ရေး၊ ၂၂ ဇန်နဝါရီ
မွန်ပြည်နယ်၊ ရေးမြို့၊ မြသီတာစျေးအနီး ချောင်းထဲသို့ ကားတစ်စီး ထိုးကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံးသွားကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။
“ယောက္ခမနဲ့ သမက် ပါတာ။ နှစ်ယောက်စလုံး သေဆုံးသွားပါတယ်။
လီဗာနဲ့ ဘရိတ် မှားနင်းလို့ဖြစ်တာလို့ အကြမ်းဖျဉ်း သိရပါတယ်” ဟု ရေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ပြောသည်။
ဇန်နဝါရီ ၂၂ ရက် နံနက် ၁၁ နာရီက ကမ်းနားလမ်းမှ Honda Fit အမျိုးအစား အဖြူရောင်ယာဉ်သည် ရုတ်တရက် အရှိန်လွန် ထိုးကျသွားခြင်းဖြစ်ပြီး နံနက် ၁၁ နာရီက ကမ်းပေါ် ဆယ်တင်နိုင်ခဲ့ကြသည်။
ဆယ်ယူရရှိသော ကားအတွင်း၌ ၇၀ အရွယ် ယောက္ခမဖြစ်သူ ဦးရွှေလာနှင့် သမက်ဖြစ်သူ အသက် ၅၀ ခန့်ရှိ ဦးစိုးမြင့်တို့အား သေဆုံးလျက်တွေ့ရကြောင်း၊ လတ်တလောတွင် ၎င်းတို့၏ နေရပ်လိပ်စာအား စုံစမ်းစစ်ဆေးနေကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးနေကြောင်း သိရသည်။
ရွှေမြင့်ဦး(ရွှေပြည်သာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
