ဝါရှင်တန်ဒီစီ မြန်မာသံရုံး ကြိုတင်မဲပေးပွဲ

ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ကြိုတင်မဲလာပေးသူတချို့။ (အောက်တိုဘာ ၁၀၊ ၂၀၂၀)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ မြန်မာသံရုံးမှာ ဒီနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးကြမှာ ဖြစ်ပါတယ်။ ဒီ မြန်မာသံရုံးမှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ မဲပေးကြရမှာပါ။ ကိုရိုနာကပ်ရောဂါကာလလည်း ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့ စည်းကမ်းတွေဖြစ်တဲ့ မျက်နှာဖုံးတပ်တာ၊ လူခပ်ခွာခွာနေတာ စတဲ့ စည်းကမ်းတွေကို လိုက်နာပြီး မဲပေးကြရမှာပါ။ အပြည့်အစုံကို ဗွီအိုအေဝိုင်းတော်သား ကိုငြိမ်းချမ်းက ဝါရှင်တန်ဒီစီ မြန်မာသံရုံး သံမှူးကြီးနဲ့ မဲလာပေးသူတဦးကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကိုငြိမ်းချမ်း - မင်္ဂလာပါအမ၊ အမရဲ့နာမည်နဲ့ တာဝန်လေး ပြောပြပေးပါ။

ကိုငြိမ်းချမ်း - ဒီနေ့ အမေရိကန်မှာ မဲရုံက ဘယ်နှစ်ရုံလောက် ဖွင့်ထားလဲမသိဘူး။

သံမှူးကြီး - “မဲရုံက ဝါရှင်တန်ဒီစီရယ်၊ နယူးယောက်ရယ်၊ အယ်လ်အေရယ်၊ ပြီးတော့ အင်ဒီယားနားမှာ ဖွင့်ပါတယ်။”

ကိုငြိမ်းချမ်း - ဝါရှင်တန်ဒီစီသံရုံးမှာ မဲပေးတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိလဲ။

သံမှူးကြီး - “ဖို့ဒ်ဝိန်းမှာတော့ ၁၁၂ ယောက် ရှိပါတယ်။ ဒီမှာကြတော့ ၃၂၄ ယောက်ပါ။”

ကိုငြိမ်းချမ်း - အမေရိကန် တနိုင်ငံလုံး အနေနဲ့ရော။

သံမှူးကြီး - “၁,၅၀၀ ကျော်ရှိပါတယ်။”

ကိုငြိမ်းချမ်း - မဲလာပေးမယ့်သူတွေအနေနဲ့ ဘယ်လို စာရွက်စာတမ်းမျိုးတွေ ယူလာရမလဲခင်ဗျ။ အမတို့ ကြေညာထားတာ တွေ့ပါတယ်။

သံမှူးကြီး - “ကျမတို့ ကြေညာထားတာတော့ ပတ်စ်ပို့ ယူလာလို့ရပါတယ်။ ပြီးတော့ သူတို့ အဆင်ပြေမယ်ဆိုရင် မှတ်ပုံတင်၊ အိမ်ထောင်စု သန်းကောင်စာရင်းပေါ့။ ဒါတွေကလည်း သူတို့ ပုံစံ-၁၅ စတင် လျှောက်စဉ်ကတည်းက ကျမတို့ဆီမှာ သူတို့ တင်ပြထားပါတယ်။”

ကိုငြိမ်းချမ်း - ကျနော် နောက်တခုသိချင်တာ ဖို့ဒ်ဝိန်းမှာ ဘယ်လိုဖြစ်လို့ နောက်ထပ် မဲဆန္ဒ ရုံးခွဲတခု ဖွင့်ဖြစ်တာလဲ။

သံမှူးကြီး - “ဒီနှစ်ကတော့ အားလုံးသိတဲ့အတိုင်း ထူးခြားတဲ့ အချိန်ကာလလို့ ပြောလို့ရပါတယ်။ ကိုဗစ်ကြောင့်ပေါ့။ အမေရိကန်နိုင်ငံကဆို ပြည်နယ်တွေလည်း အများကြီး၊ တနေရာနဲ့ တနေရာ လာဖို့ကျတော့ မိုင်ပေါင်းများစွာ သူတို့ ခရီးနှင်လာရတယ်။ ဆိုတော့ အခက်အခဲတွေ ရှိမှာစိုးလို့ ကျမတို့က ပုံစံ-၁၅ ကျမတို့ကို တင်ပြတဲ့အခါမှာ ပုံစံ-၁၅ အများဆုံးရှိတဲ့ ပြည်နယ်ကို ကျမတို့က မဲရုံတရုံဖွင့်ဖို့ ရွေးလိုက်တာပေါ့။ အဲဒါကြောင့် သူ့ရဲ့ အနီးနားတဝိုက်မှာရှိတဲ့ တခြားပြည်နယ်တွေပါ ဖို့ဒ်ဝိန်းမှာပေးဖို့ စီစဉ်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒမဲပေးတဲ့သူတွေ အဆင်ပြေအောင်။”

ကိုငြိမ်းချမ်း - ၂၀၁၅ တုန်းက ဒီမှာမဲပေးတဲ့သူက ၁၄၀ ကျော်လောက်ပဲရှိတယ်။ အခု ဒီမှာဆိုရင် အမပြောတာ ၄၀၀ ကျော်၊ ၅၀၀ နီးပါးဆိုတော့ အဲဒါ ဘာကြောင့် ဒီလိုများလာတယ်ထင်လဲ။

သံမှူးကြီး - “ကျမထင်တယ် ပြောင်းလဲလာတဲ့ ခေတ်ကာလည်း ပါမှာပေါ့နော်။ ပြီးတော့ ပြောင်းတယ်ဆိုတာ ပြည်သူတွေက ပိုပြီး များများထည့်တော့ ဆန္ဒမဲပေးကြတာ တိုင်းပြည်အတွက်လို့ လူတွေက ပြောကြတယ်။ ဒါပေမယ့် အမှန်က ဆန္ဒမဲပေးတာ မိမိနဲ့ မိမိ မိသားစု၊ နောက်လာမယ့် Generation တွေအတွက်၊ ကိုယ့်ရဲ့တာဝန် နိုင်ငံသားတယောက်ရဲ့ တာဝန်အနေနဲ့ ပေးရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ လာပေးတယ်လို့ပဲ ကျမခံယူပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက မြန်မာသံရုံးတွေ အားလုံးမှာ မဲပေးတဲ့သူ ၃၀,၀၀၀ ကျော်ကျော်ပဲရှိပါတယ်။ အခုဆိုရင် ၁၀၉,၀၀၀ ကျော်ရှိပါတယ်။”

ဆက်လက်ပြီး မဲလာပေးတဲ့သူတချို့ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကိုငြိမ်းချမ်း - အမနာမည်နဲ့ ဘယ်ကလာတယ်ဆိုတာ မိတ်ဆက်ပေးပါဦး။

မခင်နှင်းမာ - “မေရီလန်းမှာနေတာ။ နာမည်က ခင်နှင်းမာပါ။”

ကိုငြိမ်းချမ်း - အမ ဘယ်မြို့နယ်အတွက် မဲပေးရမှာလဲ။

မခင်နှင်းမာ - “ဧရာဝတီတိုင်း၊ မြောင်းမြ။”

ကိုငြိမ်းချမ်း - ပထမဆုံးအကြိမ် မဲပေးတာလား၊ အရင်က မဲပေးဖူးလား။

မခင်နှင်းမာ - “မပေးဘူးသေးပါဘူး။ ကျနော်က ငယ်ငယ်တည်းက နိုင်ငံခြားရောက်တယ်။ ပြီးတော့ စင်ကာပူမှာ ပေးခဲ့တုန်းကလည်း Vote No ပဲ ပေးခဲ့ဖူးတာ။ ၂၀၁၅ တုန်းက ကျနော်လည်း မဲပေးခါနီးမှ ပတ်စ်ပို့ပျောက်တာသိတော့ မပေးလိုက်ရဘူး။ ဒီတခေါက်က ပထမဆုံးပဲ။”

ကိုငြိမ်းချမ်း - အမ ကိုယ်ပေးတဲ့ ကိုယ်စားလှယ်လောင်းတွေကို လေ့လာခွင့် ရခဲ့လား။ မြောင်းမြဆိုတော့။

မခင်နှင်းမာ - “ရပါတယ်။ မြောင်းမြဆိုတော့ မြောင်းမြက ဝက်ဘ်ဆိုက်မှာလည်း တက်ကြည့်လို့ရတယ်လေ။ ပြီးတော့ ဒီမှာ မဲပေးဖို့အတွက်ကို ရွေးကောက်ပွဲ ကော်မရှင်က အဲဒါတွေ အကုန်တက်ကြည့်တယ်။ ဘယ်သူ့ကိုပေးမယ်ပေါ့။”

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရဲ့ ကြိုတင်မဲပေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကိုရိုနာ ကပ်ရောဂါကာလ ဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို လိုက်နာရမှာပါ။ ဝါရှင်တန်ဒီစီမှာတော့ မဲပေးသူ ၃၀၀ ကျော်ရှိတဲ့အတွက် နှစ်ရက်ခွဲပြီး မဲပေးဖို့ စီစဉ်ထားပါတယ်။


ငြိမ်းချမ်း/VOA (Burmese)

https://burmese.voanews.com/a/early-vote-myanmar-embassy-washington/5616421.html

ဝါရှင်တန်ဒီစီ မြန်မာသံရုံး ကြိုတင်မဲပေးပွဲ ဝါရှင်တန်ဒီစီ မြန်မာသံရုံး ကြိုတင်မဲပေးပွဲ Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.