မန္တလေးနဲ့ စစ်ကိုင်းမှာ NLD ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်တာရပ်ဆိုင်း

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှာ NLD ပါတီဝင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်မိုး ၂၀၂၀ စက်တင်ဘာ ၁၃ ရက်နေ့က မဲဆွယ်နေစဉ်

Photo: Myint Aung Moe's

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပြန့်ပွားနှုန်းတွေ တစ်နေ့ထက်တစ်နေ့ဆိုးလာတာကြောင့် မန္တလေးနဲ့ စစ်ကိုင်းတိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်တာတွေကို ခဏ ရပ်ဆိုင်းသွားကြမယ်လို့သိရပါတယ်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်အတွင်းက မဲဆွယ်စည်းရုံးတဲ့ခရီးစဉ်တွေကို မနက်ဖြန် စက်တင်ဘာလ ၁၅ ရက်နေ့ကစတင်ပြီး ယာယီရပ်နားလိုက်တယ်လို့ ချမ်းမြသာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်မိုးက RFA ကိုပြောပါတယ်။

“မဲဆွယ်စည်းရုံးရေးထွက်တာနဲ့ ပြည်သူတွေက တစ်ခဲနက်ဝန်းရံအားပေးကြတော့ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်တာ။ အဲ့ဒါကြောင့် လူစုလူဝေးမဖြစ်အောင် နားတာ။ အွန်လိုင်းကနေတော့ မဲဆွယ်စည်းရုံးရေးဆက် လုပ်မယ်။ မြေပြင်မှာလည်း ဘယ်လိုပုံစံလုပ်ရင် လူစုလူဝေး မဖြစ်မလည်းဆိုတာကို ဆွေးနွေးပြီး စီစဉ်ပါမယ်”

မဲဆွယ်စည်းရုံးတာတွေကို အခုလ ၂၉ ရက်နေ့အထိ ခဏရပ်ထားဖို့ စီစဉ်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ တွေ့ရှိမှု အခြေနေပေါ်မူတည်ပြီးတော့ ပြန်လည်စတင်မှာဖြစ်တယ်လို့ ဦးမြင့်အောင်မိုးကပြောပါတယ်။

ချမ်းအေးသာစည်မြို့နယ်လိုပဲ မန္တလေးမြို့ပေါ်တစ်ခုလုံးမှာ မဲဆွယ်တာတွေရပ်နားဖို့ ဆွေးနွေးနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ထွဋ်ဦးက RFA ကိုပြောပါတယ်။

“အခုလို ယာယီရပ်နားတာကို မန္တလေးမြို့ပေါ်တစ်ခုလုံးရပ်နားဖို့ ဆွေးနွေးနေတယ်။ မြို့ပေါ်က စည်းရုံးရေးထွက်ပြီဆိုတာနဲ့ ဆိုင်ကယ်နဲ့ယာဉ်တန်းကြီးက အများကြီးလိုက်လာကြတယ်။ဒါကြောင့်ပါ။ နယ်တွေကတော့ ရပ်နားဖို့အစီစဉ်မရှိပါဘူး”

အလားတူပဲ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

ကသာမြို့နဲ့ ထိစပ်နေတဲ့ အင်းတော်မြို့နယ် နဘားရွာမှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာတစ်ဦးတွေ့ရှိပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ်တွေအစည်းအဝေးထိုင်ပြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေရပ်နားဖို့ဆုံးဖြတ်ခဲ့တာလို့ ကသာ NLD ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

သီတင်းတစ်ပတ်ကြာရပ်နားဖို့ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။

NLD ဗဟိုပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်ကတော့ ဒီလိုခရီးစဉ်တွေရပ်ဆိုင်းထားဖို့ ဗဟိုကညွှန်ကြားထားတာ မရှိဘူးလို့ပြောပါတယ်။

“ကျွန်တော်တို့က ရွေးကောက်ပွဲအတွေ့အကြုံတွေ အများကြီးရထားပြီးသားဖြစ်တယ်။ အခု ကိုဗစ်ဖြစ် လာတော့ စဉ်းစားပြီးလုပ်ရတာပဲရှိပါတယ်၊ ထူးထူးခြားခြားညွှန်ကြားထားတာတော့မရှိဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြဌာန်းချက်နဲ့အညီ၊ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီအောင်နိုင်ရေးကိုလုပ်ပါဆိုပြီး တော့ပဲ ညွှန်ကြားထားတာရှိပါတယ်”

ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားနှုန်းတွေ တစ်နေ့ထက်တစ်နေ့ဆိုးလာတာကြောင့် ရွေးကောက်ပွဲကို ရက်ရွေ့ဖို့ နိုင်ငံရေးပါတီတချို့က တောင်းဆိုနေကြတာတွေလည်းရှိပါတယ်။

လက်ရှိ အာဏာရ NLD ပါတီအနေနဲ့ကတော့ ဒီကိစ္စအပေါ်သဘောထားမှတ်ချက်ထုတ်ပြန်တာမရှိသေးဘူးလို့ NLD ပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲရက် နောက်ဆုတ်ဖို့ရှိ၊မရှိဆိုတာကို တစ်စုံတစ်ရာ ပြောဆိုတာမရှိသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/mdy-sagaing-nld-election-campaign-temporary-suspend-09142020081930.html

မန္တလေးနဲ့ စစ်ကိုင်းမှာ NLD ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်တာရပ်ဆိုင်း မန္တလေးနဲ့ စစ်ကိုင်းမှာ NLD ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်တာရပ်ဆိုင်း Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.