တောင်ကုတ် NLD အမတ်လောင်း သုံးဦးကို လက်နက်ကိုင်တွေ ဖမ်းဆီး

လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတဲ့ တောင်ကုတ်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင် တို့ကို တွေ့ရစဉ်

Photo: CJ

 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်လောင်း သုံးယောက်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒီနေ့မနက်မှာ ဖမ်းဆီးသွားတယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ ၃၂ နှစ်အရွယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော နဲ့ ၄၈ နှစ်အရွယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ဖမ်းဆီးခံလိုက်ရတာပါ။

အမတ်လောင်းသုံးယောက်ဟာ ဒီနေ့ အောက်တိုဘာ ၁၄ရက် မနက်က ရွာတွေထဲ မဲဆွယ်စည်းရုံးနေစဉ် လက်နက်ကိုင်ဆောင်ထားသူတွေက ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်လို့ တောင်ကုတ်မြို့နယ် NLD ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းကြည်က RFA ကို အတည်ပြုပြောပါတယ်။

"ခုဖြစ်တဲ့နေရာက ဖောင်းခါးကျွန်း၊ သူက ကျွန်းလွတ်၊ ရေပတ်လည်ဝိုင်းထားတဲ့ကျွန်း၊ အဲကျွန်းမှာ ကျနော်တို့ ကိုယ်စားလှယ်တွေက မဲဆွယ်စည်းရုံးဖို့ ရောက်နေတာပေါ့၊ အဲဒီမှာ လက်နက်ကိုင် လူတစ်စုက ထမင်းစားတဲ့ နေရာကို တက်လာပြီးတော့ လက်နက်နဲ့ဝိုင်းထားပြီးတော့ လက်ကိုင်ဖုန်းတွေ အကုန်သိမ်းပြီးတော့ ခေါ်သွားတယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ တောင်ကုတ်မြို့မရဲစခန်းမှာ တောင်ကုတ်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့က အမှုဖွင့်ထားတယ်လို့လည်း ဦးထွန်းကြည်က ဆိုပါတယ်။

သူတို့သုံးယောက်ကို လူလတ်ပိုင်းအရွယ် အမျိုးသား ခုနှစ်ယောက်လောက်က ရွာအနောက်ဘက်ကို လှေနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာ မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ တိုင်ကြားချက်အရ သိရတယ်လို့ ဖောင်းခါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်း က ပြောပါတယ်။

“၁၀နာရီ ၄၅၊ ၅၀ မိနစ်လောက်ရှိမယ်ထင်တယ်။ ဟောပြောပွဲမစခင် ထမင်းစားတယ်။ ထမင်းစားနေတဲ့အချိန် မှာလာခေါ်သွားတာ အဲဒီအမည်မသိ အဖွဲ့အစည်းတစ်ဖွဲ့က။ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်းမသိဘူး ဒါတွေကိုတော့။ ကျွန်တော်တို့ရွာရဲ့ အနောက်ဘက် ပင်လယ်ဘက်ကို မောင်းခေါ် သွားတာ။ အဲဒီဘက်မှာ ကုလားတန်မြစ်ရှိတယ်။ အဲဒီဘက်ကိုခေါ်သွားတာ။ စက်လှေနဲ့လို့ပြောတယ်။ ဒါက ဘယ်အဖွဲ့က ဖမ်းသွာတယ်ဆိုတာကိုတော့ တိတိကျကျ မသိသေးဘူးလေ။ လက်နက်တွေနဲ့ လာရောက် ဖမ်းဆီးသွားတာပါ။ ယူနီဖောင်းကတော့ အရပ်ဝတ်တွေယူနီဖောင်းပါ။ ဘောင်းဘီအတိုလည်းပါတယ်။ အရှည်လည်းပါတယ်။ အင်္ကျီတွေကလည်း ရိုးရိုးအင်္ကျီတွေပါပဲ။ ဒီဘက်မှာက အရင်တုန်းကလည်း AA နဲ့ တိုက်ပွဲဖြစ်တာတွေ မရှိပါဘူး။ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး”

ဒေါ်နီနီမေမြင့်ဟာ လက်ရှိတောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သလို ဦးမင်းအောင် ကလည်း လက်ရှိတောင်ကုတ်မြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။

ဒီမနက် ဖမ်းခံလိုက်ရတဲ့ ဒေါ်နီနီမေမြင့်ရဲ့ မောင်ဝမ်းကွဲဖြစ်တဲ့ ကိုဟိန်းလင်းထိုက်ကတော့  ဒီဖြစ်ရပ်ကို ရွာခံတွေ အကြောင်းကြားလို့ သိရတဲ့အကြောင်း ပြောပါတယ်။

"အခြေအနေက ကျနော်လည်း တိတိကျကျမသိဘူး၊ သုံးယောက်တောင် ဖမ်းခေါ်သွားတယ်ပြောတယ်၊ လွှတ်တော်ကိုယ်စားလှယ် သုံးယောက် ပါသွားတာတော့သေချာတယ်၊ စက်လှေနဲ့ ဖောင်းခါးကို မဲဆွယ် စည်းရုံးရေး အစောကြီး ရောက်တယ်၊ သူတို့ဖေ့ဘုတ်မှာတောင် တင်လိုက်သေးတယ်၊ ပြီးလည်းပြီးရော ဘာမှ အဆက်အသွယ် မရတော့ဘူး၊ နောက်မှ ဖောင်းခါးကလူ ဖုန်းဆက်မှ သိရတာပါ"

တောင်ကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို ညဘက်မှာ ရဲအယောင်ဆောင်ထားပြီး ဖမ်းဆီးဖို့ ကြိုးစားတာတွေရှိနေပြီး အသက်အန္တရာယ်လည်း ခြိမ်းခြောက်တာ ခံနေရတယ်လို့ ဦးမင်းအောင်က မေလက RFA ကို ပြောထားခဲ့ဖူးပါတယ်။

အခုလို NLD ကိုယ်စားလှယ်လောင်း သုံးယောက် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တောင်ကုတ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နဲ့ တောင်ကုတ်မြို့မ ရဲစခန်းမှူး ဦးလှတင်ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ သံတွဲခရိုင်ရဲစခန်းကို RFA က ဆက်သွယ်ရာမှာတော့ ခရိုင်ရဲစခန်းမှူးက သူတို့ဆီ သတင်းမရောက်သေးကြောင်း RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို ဆက်သွယ်ရာမှာတော့ ဝန်ကြီး အစည်းအဝေး လုပ်နေကြောင်း ဖုန်းလက်ခံဖြေကြားသူက ပြောပါတယ်။ ဆဲဗင်းဒေးသတင်းဌာနမှာတော့ ကိုယ်စားလှယ်လောင်း သုံးယောက်ကို AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဗိုလ်မှူးကြီး မင်းသန်း ဖြေကြားချက်ကို ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းတယ်ဆိုတာ မသိရသေးကြောင်းနဲ့ အမတ်လောင်းတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

"လက်နက်ကိုင်ပြီးတော့ ဒီလို ဖမ်းဆီးချုပ်နှောင်တာတွေဟာ မဲဆွယ်စည်းရုံးမှုကာလမှာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်၊ ယခင်တခေါက်ကလည်း ကျနော်တို့အဖွဲ့ချုပ်အဖွဲ့ဝင် ဦးရဲသိန်း အသက်သေဆုံးခဲ့ရဘူးတယ်၊ အဲတော့ ကျနော်တို့ဒီလိုလုပ်ဆောင်နေတာဟာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို အကျိုးမပြုတဲ့အပြင် ဆန့်ကျင်ဘက်အကျိုးတွေပါ ရလာပါလိမ့်မယ်၊ ကျနော်တို့ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချပါတယ်၊ ဒါကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်"

ဦးမင်းအောင်ဟာ ပြည်နယ်အစိုးရအဖွဲ့မှာ စည်ပင်ဝန်ကြီးအဖြစ် ကာလအတန်ကြာ တာဝန် ယူခဲ့သူဖြစ်ပြီး ရခိုင်ပြည်နယ် NLD အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ် ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဦးညီပုနဲ့ နီးစပ်သူတစ်ဦး ဖြစ်ပါတယ်။

ဝန်ကြီးချုပ်က  အမတ်လောင်းတွေ လွတ်မြောက်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

"ဖမ်းသွားတယ် ဆိုတာလောက်တော့ ကြားသေးတာပေါ့နော် အသေးစိတ်တော့ စုံစမ်းတုန်းပါပဲ၊ ပြန်လည် လွတ်မြောက်ရေးအတွက် လုံနယ်ဝန်ကြီးတို့နဲ့ စီစဉ်နေပါတယ်၊ မြန်မြန်လေး ပြန်လွှတ် ပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ၊ ဒီကာလမှာ၊ အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည် ဖြစ်နိုင်တော့ အကောင်းဆုံးပါဘဲ၊ ကြိုးစားနေပါတယ် သူတို့လွတ်မြောက်ရေးအတွက်"

သူတို့နဲအတူသွားတဲ့သူ ငါးဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်မသွားပေမယ့် သူတို့ရဲ့ ဖုန်းတွေလည်း အသိမ်းခံလိုက် ရတယ်လို့ ဆိုပါတယ်။  

သံတွဲခရိုင်ထဲတည်ရှိတဲ့ တောင်ကုတ်မြို့နယ်က AA လှုပ်ရှားမှု အနည်းငယ်ရှိပေမယ့် တိုက်ပွဲနယ်မြေမဟုတ်ပါဘူး။

NLD အမတ်လောင်း သုံးယောက်ကို ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာ အတည်ပြု ပြောဆိုသူ မရှိသေးပါဘူး။

ရခိုင်အရေး စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက မင်းပြား ရာမောင်တံတား အောက်ဘက်မှာ AA အဖွဲ့က စစ်ရေးလှုပ်ရှားမှု မရှိဘဲ ရံဖန်ရံခါ မြို့ပေါ် လှုပ်ရှားမှုလောက်သာ ရှိတာကြောင့် ဘယ်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာ ပြောရခက်တယ်လို့ ပြောပါတယ်။

“မင်းပြားကဆင်းလာရင် ရာမောင်တံတားဆိုတာရှိတယ်၊ အဲကကျော်လာရင် ကမ်းနီတို့ဘာတို့ပေါ့ဗျာ၊ အထက်ဘက်မှာဘဲ စစ်ရေးလှုပ်ရှားမှုရှိတာ၊ အဲအောက်မှာက စစ်ရေးလှုပ်ရှားမှုနည်းတယ်၊ ဒါပေမဲ့ ရမ်းဗြဲကျွန်းပေါ်မှာတို့ တောင်ကုတ်မှာတို့ တခါတခါ မြို့ပေါ် လှုပ်ရှားမှုရှိတယ်ဆိုတဲ့အသံ ထွက်တာမျိုး ရှိတယ်၊ ဖမ်းတာဆီးတာ တွေ့တယ် ဒါပေမဲ့ စစ်ရေးလှုပ်ရှားမှုအနေနဲ့ မတွေ့ရဘူး၊ အခုပြောတာကလည်း ယူနီဖောင်းဝတ်သွားရင် AAဆိုလည်း လက်မောင်းတံဆိပ်တွေ အရပ်သားတွေ တွေ့ရမှာပေါ့၊ ပြောလို့ရမှာပေါ့၊ အဲဒါမျိုး ရှင်းရှင်းလင်းလင်း သတင်းတက်လာတာ မတွေ့ရသေးဘူး၊ ပြောရခက်တယ်၊ ယေဘုယျ ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးတာ မသင့်တော်ဘူး ဆိုတာတော ပြောလို့ရတယ်၊ အဖွဲ့အစည်းသိရင်တော့ အဲအဖွဲ့အစည်းက ဘာရည်ရွယ်ချက်နဲ့လုပ်တာလည်း ဘာလည်းဆိုတာတော့ စုံစမ်းဖို့ လိုဦးမယ်”

တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ်လောင်း သုံးယောက်ကို ဖမ်းဆီးခြင်းရှိ၊ မရှိ သိရဖို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် ညနေ ငါးနာရီခွဲအထိ ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့တဲ့နှစ်အတွင်း AAအဖွဲ့ ဖမ်းဆီးထားစဉ် NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်က NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ဖမ်းဆီးခဲ့ပြီးနောက် နှစ်လခွဲကျော်အကြာမှာ AA က ပြန်လွှတ်ပေးခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/three-nld-candidates-in-taungup-arrested-10142020055010.html

တောင်ကုတ် NLD အမတ်လောင်း သုံးဦးကို လက်နက်ကိုင်တွေ ဖမ်းဆီး  တောင်ကုတ် NLD အမတ်လောင်း သုံးဦးကို လက်နက်ကိုင်တွေ ဖမ်းဆီး Reviewed by THITHTOOLWIN on 18:57 Rating: 5

No comments:

Powered by Blogger.