နှင်းဆီပါတီဥက္ကဋ္ဌကို လဝက ဥပဒေနဲ့ ထပ်မံ တရားစွဲ

ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဥက္ကဋ္ဌ ဦးကျော်မြင့် ကို အဖမ်းမခံရမီ ၂၀၂၀ စက်တင်ဘာလတုန်းက တွေ့ရစဉ်

Photo: UDP's FB

ထောင်ပြေးမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဖျက်သိမ်းခံ ညီညွတ်သော ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) နဲ့ စွဲချက်တင်တာကို ချမ်းအေးသာစံမြို့နယ်တရားရုံးက ဒီကနေ့ လက်ခံလိုက်ပါတယ်။

အမှတ် (၈) ရဲစခန်းက စခန်းမှူး ဒုရဲမှူး အောင်မင်းက တရားလိုလုပ် တရားစွဲတာ ဖြစ်ပြီး ဒီအမှုနဲ့ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၆ လ ကနေ အများဆုံးထောင်ဒဏ် ၅ နှစ်၊ အနည်းဆုံး ငွေဒဏ်ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပါတယ်။

နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း  ဦးကျော်မြင့်ဟာ မှတ်ပုံတင် ကိုင်ဆောင်မှုမှာ လိမ်လည်မှုတွေ ရှိခဲ့တာကြောင့် လဝက အက်နဲ့ တရားစွဲ ဆိုထားကြောင်းနဲ့ ငွေကြေးခဝါချမှု ဥပဒေနဲ့ ဆက်လက်တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးရာမှာ နောက်ဆုံးတွေ့ရှိချက်အရ ၄၁ ဘီလီယံ ရှိပြီး ငွေလွှဲထားတာဟာ ၂၇ ဘီလီယံရှိတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

ထောင်ပြေးမှုနဲ့ ဦးကျော်မြင့်ကို လေးကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပြီးပါပြီ။ ထောင်ပြေးမှု ရာဇသတ်ကြီး ပုဒ်မ ၂၂၄ အရ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ချမှတ်ခံရနိုင်တာကတော့ ထောင်ဒဏ် ၂ နှစ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၁ နှစ်က မန္တလေးထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ဦးကျော်မြင့်ဟာ ထောင်အပြင်ဘက် ဆေးရုံမှာ  ရောက်ရှိစဉ် ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kyawmyint-udp-is-sued-again-by-immigration-10232020064041.html

နှင်းဆီပါတီဥက္ကဋ္ဌကို လဝက ဥပဒေနဲ့ ထပ်မံ တရားစွဲ  နှင်းဆီပါတီဥက္ကဋ္ဌကို လဝက ဥပဒေနဲ့ ထပ်မံ တရားစွဲ Reviewed by THITHTOOLWIN on 19:05 Rating: 5

No comments:

Powered by Blogger.