တပ်မတော်ထောက်ခံပွဲ ဦးဆောင်ကျင်းပမယ့် မိုက်ကယ်ကျော်မြင့် ဖမ်းဆီးခံရ

တပ်မတော်ထောက်ခံပွဲ ဦးဆောင်ကျင်းပမယ့် မိုက်ကယ်ကျော်မြင့် ဖမ်းဆီးခံရ မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ်မှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ် / Photo: RFA

ဝရမ်းပြေးအဖြစ် ကြေညာခံထားရတဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက် မနေ့ညက ဖမ်းမိခဲ့တယ်လို့ မြို့နယ်ရဲစခန်းမှူး စိုးဝင်းက RFA ကို အတည်ပြုပြောပါတယ်။

မိုက်ကယ်ကျော်မြင့်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ ( က) နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ အမှု ဖွင့်ထားပြီး စစ်ဆေးနေတယ်လို့ တောင်ဒဂုံမြို့နယ် စခန်းမှူး စိုးဝင်းက ပြောပါတယ်။

ဘာကြောင့် ဒီပုဒ်မနဲ့ တရားစွဲဆိုထားတယ် ဆိုတာကိုတော့ သူကထုတ်ဖော်မပြောပါဘူး။

မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က တရားလိုလုပ်ပြီး ဇန်နဝါရီ ၁၉ ရက်နေ့က အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့မှာ မိုက်ကယ်ကျော်မြင့်က နေပြည်တော်မှာ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှိတဲ့ ဇေယျာသီရိမြို့နယ်မှာ တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုလုပ်မယ်လို့ အွန်လိုင်းကနေ ကြေညာထားတာပါ။

အဲဒီလှုပ်ရှားမှုမှာ တိုင်းပြုပြည်ပြု ကျောက်တိုင်ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင ထံ ပေးအပ်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူက ပြောကြားထားပါတယ်။

အဲဒီလှုပ်ရှားမှုကို တပ်မတော်က ထောက်ပံ့ပေးတာမရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ ပြုလုပ်ဖို့လည်း အစီအစဉ်မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၆ ရက်နေ့ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

မိုက်ကယ်ကျော်မြင့် တရားစွဲခံထားရတဲ့ ပုဒ်မ ၁၂၄-က ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ်အနှစ် ၂၀ နဲ့ ညီမျှတဲ့ ထောင်ဒဏ်တစ်သက် တစ်ကျွန်းအထိအပြင် ငွေဒဏ်ပါ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

မိုက်ကယ်ကျော်မြင့်ဟာ အရင်ကလည်း အစိုးရကို အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကိုင်းတိုင်း ခင်ဦး မြို့နယ် ရဲစခန်းက ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ အမှုဖွင့်တရားစွဲဆိုခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထား ရတာပါ။ ဒါ့အပြင် ခွင့်ပြုချက်မဲ့တစ်ကိုယ်တော်ဆန္ဒပြမှုနဲ့ ကျောက်တံတားမြို့နယ်ရဲစခန်းကလည်း ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အမှုဖွင့်တရားစွဲဆိုထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/michael-kyaw-myint-arrested-01272021014041.html

တပ်မတော်ထောက်ခံပွဲ ဦးဆောင်ကျင်းပမယ့် မိုက်ကယ်ကျော်မြင့် ဖမ်းဆီးခံရ  တပ်မတော်ထောက်ခံပွဲ ဦးဆောင်ကျင်းပမယ့် မိုက်ကယ်ကျော်မြင့် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.