုင်ငံမှာ အခုလိုအာဏာသိမ်းလိုက်တာက မှားယွင်းတဲ့လုပ်ရပ်တစ်ခုဖြစ်သွားပြီဆိုတာကို စစ်အုပ်စုနားလည်လာအောင် ဝိုင်းဖျောင်းဖျဖို့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အခြားအာဆီယံနိုင်ငံတွေကို ကြိုးပမ်းဆွဲဆောင်နေပါတယ်။ အခုဖြစ်ရပ်ကြောင့် အင်ဒိုနီးရှားအနေနဲ့ ရှေ.ဆက်ကြိုးပမ်းဖို့ ပိုအားဖြစ်သွားစေနိုင်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပူးပေါင်းပါဝင်မှုကြောင့် တခြားမြန်မာသံတမန်တွေကိုလည်း တွန်းအားဖြစ်လာနိုင်တယ်လို့ ပါမောက္ခ Fink က သုံးသပ်ပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာသံအမတ်ကြီး ဦးအောင်လင်းကိုတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းအချိန်ကစလို့ ဗွီအိုအေက ဆက်သွယ်ဖို့ ကြိုးပမ်းနေပေမဲ့ မရသေးပါဘူး။ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောဆိုချက် ထွက်ပေါ်ခဲ့ပြီးနောက် သံအမတ်ကြီး ဦးအောင်လင်းရဲ့ သဘောထားကို သိနိုင်ဖို့ ထပ်မံ ဆက်သွယ်ခဲ့ပေမဲ့လည်း တုံ့ပြန်မှု မရခဲ့ပါဘူး။

ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးမှာ ပထမအတွင်းဝန် တာဝန်ယူခဲ့တဲ့ ဦးမောင်မောင်လတ်ကတော့ မကြာသေးခင်ကပဲ ရာထူးကနေ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/christina-fink-on-myanmar-kyaw-moe-htun-speech-/5794671.html

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရပ်တည်ချက်အပေါ် အမေရိကန်ပညာရှင် အမြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရပ်တည်ချက်အပေါ် အမေရိကန်ပညာရှင် အမြင် Reviewed by THITHTOOLWIN on 07:19 Rating: 5

No comments:

Powered by Blogger.