ရန်ကုန်ကပ်ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ထမ်းတွေ အားဖြည့်ထား

ရန်ကုန်မြို့ရှိ Quarantine Center တခုအပြင်ဘက်မှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်သူတွေ ရှိနေဆဲ ဖြစ်ပေမဲ့ ရောဂါထိန်းချုပ်ရေးမှာ အလားအလာကောင်းတွေ တွေ့နေရတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်တာကို တင်ပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြသွားမှာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းအတွင်း ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်နေတာကြောင့် အလားအလာကောင်းတွေလည်း တွေ့နေတယ်လို့ တာဝန်ရှိသူတွေ ပြောဆိုလိုက်ကြတာပါ။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေအပြင် ဆေးတက္ကသိုလ်၊ ကောလိပ်နဲ့ သူနာပြုသင်တန်းကျောင်း၊ ၁၆ ကျောင်းထက်မနည်းက ကျန်းမာရေးဝန်ထမ်းတွေ ဝိုင်းဝန်းအားဖြည့်ပေးနေလို့ အခုချိန်မှာ လူနာတွေကို ကုသမှုကောင်းကောင်းပေးနိုင်နေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လက်ရှိအနေအထားကတော့ စပြီးတော့ အခြေအနေကောင်းကို ရရှိနေပြီလို့တော့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ၁ပတ် - ၁၀ ရက်လောက်မှာတော့ တကယ့်ကို ရန်ကုန်ဆေးရုံကြီးမှာ ထားနိုင်တဲ့ ဦးရေထက်စာလို့ရှိရင် ပိုပြီးတော့လူတွေက များနေတာ၊ စုပြုံနေတာ၊ တယောက်နဲ့တယောက် နေရာတောင်အများကြီး မခြားနိုင်တဲ့ အခြေအနေရှိခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း လိုအပ်ချက်တွေက ရှိနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရုတ်တရက်လူနာတွေ များလာတဲ့အပေါ်မှာ ကျမတို့တွေအနောက်ကလိုက်ပြီးတော့ စီစဉ်ဆောင်ရွက်ရတာဖြစ်တဲ့အခါမှာ ဒီလိုမျိုးအချိန်စောင့်ရတာမျိုးတွေ ရှိပါတယ်။ တယောက်ချင်းစီတိုင်းက မိမိကိုယ်ကိုယ် ကျန်းမာအောင်နေထိုင် စောင့်ရှောက်မယ်၊ လိုက်နာသင့်တဲ့စည်းကမ်းတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ ကျမတို့ ဘာမှကြောက်စရာ မလိုပါဘူး။ အခုလက်ရှိဖြစ်ပွားနေတဲ့ ဖြစ်ပွားမှုတွေ၊ သေဆုံးမှုတွေကို အမြန်ဆုံးလျှော့ချနိုင်မှာ ဖြစ်ပါတယ်။”

ပြည်တွင်း အတည်ပြုလူနာတွေထဲက ရောဂါကူးစက်ခံရသူ ထက်ဝက်ကျော်ရှိနေတဲ့ ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေကို ရောဂါလက္ခဏာပေါ်မူတည်ပြီး အုပ်စု ၃ခုခွဲထားတာပါ။ အတည်ပြုလူနာတွေထဲက အနံ့မရသူတွေနဲ့၊ ရောဂါလက္ခဏာ အသင့်အတင့်ရှိသူတွေကိုတော့ သက်ဆိုင်ရာကိုဗစ်စင်တာတွေမှာ သီးသန့်ထားရှိပြီး၊ နောက်ခံရောဂါရှိသူတွေကိုတော့ ကိုဗစ်ကုသရေး ဆေးရုံကြီးတွေမှာ ထားရှိကုသပေးနေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“ဆေးရုံနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲရေးအဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ကနေပြီးတော့ လိုအပ်တာတွေကို ဆုံးဖြတ်ပြီးတော့ ဘယ်ဆေးရုံကို ဘယ်နှစ်ယောက်ပို့မယ်၊ ဘယ်ဆေးရုံမှာထားမယ်၊ စသဖြင့် အဖွဲ့လိုက်စဉ်းစားဆုံးဖြတ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ လုံးဝပြည့်စုံအောင်၊ အမှားအယွင်းနည်းအောင်၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်။ အဲဒီမှာ သက်ဆိုင်ရာကုသဖို့ ဆရာဝန်တွေကို ရန်ကုန်တိုင်းမှာ လက်ရှိကုသမှုပေးနေတဲ့ ဆရာဝန်တွေအပြင်၊ ဖြစ်ပွားမှုနည်းတဲ့တိုင်းနဲ့ ပြည်နယ်အသီးသီးကနေပြီးတော့ လုပ်အားပေးအနေနဲ့ရော၊ တာဝန်အရရောလာတဲ့ ဆရာဝန်၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်။ သူတို့ကနေပြီးတော့ လိုအပ်တဲ့နေရာမှာ လိုအပ်သလို ပံ့ပိုးကူညီတယ်။”

ကိုဗစ်ရောဂါလက္ခဏာတွေထဲမှာ အနံ့မရတာလည်း ပါဝင်ပေမဲ့ အနံ့မရတဲ့သူတိုင်းမှာတော့ ရောဂါပိုးရှိနေတာ မဟုတ်ပါဘူး။ ရန်ကုန်တိုင်းအတွင်း အနံ့မရသူတွေကို သီးခြားထားရှိဖို့ စင်တာပေါင်း ၄၀ ကျော်ရှိနေပြီး၊ သူတို့တွေအတွက် ကျန်းမာရေးဝန်ထမ်းအင်အား အများကြီးမလိုလို့ တခြားလိုအပ်တဲ့ကုသရေး ဆေးရုံကြီးတွေမှာသာ အားဖြည့်နေတယ်လို့ ပြောပါတယ်။ ကိုဗစ်လူနာတွေထဲ ကုသဖို့လိုသူတွေကို အဓိကထားစောင့်ကြပ်နေတဲ့ ဖောင်ကြီးဆေးရုံမှာတော့ လူနာဦးရေ ၁,၂၀၀ လောက်ကို အများဆုံးကုသပေးနေတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ပေါ်မလာခင်အချိန်ထိ ဘယ်သူမဆိုရောဂါပိုး ကူးစက်ခံရနိုင်ပြီး ရောဂါပျောက်ကင်းသွားသူတွေလည်း ဆက်ပြီးသတိရှိကြဖို့ကို အွန်လိုင်းကနေ တိုက်တွန်းထားပါတယ်။

“ကျမတို့ ဒီကိုဗစ်ရောဂါကို ဘယ်လောက်ကြာကြာလုပ်ရဦးမှာလည်း ဆိုတော့ ကျမတို့နားလည်သလောက်ကတော့ ပညာရှင်များရဲ့ အမြင်မှာတော့ ကာကွယ်ဆေးဆိုတာ သိပ်ပြီးတော့မကြာတော့တဲ့ကာလမှာ ဖြစ်နိုင်မယ်၊ ပေါ်တော့မယ်၊ သုံးနိုင်တဲ့အခြေအနေရောက်မယ် ဆိုပြီးတော့ ပြောကြပါတယ်။ ဒါကလည်း ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ ကျမ မပြောလိုပါဘူး။ ဒါပေမဲ့လည်း နောက်ဆုံးအချိန်ကိုရောက်နေပြီလို့ တော်တော်များများ ကျန်းမာရေးပိုင်းဆိုင်ရာ ပညာရှင်များကနေပြီးတော့ သတ်မှတ်ပါတယ်။ အဲတော့ ဒီလိုအခြေအနေရောက်တဲ့အထိကို ကျမတို့အားလုံးမှာ ရောဂါကူးစက်ဖို့အန္တရာယ် ရှိနေသေးတယ်ဆိုတာတော့ သတိပြုစေချင်ပါတယ်။ ရောဂါရပြီးလို့ ပြန်ပြီးတော့ကောင်းလာလို့ ဆေးရုံက ဆင်းလာတဲ့ သူတွေအတွက်လည်း အန္တရာယ်ရှိပါသေးတယ်။ ခုထက်ထိ ဒီရောဂါဟာ နှစ်ကြိမ်မကူးနိုင်ဘူးဆိုတာ ဘာအာမခံချက်မှ မရှိပါဘူး။ ဒါကြောင့်မို့ သတိထားကြပါ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာ အတည်ပြုလူနာပေါင်း ၂၉,၃၁၄ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၆၆၄ ဦး ရှိနေပါတယ်။ အခုရက်ပိုင်းမှာ ပိုးတွေ့လူနာတွေ ရုတ်တရက်များပြားလာပြီး ဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးဌာနတွေမှာ အခက်အခဲနဲ့ အဆင်မပြေမှု၊ လိုအပ်ချက်တွေ အစပိုင်းမှာ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဒါတွေကိုဖြေရှင်းကျော်လွှားနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နေသလို၊ ဝန်နဲ့အားမမျှအောင် တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း သည်းခံပေးဖို့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေတ္တာရပ်ခံထားပါတယ်။


စုစု/VOA (Burmese)

https://burmese.voanews.com/a/yangon-myanmar-covid-health-worker/5619469.html

ရန်ကုန်ကပ်ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ထမ်းတွေ အားဖြည့်ထား ရန်ကုန်ကပ်ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ထမ်းတွေ အားဖြည့်ထား Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.