တပ်မတော်စွပ်စွဲသလို ရွေးကောက်ပွဲ မဲမသမာမှု မရှိခဲ့ကြောင်း ကော်မရှင် တုံ့ပြန်

တပ်မတော်စွပ်စွဲသလို ရွေးကောက်ပွဲ မဲမသမာမှု မရှိခဲ့ကြောင်း ကော်မရှင် တုံ့ပြန် (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ / Photo- AFP

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေရှိခဲ့ပေမယ့် တပ်မတော်ဘက်က စွပ်စွဲထားသလို မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တပ်မတော်က ထောက်ပြထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိတဲ့သူတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ရွေးကောက်ပွဲကော်မရှင်ဘက်က မြန်မာနိုင်ငံမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိတဲ့သူ အများအပြားရှိကြောင်း၊ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားဖြစ်ကြောင်း တစ်စုံတစ်ရာပြနိုင်ရင် မဲပေးခွင့်ရှိတယ်လို့ ဥပဒေမှာပြဌာန်းထားပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိလည်း မဲပေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ တုံ့ပြန်ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်က တောင်းဆိုထားသလို ကော်မရှင်နဲ့ အစိုးရတို့ အမြန်ညှိနှိုင်း အဖြေရှာကြဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခံထားရတဲ့အဖွဲ့ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကို လက်ရှိအာဏာရ အစိုးရနဲ့ ညှိနှိုင်းရမယ်လို့ ဥပဒေမှာပြဌာန်းထားတာ မရှိဘူးလို့လည်း ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲကို အများပြည်သူရှေ့မှောက်မှာ ပွင့်လင်းပြီး တရားမျှတစွာ ကျင်းပခဲ့ပြီးဖြစ်သလို ပြည်သူ လူထုဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အတည်ပြုကြေညာပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ တရားမမျှတဘူးလို့ ယူဆရင် ဥပဒေအတိုင်း ကန့်ကွက်လွှာတင်သွင်းနိုင်ပြီး ရွေးကောက်ပွဲ ခုံရုံးရဲ့ အဆုံးအဖြတ်ကို ခံယူနိုင်သလို၊ အဆုံးအဖြတ်ကို မကျေနပ်ရင်လည်း အယူခံဝင်နိုင်တယ်လို့ ပြောထား ပါတယ်။

ရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တရားဝင် တိုင်ကြားထားတဲ့ ကန့်ကွက်လွှာ ၂၈၇ ခုရှိတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စာရင်းတွေမှားယွင်းနေကြောင်းနဲ့ တစ်ကြိမ် ထက်ပိုပြီး မဲပေးခဲ့တဲ့ဖြစ်ရပ်တွေ၊ အသက် ၁၈ နှစ် မပြည့်ဘဲ မဲပေးခွင့်ရခဲ့သလို နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိဘဲ မဲပေးခွင့်ရခဲ့တဲ့ အဖြစ်အပျက်တွေကို စိစစ်တွေ့ရှိထားတယ်လို့ တပ်မတော်က ပြောထားတာပါ။

တပ်မတော်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲဖြစ်ရပ်တွေကို တပ်မတော်က ပြန်စိစစ်ခဲ့ပြီးနောက် အငြင်းပွားဖွယ် မဲစာရင်း မှားယွင်းမှုပေါင်း ၈.၆ သန်းကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

တပ်မတော်ဘက်က ကန့်ကွက်ထားတဲ့ ရွေးကောက်ပွဲ မဲအငြင်းပွားဖွယ်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လက်ရှိအာဏာရ NLD ပါတီ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်ထောင်စုလွှတ်တော်ရုံးတို့ဟာ ဥပဒေပြဌာန်းချက်တွေကို ကိုယ်လိုရာ ဆွဲသုံးနေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲပြောဆိုနေပါတယ်။

ပြဌာန်းထားတဲ့ ဥပဒေတွေကို ကိုယ်လိုရာ ဆွဲပြောနေမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကို ဦးတည် သွားနိုင်ကြောင်း၊ ဥပဒေကို မလေးစား မလိုက်နာရင် အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ့်အကြောင်း၊ တော်လှန်ရေးကောင်စီခေတ်တုန်းက ၁၉၄၇ ခုနှစ် ဥပဒေကို ဖျက်ခဲ့ကြောင်း၊ နဝတခေတ် တပ်မတော် တက်လာတဲ့အခါမှာလည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မနေ့က လူသိရှင်ကြား ပြောလိုက်ပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရွေးကောက်ပွဲ အငြင်းပွားနေတဲ့ ကိစ္စရပ်တွေကို လက်ရှိအာဏာရ NLD အစိုးရက ဖြေရှင်းမပေးဘူးဆိုရင် တပ်မတော်ဘက်က အာဏာ မသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ဝေဖန်ပြောဆိုချက်တွေ ပြင်းပြင်းထန်ထန်ရှိလာပေမယ့် ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်ကတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/myanmar-election-update-uec-response-army-01282021054530.html

တပ်မတော်စွပ်စွဲသလို ရွေးကောက်ပွဲ မဲမသမာမှု မရှိခဲ့ကြောင်း ကော်မရှင် တုံ့ပြန်  တပ်မတော်စွပ်စွဲသလို ရွေးကောက်ပွဲ မဲမသမာမှု မရှိခဲ့ကြောင်း ကော်မရှင် တုံ့ပြန် Reviewed by THITHTOOLWIN on 00:45 Rating: 5

No comments:

Powered by Blogger.