ပယ်ဖျက်လိုက်တဲ့ဒေသတွေမှာ လုံခြုံရင် နိုဝင်ဘာ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ကော်မရှင်ပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ကို ၂၀၂၀ အောက်တိုဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် / Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၁၅ မြို့နယ်မှာ ရွေးကောက်ပွဲ ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာဟာ  ကော်မရှင်တစ်ခုတည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့ သက်ဆိုင်ရာ မြို့နယ်ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေရဲ့ သဘောထား မှတ်ချက်တွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ခဲ့တာလို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

အဲဒီနေရာဒေသတွေမှာ အန္တရာယ်ဖြစ်စေတဲ့ကိစ္စရပ်တွေရှိ မရှိ၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ လုံခြုံစွာနဲ့ ဆန္ဒမဲပေး လို့ရမရ စတဲ့ အချက်အလက်တွေပေါ်  အခြေခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေကို သုံးသပ်ပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာလို့ ဒီနေ့ အောက်တိုဘာ ၂၀ ရက်နေ့ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးမြင့်နိုင်က ရှင်းပြပြောကြားပါတယ်။

ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အထဲမှာ တိုက်ပွဲမဖြစ်ဘဲ  တည်ငြိမ်အေးချမ်းမှုရှိတဲ့နေရာတွေလည်း ပါနေတဲ့အ တွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်နေကြတဲ့အပေါ်မှာ အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ အဲဒီနေရာ တွေမှာ ဘေးကင်းလုံခြုံပြီး အန္တရာယ်မရှိဘူးလို့ ပြန်ပြီး တင်ပြလာတာမျိုးတွေရှိရင် သက်ဆိုင်ရာဌာနတွေကို သဘောထားမှတ်ချက်ပြန်တောင်းပြီး ရွေးကောက်ပွဲ ကျင်းပဖို့ရှိမရှိ ပြန်ကြေညာပေးသွားမယ်လို့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  

လက်ရှိချန်လှပ်ထားတဲ့ မြို့နယ် ကျေးရွာအုပ်စုတွေမှာ ဘေးကင်းလုံခြုံပြီး  မဲပေးမယ့်သူတွေအတွက် အန္တရာယ် မရှိဘူးဆိုရင် နိုဝင်ဘာ ၈ ရက်နေ့အချိန်မီရင်၊  ၈ ရက်နေ့မှာပဲ ကျင်းပမှာဖြစ်ပြီး အချိန်မမှီခဲ့ရင်လည်း ဘေးကင်း လုံခြုံတဲ့အချိန်မှာ ဆက်ကျင်းပသွားမယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီရှင်းလင်းချက်နဲ့ပတ်သက်ပြီး အစိုးရရဲ့သဘောထားသိနိုင်ဖို့အတွက် သမ္မတရုံး ပြောခွင့်ရသူ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို အင်တာနက်အွန်လိုင်းကတဆင့် စာရေးသား မေးမြန်းခဲ့ပေမဲ့ အခုအချိန်အထိ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ကော်မရှင်ရဲ့ အကြောင်းပြချက်မှာ ပြည်ထဲရေးနဲ့ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့  မှတ်ချက်တွေလည်း ပါဝင် တယ်လို့ ပြောဆိုထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီဝန်ကြီးဌာန နှစ်ခုကို တိုက်ရိုက်စီမံခန့်ခွဲခွင့်ရှိတဲ့ တပ်မတော်ရဲ့ သဘောထားကဘယ်လိုရှိပါသလဲ။ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ရခိုင်ပြည်နယ်က ကိုးမြို့နယ်နဲ့ ရှမ်းပြည်နယ်က ခြောက်မြို့နယ်မှာ လုံခြုံရေးအရ ဘယ်လောက် အန္တရာယ်ရှိနေလဲ၊ နောက်ပြီး ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပရင် ဘာတွေဖြစ်နိုင်မလဲ။

ရွေးကောက်ပွဲ ပယ်ဖျက်ရာမှာ ပါဝင်နေတဲ့ ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ်လောင်း ဒေါ်ခင်စောဝေကတော့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလုပ်ဖို့ ပြန်စဉ်းစားမယ်ဆိုရင် အချိန်မဆိုင်းဘဲ ချက်ချင်းကြေညာ ပေးသင့်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဟာဆိုရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့နေရာဖြစ်ပြီး ဒီလိုနေရာကို ရွေးကောက် ပွဲကျင်းပလို့ မဖြစ်တဲ့ နေရာထဲမှာ ထည့်သွင်းတာ၊ ပလက်ဝလို တိုက်ပွဲတွေ ရှိနေတဲ့နေရာကိုတော့ ရွေးကောက်ပွဲ ကျင်းပဖို့ ဆောင်ရွက်တာတွေပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ လတ်တလောမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ပလက်ဝ မြို့နယ်တွေကို ပြန်လည်သုံးသပ်ပြီး ကြေညာပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းကတော့  လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ညီတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်  ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သေချာပြင်ဆင်ပြီး လုပ်သင့်ကြောင်း အခုတစ်မျိုးတော်ကြားတစ်မျိုးမလုပ်ဘဲ သေချာပြင်ဆင်ပြီး လုပ်သင့်ကြောင်း ထောက်ပြ ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခု၊  ရှမ်းပြည်နယ်က မြို့နယ် ခြောက်ခု၊  ပဲခူးတိုင်းက နှစ်ခု၊  စုစုပေါင်း မြို့နယ် ၁၇ ခုအပါအဝင်   ကချင်၊ ကရင်နဲ့  မွန်ပြည်နယ်ထဲက ကျေးရွာအုပ်စုတစ်ချို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/uec-press-2020-election-10202020051617.html

ပယ်ဖျက်လိုက်တဲ့ဒေသတွေမှာ လုံခြုံရင် နိုဝင်ဘာ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ကော်မရှင်ပြော ပယ်ဖျက်လိုက်တဲ့ဒေသတွေမှာ လုံခြုံရင် နိုဝင်ဘာ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ကော်မရှင်ပြော Reviewed by THITHTOOLWIN on 19:03 Rating: 5

No comments:

Powered by Blogger.