ကိုဗစ်ကြောင့် အကျပ်ဆိုက်နေတဲ့ မြန်မာ့ ပုဂ္ဂလိကပညာရေးကဏ္ဍ

ကိုဗစ်ကာလ ပထမဆုံး ကျောင်းဖွင့်ရက်မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စာသင်နှစ်တနှစ်နီးပါး ကျောင်းတွေ ပိတ်ထားရတာကြောင့် ပုဂ္ဂလိက ပညာရေးလုပ်ငန်းတွေ ဆက်လက် ရပ်တည်နိုင်ရေး အခက်ကြုံနေရပါတယ်။ ပုဂ္ဂလိက ပညာရေးကဏ္ဍမှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ၊ ကျော်လွှားနိုင်အောင် ဘာတွေလုပ်ဖို့ လိုနေသလဲ ဆိုတာတွေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့ပေမဲ့ ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ထားရတာ အခုအချိန်အထိပါ။ ဒီလို ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ ပညာရေး အဆက်မပြတ်စေဖို့အတွက် ဘာသာရပ်သင် ကျူရှင်တွေနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာလည်း အွန်လိုင်းကနေ သင်ကြားတာတွေ ရှိပေမဲ့လည်း ရေရှည်မှာတော့ အခက်အခဲတွေ ရှိလာနေတယ်လို့ ပုဂ္ဂလိကပညာရေး အသိုင်းအဝန်းက ပြောပါတယ်။

ရန်ကုန်မြို့က ဟံသာဝတီစာသင်ဝိုင်း တည်ထောင်သူ ဒေါ်စောမြတ်ထက်ကတော့ ၂၀၀၅ ခုနှစ်ကတည်းကစတင်ခဲ့တဲ့ လုပ်ငန်းမှာ စိန်ခေါ်မှုတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

“အမတို့က အစကတည်းက ကျူရှင်မှာ လူအယောက် ၇၀ လောက်ရှိတော့ အွန်လိုင်းနဲ့ သင်ရင်လည်း ၄၀ လောက်ဆိုတော့ ဆက်ဖွင့်လို့တော့ ရတယ်။ ဒါပေမဲ့ တချို့ ကျူရှင်တွေကျတော့ အဆင်မပြေဘူးပေါ့။ အယောက် ၃၀ လောက်ပဲ ရှိတာမျိုးကကျတော့ အွန်လိုင်းနဲ့ ဖွင့်မယ်ဆိုရင် ၅ ယောက်၊ ၁၀ ယောက်လောက်ပဲ တက်မယ်ဆိုရင် ဆရာတွေက ဘယ်လိုမှ အဆင်မပြေဘူးလေ။ အဲ့ဒီလိုမျိုး ရှိတယ်။ နောက်တစ်ခါ ကျူရှင်တွေ ပိတ်တာကြာတဲ့အခါကျတော့ ရန်ကုန်မှာလာပြီးတော့ အခန်းငှားပြီးနေရတဲ့ ဆရာတွေကျတော့ အကုန်လုံး ဒီမှာ လခတွေ တိုက်ခန်းငှားခတွေ၊ အိမ်ခန်းငှားခတွေ၊ ပေးနေရတာက လပေါင်းများစွာကျ အဆင်မပြေတော့ ကျူရှင်ပိတ်ပြီးတော့ နယ်ပြန်သွားတဲ့သူတွေလည်း ရှိတာပေါ့နော်။ အဲ့ဒါတွေကတော့ အမတို့ အများကြီးတွေ့ရတာပေါ့။”

စာသင်နှစ် တနှစ်လုံးနီးပါး ကျောင်းတွေ ပိတ်ထားရသလို၊ ကျောင်းတွေ ဘယ်တော့ပြန်ဖွင့်မလဲ၊ ဘယ်လိုပုံစံ ပြန်ဖွင့်မလဲဆိုတာ မရေရာ မသေချာေ သးတာကြောင့် လုပ်ငန်းတွေ ရပ်တည်ရေး အခက်အခဲတွေလည်း ရှိနေပါတယ်။ ပုဂ္ဂလိကကျောင်းပေါင်း ၂၈၀ ကျော် ရှိတဲ့ ရန်ကုန်တိုင်းမှာ ကပ်ရောဂါကာလ ထိခိုက်နေတဲ့ ပညာရေးလုပ်ငန်းတွေအတွက် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအဖြစ် ချေးငွေပေးတာ အပါအဝင် အစိုးရက ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့လည်း ပညာရေး ဝန်ဆောင်မှုလုပ်ငန်းတခုဖြစ်တဲ့ ICEC Education ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

“ဆရာတို့ Private ကျောင်းတွေဆိုတာ တကယ့်တကယ်က နိုင်ငံတော်ရဲ့ ပညာရေးစနစ်ကို နိုင်ငံတော် မနိုင်မနင်းဖြစ်နေတဲ့ ပညာရေးစနစ်ကို ဝိုင်းပြီးကူညီနေတာ ကူညီနေတာဖြစ်တဲ့ အတွက် ဒီကူညီနေတဲ့ သူတွေက အခု မကူညီနိုင်တော့ဘူး ကိုယ်ကိုယ်တိုင်တောင် မရပ်တည်နိုင်တော့ဘူးဆိုတော့ အဲ့ဒါ အဓိက အခက်အခဲပဲ။ SME ကိစ္စ ဆရာကိုယ်တိုင် အဲ့မှာ UMFCCI ရုံးကို ဆရာကိုယ်တိုင်သွားတဲ့အခါမှာ သူက ဘာပြောလဲဆိုတော့ ‘ဆရာ... တင်ခွင့်မပြုပါဘူးတဲ့၊ ဒီထဲမှာ အချက်ထဲမှာကိုက သင်တန်းကျောင်းဆိုရင် ဖွင့်ခွင့်ပြုပါတယ်။ Private ကျောင်းနဲ့ မူကြိုကျောင်းများကို မပါဆိုပြီးတော့’ ဆရာတို့ကို လုံးဝ ပယ်တာ ဒီမှာ Private ကျောင်းတွေက ရပ်တည်ဖို့ တအားခက်တယ်။ တချို့ကျောင်းလေးတွေက ဆရာစိတ်လည်း မကောင်းဘူး။ တချို့ဆို ကျမ ဘယ်လိုလုပ်ရမတုန်း၊ ကျနော် ဘယ်လိုလုပ်ရမတုန်း ဆရာဆိုပြီး ကျနော်ကို လာအကြံအဉာဏ်တောင်းတယ်။ ကဲ ဒီအချိန်မှာ ငါ့ကိုယ်ငါတောင် တော်တော်ရပ်တည်နေရတာ။ အဲ့ဒီတော့ တော်တော်အခက်အခဲဖြစ်ကြတယ်။ အဲ့ဒီလိုဖြစ်ကြတဲ့ခါ ဆရာတစ်ခုကြောက်တာ အစိုးရရဲ့ ကူညီပံ့ပိုးမှုသာ မရှိရင် Private ကျောင်းတွေ ပြိုလဲသွားနိုင်တယ်။”

ကပ်ရောဂါကာလ အစိုးရရဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ်မှာ ပုဂ္ဂလိကပညာရေးလုပ်ငန်းတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လည်း ပညာရေးလုပ်ငန်း လုပ်နေသူတွေက မျှော်လင့်နေကြပါတယ်။ ချေးငွေပေးတာအပြင်၊ အခွန်သက်သာခွင့်၊ ကင်းလွတ်ခွင့်တွေလို အစီအစဉ်မျိုးတွေ လုပ်ပေးစေချင်တယ်လို့လည်း မန္တလေးမြို့က KMC ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင် ဦးခင်မောင်ချိုက ပြောပါတယ်။

“အခြားလုပ်ငန်းတွေအများကြီးမှာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေရှိသလိုပဲ ဒီနိုင်ငံတော်ရဲ့ ပညာရေးကို တဘက်တစ်လမ်းက ကျနော်က ဝိုင်းဝန်းထမ်းရွက်ပေးနေတဲ့ ကျနော်တို့ ကိုယ်ပိုင်ကျောင်းတွေမှာလည်း အခက်အခဲတွေ အများကြီး ရှိတာပေါ့နော်။ ကိုယ်ပိုင်ကျောင်းတွေမှာက သဘောတရားအရ ငှားရမ်းသုံးစွဲတယ်ဆိုရင် ငှားရမ်းခတွေပေးရမယ်။ ကျောင်းသာ မဖွင့်တာာ သက်ဆိုင်ရာ အခွန်အခတွေလည်း ရှိတယ်။ မဖြစ်မနေ ကျနော်တို့ ခန့်ထားရတဲ့ ဝန်ထမ်းလစာတွေ ရှိတယ်။ ဒါ့အပြင် ဘဏ်ချေးငွေတွေ လုပ်မယ်ဆိုလို့ရှိရင်လည်း ဘဏ်ချေးငွေတွေက သူ့အချိန်နဲ့သူ ပေးနေရတာရှိတယ်။ အဲ့ဒီလိုတွေ အခက်အခဲတွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတော်ဘက်ကလည်း ကျနော်တို့ ဒါတွေကို နည်းနည်းလေး တချို့ဟာတွေကို သက်ညှာပေးမယ့် ပံ့ပိုးကူညီပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ နည်းနည်းသက်သာတာပေါ့ဗျာ။”

ကပ်ရောဂါကြောင့် အွန်လိုင်းပညာရေး ခေတ်စားလာတယ် ဆိုပေမဲ့လည်း နည်းပညာနဲ့ သင်ကြားရေး အထောက်အကူပစ္စည်း လိုအပ်ချက်တွေကလည်း စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း သင်ကြားရေး ပုံစံသစ်ဟာ ကပ်ရောဂါကာအလွန် နောက်ပိုင်းမှာလည်း လိုအပ်ချက်တခု ဖြစ်လာနိုင်တာကြောင့် ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ ရန်ကုန်မြို့က ဘာသာရပ်သင်ဆရာ ဦးနေထက်အောင်က ပြောပါတယ်။

“လာမယ့်နှစ်တွေမှာ ပညာရေးစနစ် အပြောင်းအလဲမှာ ကျနော်တို့က အွန်လိုင်းကို အခြေခံပြီး လေ့လာရမယ့် စနစ်က လိုကိုလိုအပ်လာမှာပါ။ အဲ့ဒီအတွက်ကြောင့် သင်ရတဲ့ ဆရာတွေအနေနဲ့ရော လေ့လာသင်ယူနေကြတဲ့ ကျောင်းသားတွေအနေနဲ့ရော ဒါမဖြစ်မနေပေါ့နှော် ခုဒါကို E-Learning စနစ်ခေါ်မှာပေါ့နော်။ ဒီ E-Learning စနစ်ကို သွားဖို့လိုမှာဖြစ်တဲ့အတွက်ကြောင့် ရေရှည်အတွက် ဆရာတွေဘက်ကလည်း ကြိုတင်ပြင်ဆင်ဖို့အတွက်လိုတယ်။ ကျနော့် အရင်က အပြင်မှာ စာသင်သလိုမျိုး ပုံစံမဟုတ်ဘဲနဲ့ Presentation ကောင်းကောင်းနဲ့ ကျနော်တို့က Power Point Slide တွေကို သုံးပြီးတော့ သင်ထောက်ကူတွေကို သုံးပြီးတော သင်ဖို့အတွက်လည်း ကျနော်တို့ဘက်က ပြင်ဆင်ရပါမယ်။”

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းမှာ ကျောင်းမတက်နိုင်တဲ့ ကျောင်းသား အရေအတွက် သန်းပေါင်း ၁,၅၀၀ ကျော်လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာ အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေ ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ဖော်ပြထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-education/5747703.html

ကိုဗစ်ကြောင့် အကျပ်ဆိုက်နေတဲ့ မြန်မာ့ ပုဂ္ဂလိကပညာရေးကဏ္ဍ ကိုဗစ်ကြောင့် အကျပ်ဆိုက်နေတဲ့ မြန်မာ့ ပုဂ္ဂလိကပညာရေးကဏ္ဍ Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.