အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)

အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေကို ဒီကနေ့ကစပြီး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးပေးနေပါပြီ။ ကမ္ဘာမှာ အိန္ဒိယနိုင်ငံက ဒုတိယ လူဦးရေအများဆုံး ဖြစ်တာကြောင့် ဒီကာကွယ်ဆေးထိုးလုပ်ငန်းဟာ ကမ္ဘာမှာ အကြီးမားဆုံး ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ဖြစ်ဖွယ်ရှိပါတယ်။

ဒါ့အပြင် အိန္ဒိယဟာ ကမ္ဘာမှာ ကာကွယ်ဆေး အများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်သလို အကြီးမားဆုံး ကာကွယ်ဆေးထိုး အစီအစဉ်တွေ ရှိထားတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ကြီးမားလှတဲ့ လုပ်ငန်းမျိုးအတွက် မှီငြမ်းကိုးကားစရာ လက်စွဲစာအုပ်ရှိတာ မဟုတ်ပါဘူး။

လူပေါင်း သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးပေးဖို့ အိန္ဒိယအာဏာပိုင်တွေ ရည်မှန်းထားတာကြောင့် ဒါဟာ အမေရိကန်လူဦးရေနီးပါး ရှိသလို အိန္ဒိယကလေးငယ် ၂၆ သန်းကို ကာကွယ်ဆေးထိုးပေးတဲ့ လက်ရှိအစီအစဉ်ထက်လည်း ပိုများပါတယ်။

ဆေးထိုးပေးမယ့်သူတွေထဲမှာ ဆရာဝန်၊ သူနာပြုနဲ့ ရှေ့တန်းကလုပ်ကိုင်နေရသူ သန်း ၃၀ ပါဝင်ပြီး ကျန်တာကတော့ အသက် ၅၀ အထက် ဒါမှမဟုတ် COVID-19 ရောဂါ ကူးစက်နိုင်ခြေများတဲ့ နာဖျားမကျန်းဖြစ်နေသူ သန်းပေါင်း ၂၇၀ ကို ထိုးပေးမှာပါ။

အသက် ၇၀ အရွယ် ဝန်ကြီးချုပ် Narendra Modi က တခြား ကမ္ဘာ့ခေါင်းဆောင်တွေလိုပဲ စံနမူနာအနေနဲ့ ကာကွယ်ဆေး အထိုးခံမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း အခု ပထမအဆင့်မှာ နိုင်ငံရေးသမားတွေကို ဦးစားပေးရမယ့်အစုအဖြစ် သတ်မှတ်မှာမဟုတ်ဘူးလို့ သူ့အစိုးရက ပြောထားပါတယ်။

လူဦးရေ သန်းပေါင်း ၁,၄၀၀ နီးပါးရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးမယ်ဆိုတာ ကျန်းမာရေးတာဝန်ရှိသူတွေက တိတိကျကျ မပြောသေးပါဘူး။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် အကြီးမားဆုံး ကာကွယ်ဆေးထိုးလုပ်ငန်း ဖြစ်မှာကတော့ သေချာတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/india-covid-vaccine/5740079.html

အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင် အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင် Reviewed by THITHTOOLWIN on 00:15 Rating: 5

No comments:

Powered by Blogger.