ကိုဗစ် - ဗြိတိန်မှာ သေနှုန်း မြင့်တာ 'ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်' လို့ ပညာရှင်တွေပြော

 ကိုဗစ် - ဗြိတိန်မှာ သေနှုန်း မြင့်တာ 'ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်' လို့ ပညာရှင်တွေပြော

ဗြိတိန်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကပ်ကြောင့် ကမ္ဘာမှာ သေဆုံးနှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်သွားတာဟာ "ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်" ဖြစ်ရတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လော့ခ်ဒေါင်း ၃ ကြိမ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ သိပ္ပံနည်းကျ အကြံပေးချက်တွေ ကို ဝန်ကြီးချုပ်က လိုက်ပါလုပ်ဆောင်ဖို့ တုံ့နှေးနေခဲ့တာဟာ "ဧရာမ အမှားကြီးတွေပဲ" လို့ အတိုက်အခံ လေဘာပါတီက ဝေဖန်ပါတယ်။

ဗြိတိန်မှာ ကိုဗစ်ကြောင့်သေဆုံးခဲ့ရတဲ့ လူပေါင်း ၁၀၀,၀၀၀ ကျော်ရှိပြီဖြစ်ပြီး ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က "လုပ်နိုင်သမျှအားလုံးကို ကျွန်တော်တို့ အသေအချာလုပ်ခဲ့ပါတယ်"လို့ ပြောပါတယ်။

အီဒင်ဘရာ တက္ကသိုလ်က ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပါမောက္ခ လင်ဒါ ဘိုးလ်က "ကန့်သတ်ချက်တွေကို လျှော့ချတဲ့အခါမှာ လုပ်ခဲ့တဲ့ဆုံးဖြတ်ချက် အမှားတွေကြောင့်" ဗြိတိန်ဟာ ဒီနေ့အခြေအနေကို ရောက်နေတာလို့ ဆိုပါတယ်။

ဆေးစစ်တာတွေ၊ ကွင်းဆက်လိုက်တာတွေအပေါ် အာရုံမစိုက်တာတွေ၊ နိုင်ငံတကာကလာတဲ့ ခရီးသည်တွေနဲ့ပတ်သက်ပြီး အသေအချာလုပ်ဆောင်ဖို့ လိုအပ်ချက်တွေကို "သိမြင်နိုင်တဲ့အရည်အချင်း လုံးဝကင်းမဲ့" တာတွေ၊ စတာတွေ ကြောင့် ဆောင်းတွင်းမှာ ကူးစက်နှုန်း၊ သေဆုံးနှုန်းထိုးတက်တဲ့အထိ ဖြစ်သွားတယ်လို့ မစ္စ ဘိုလ်းက ဘီဘီစီကို ပြောပါတယ်။

ကိုဗစ် သေဆုံးမှုတွေအကြားက မညီမျှမှုတွေကို ပြန်လည်သုံးသပ်ခဲ့တဲ့ ပါမောက္ခ ဆာ မိုက်ကယ် မာမော့က ဗြိတိန်ဟာ ကျန်းမာရေးဆိုင်ရာ မညီမျှမှုတွေ၊ သက်တမ်းရှည် စေရေး ဆောင်ရွက်ချက်အားနည်းတာတွေ၊ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှု မရှိတာတွေ အပါအဝင် "ဆိုးဝါးတဲ့ အခြေအနေတွေနဲ့" ကမ္ဘာ့ကပ်ကို ရင်ဆိုင်ခဲ့ ရတယ်လို့ ပြောပါတယ်။

လက်ရှိအစိုးရ ကျန်းမာရေးဝန်ကြီးက လုပ်ဆောင်ချက်တွေကို ထောက်ပြဝေဖန်ဖို့ လေဘာပါတီမှာ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဂျိုနသန် အက်ရှ်ဝါ့ဒ်က ဘောရစ် ဂျွန်ဆင်အနေနဲ့ လုပ်နိုင်တာမှန်သမျှကို လုပ်ခဲ့တယ်ဆိုတဲ့ အပြောကို သူ မယုံကြည်ကြောင်းပြောပြီး " သူပြောတာကို ကျွန်တော် လက်မခံဘူး"လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟာ လော့ခ်ဒေါင်းလုပ်ဖို့အတွက် ပညာရှင်တွေဆီကနေ မတ်လမှာ တင်မဟုတ်ဘူး၊ စက်တင်ဘာ၊ ဒီဇင်ဘာလတွေမှာပါ အကြံပေးတာတွေကို ရခဲ့တယ်၊ သူက အဲဒါတွေကို "လက်မခံပဲ နောက်ပို့ထားခဲ့တာ" လို့ သူက ပြောပါတယ်။

အစိုးရဟာ ပိုးကူးစက်ခံရနိုင်ခြေရှိသူတွေကို ကွင်းဆက်ခြေရာခံ မလိုက်တာ၊ နယ်စပ်တွေမှာ ကျန်းမာရေးဆိုင်ရာ အားကောင်းတဲ့ ထိန်းချုပ်မှုတွေကို မလုပ်တာ၊ အခုထက်ထိလည်း "နာမကျန်းဖြစ်ရင် လစာကို သင့်တော်အောင်မပေးတာ" စတဲ့အပိုင်းတွေမှာလည်း မှားခဲ့တယ်လို့ သူက ဆိုပါတယ်။

အစိုးရရဲ့ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ဝန်ကြီး ရောဘတ် ဂျန်ရစ်ခ်က "ဖြစ်ပြီးတာကို ပြန်ကြည့်ပြီး ပြောမယ်ဆိုရင်" ဘာတွေလုပ်လိုက်ရင် ပိုကောင်းမလဲ ဆိုတာတွေ တော့ ရှိပါတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့ ဆုံးဖြတ်လုပ်ကိုင်ရတဲ့အခါမှာ ကြုံရတဲ့ ဒီအခြေအနေတွေအတွက် ကိုးကားစရာ "ပြဋ္ဌာန်းစာအုပ်" တစ်အုပ်မှ မရှိပါဘူး၊ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ "လုပ်လို့ ဖြစ်နိုင်စရာ အကောင်းဆုံးသော သိပ္ပံနည်းကျ ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေ" ကို ယူခဲ့ပါတယ်လို့ မစ္စတာ ဂျန်ရစ်ခ်က ဆိုပါတယ်။

ဖိအားတွေများနေတဲ့ အထူးကြပ်မတ်ကုသဌာနက အခြေအနေ

စက်တင်ဘာလအတွင်းမှာ အခုလုပ်ခဲ့တာထက် ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ခဲ့ရင် အဲဒီကာလနောက်ပိုင်း သေဆုံးမှုတွေထဲက အများအပြားကို တားဆီးနိုင်မယ်လို့ ပြောခဲ့တဲ့ အင်ပီရီရယ် ကောလိပ်က ပါမောက္ခ နေးလ် ဖာဂူဆန်ရဲ့ ဆန်းစစ်ချက်ကိုလည်း သူက ပြန်စိန်ခေါ်တုံ့ပြန်ပါတယ်။

ဗီဇပြောင်းမျိုးကွဲသစ် ဗိုင်းရပ်စ် စတင်ပေါ်လာချိန်မှာ ဖြစ်ပွားနှုန်း အဆင့်လိုက် နယ်မြေတွေ ခွဲခြားပြီး ကန့်သတ်စည်းမျဉ်းချမှတ်တဲ့ စနစ်နဲ့ အတူ လုပ်စရာ ရှိတာတွေကို လျင်လျင်မြန်မြန် ဆောင်ရွက်ခဲ့တယ်လို့ ထောက်ပြရင်း ခိုင်မာတဲ့ လုပ်ငန်းစဉ်မရှိဘူးလို့ သူတို့ကို ပြောတာဟာ "မျှတမှု မရှိသလို၊ မှန်လည်း မမှန်ကန်ဘူး"လို့ သူက ပြောပါတယ်။

အင်္ဂါနေ့က ဒေါင်းနင်းလမ်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်က သေဆုံးသူတွေနဲ့ ပတ်သက်ပြီး "အရေအတွက် ပမာဏတွေက များလှတဲ့အတွက်ဖြစ်ရတဲ့ ဝမ်းနည်းရတာက မဖော်ပြနိုင်လောက်အောင်ပါပဲ"လို့ ဆိုရင်း ဒီအတွက် သူ့အနေနဲ့ "တာဝန်အပြည့်အဝ ရှိပါတယ်"လို့ ပြောပါတယ်။

ကိုယ့်ရဲ့ ချစ်ခင်ရသူတွေ ဆုံးပါးခဲ့တာတွေအတွက် သူ "အထူး ဝမ်းနည်းကြေကွဲ" ကြောင်းလည်း စကားပါးပါတယ်။

ယူကေမှာ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းပြဇယား

ယူကေမှာ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ။ ရင်းမြစ်- Gov.uk dashboard။ ၂၀၂၁ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးရ အချက်အလက်။

ကမ္ဘာမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ မက္ကဆီကို စတဲ့နိုင်ငံတွေ ပြီးရင် ဗြိတိန်က ကိုဗစ်ကြောင့် ပဉ္စမမြောက် သေဆုံးမှုအများဆုံးနိုင်ငံပါ။

ဗြိတိန်မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူပေါင်း ၁,၆၃၁ ယောက် သေဆုံးခဲ့ပြီး ကပ်ဘေးအတွင်း ကိုဗစ် ပိုးကူးစက်ခံရကြောင်းတွေ့ရှိထားပြီးနောက် ၂၈ ရက်အတွင်း သေဆုံးခဲ့သူ လူနာပေါင်း ၁၀၀,၁၆၂ ယောက်ရှိသွားပါပြီ။

အင်္ဂါနေ့က ကိုဗစ်ကူးစက်ခံရသူ ၂၀,၀၈၉ ယောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကူးစက်ခံရသူ စာရင်းနဲ့ နှိုင်းယှဉ်ရင်တော့ ကျဆင်းလာတာတွေ့ရသလို၊ သေဆုံးနှုန်းက လည်း ကျလာတာကို တွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55827719

ကိုဗစ် - ဗြိတိန်မှာ သေနှုန်း မြင့်တာ 'ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်' လို့ ပညာရှင်တွေပြော  ကိုဗစ် - ဗြိတိန်မှာ သေနှုန်း မြင့်တာ 'ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်' လို့ ပညာရှင်တွေပြော Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.