ပူတာအိုမှာ ဖမ်းဆီးခံကချင်ဆန္ဒပြလူငယ် ငါး ဦးကို တရားစွဲဆို

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆန္ဒပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁)

မြန်မာတပ်မတော်ကနေ နိုင်ငံတော်အာဏာထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်က အဖမ်းဆီးခံလူငယ် ၅ ဦးကို ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ထားပါတယ်။ တရားစွဲခံရတဲ့အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ကချင်ပြည်နယ် ပူတာအိုမြို့နယ်က ဆန္ဒပြလူငယ် ၅ ဦးဟာ မကြာသေးခင်က ဖမ်းဆီးခံရပြီး တရားစွဲဆိုခံရတယ်လို့ ပူတာအိုမြို့နယ်ဒေသခံ ကိုဘရမ်နန်ကပြောပါတယ်။

“ဖမ်းဆီးခံရတဲ့ နောက်ဆုံးအခြေအနေက အခုမေလ ၅ ရက်မှာ ရုံးထုတ်ဖို့ ဖြစ်သွားတယ်။ မနေ့က ရုံးထုတ်ဖို့ ဖြစ်တဲ့ဟာကို နောက်ကျမှဖြစ်သွားတယ်။ လူငယ် ၅ ယောက်ပါတယ်။ သူတို့ စွဲထားတာကသဘာဝဘေးရယ် ၁၄၄ ပေါ့လေ။ အဲဒီပုဒ်မနှစ်ခုနဲ့ အစွဲခံရတယ်။”

တရားစွဲဆိုခံလူငယ် ၅ ဦးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်ကနေ နိုင်ငံတော်ရဲ့အာဏာကို ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်း ကန့်ကွက်ဆန္ဒပြခဲ့ရာကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့ညမှာ အဖမ်းခံရတယ်လို့ ကိုဘရမ်နန်က ဆက်ပြောပါတယ်။

“အဖမ်းဆီးခံရတာ သူတို့သီးသန့်ခေါင်းဆောင်တော့ မဟုတ်ဘူး။ အမှန်ဆိုတော့ ရင်ဘတ်ချင်းတူတဲ့သူတွေ လမ်းပေါ်ထွက်တာပဲ။ ဒါပေမဲ့ စစချင်းလုပ်တဲ့နေ့မှာပဲ သူတို့က လော်(လော်စပီကာ)ကိုင်ပြီးတော့ အော်တာပေါ့လေ။ အော်တဲ့သူတွေကို သူတို့က စစ်ဆေးပြီးတော့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဖမ်းဝရမ်းထုတ်လုပ်တော့ သူတို့သိတာနဲ့ ချက်ချင်း တိမ်းရှောင်တာပေါ့။ သူတို့ အိမ်မှာလည်း မနေဘူးပေါ့။ တောမှာနေခဲ့တဲ့ဟာကို ဘယ်လိုသိလဲတော့ မသိဘူး။ ရဲလည်း မပါဘဲနဲ့ စစ်တပ်နဲ့ အဖမ်းခံရတာပဲ။”

ပူတာအိုအကျဉ်းထောင်မှာ ဖမ်းဆီးခံရတဲ့ လူငယ် ၅ ဦးကတော့ ကိုလဇွမ်အောင်ဒီး၊ ကိုဆင်ဝါး၊ ကိုမလောင်ဖေနောင်းအောင်၊ ကိုဇန်ထရမ်ဆိန်းနှင့် ကိုဖုန်ရော့ဖီနန်တို့ ဖြစ်ကြပြီး သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။

လက်ရှိ ကချင်ပြည်နယ်မှာလည်း ဆန္ဒပြခေါင်းဆောင်တွေကို လုံခြုံအဖွဲ့တွေကနေ ရှာဖွေဖမ်းဆီးမှုတွေ ရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံ မလုလုမိုင်ကပြောပါတယ်။

“ကချင်ပြည်နယ်ဘက်မှာ အဖမ်းဆီးဘယ်လောက်ရှိလဲဆိုတော့ ဒီမြစ်ကြီးနားမှာ ဟိုတနေ့က ဖမ်းမယ်၊ ဖမ်းမယ်ဆိုတဲ့ဟာ အားလုံး ပြန်လွှတ်ပေးတယ်။ ဒါပေမဲ့ မန္တလေးကျောင်းတိုက်က အရှင်ပညာဝံသကိုတော့ ဒီနေ့အထိပြန်မလွှတ်ပေးသေးဘူး။ ပြီးတော့ ချီဗွေမှာလား၊ လိုက်ဖမ်းတာရှိတယ်။ နမ္မတီးမှာ လိုက်ဖမ်းနေတာရှိတယ်။ ဒါပေမဲ့ မဖမ်းမိဘူး။ အိမ်တွေမှာ လိုက်စစ်နေတာရှိတယ်။”

မနေ့ကလည်း နေပြည်တော်မှာ နှစ်ငါးလုံး လူထုလှုပ်ရှားမှုအဖြစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူစုလူဝေးကိုစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြိုခွင်းခဲ့တာမှာ အနည်းဆုံး လူ ၂၀၀ နီးပါးခန့် အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းပြုချက်များအရ တပ်မတော်ကနေ နိုင်ငံတော်ရဲ့ အာဏာကိုထိန်းသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၆၈၄ ဦးထိရှိခဲ့ပြီး ၎င်းတို့အထဲက ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၄ ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခြင်းခံထားရသူ ၃၄ ဦး၊ အမှုဖွင့်ခြင်းခံထားရသူ ၃ ဦးနဲ့ ပြန်လည် လွတ်မြောက်လာသူ ၄၇ ဦးရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။


ကိုနိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/myintkyinar-military-coup-protest/5789217.html

ပူတာအိုမှာ ဖမ်းဆီးခံကချင်ဆန္ဒပြလူငယ် ငါး ဦးကို တရားစွဲဆို ပူတာအိုမှာ ဖမ်းဆီးခံကချင်ဆန္ဒပြလူငယ် ငါး ဦးကို တရားစွဲဆို Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.