သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ ထိန်းသိမ်းခံရ

နိုင်ငံတော် အတိုင်ပင်ခံ‌ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦဝင်းမြင့် အပါအဝင် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို တပ်မတော်က ထိန်းသိမ်းထားတယ် ဆိုတဲ့ သိရပြီး ဖုန်းများအဆက်အသွယ်ပြတ်နေကြောင်း အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီက ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့် က ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအားလုံးနီးပါးနဲ့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို တပ်မတော်က လာရောက် ခေါ်ယူသွားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

တပ်မတော်က လာရောက် ခေါ်ယူသွားသူတွေထဲ မှာ ဒေါက်တာ တင်မျိုးဝင်း၊ ဦးဟံသာမြင့် နဲ့ ဦးဉာဏ်ဝင်းတို့ ပါဝင်ကြောင်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ လည်းထိန်းသိမ်းခံရပြီး သူတို့နဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ လည်းသိရပါတယ်။

ဒါ့အပြင် ကယားပြည်နယ် ဘော်လခဲက NLD ဥက္ကဋ္ဌကို လာရောက် ခေါ်ယူသွားပြီး ပြည်ခရိုင်က ပန်းတောင်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တပ်မ ၆၆ က လာရောက်ခေါ်ယူခဲ့ပြီး မလိုက်နိုင်ဘူးဆိုပြီး ဗီဒီယို တိုက်ရိုက်လွှင့်လို့ စစ်ကားများ ပြန်သွားကြတယ်လို့လည်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင်တွေနဲ့ ကိုယ်စားလှယ် အချို့ကိုသာမက ပါတီကိုထောက်ခံတဲ့ ရန်ကုန်က တက်ကြွလှုပ်ရှားသူအချို့ကို လည်းတပ်မတော်က ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဘီဘီစီက သိရှိထားရပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ထိန်းသိမ်းထားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ် မှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံ နီးစပ်တဲ့ အသိုင်းအဝန်းက သိရပါတယ်။

ဒါ့အပြင်နေပြည်တော်မှာရှိတဲ့ သတင်းထောက်တွေလွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း အဆက်အသွယ်တွေပြတ်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေဆီ ကတစ်ဆင့်သိရပါတယ်။

BBC Burmese

https://www.bbc.com/burmese/55882593

သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ ထိန်းသိမ်းခံရ  သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 06:35 Rating: 5

No comments:

Powered by Blogger.