ရန်ကုန်မှာ ကိုဗစ်-၁၉ လူနာတွေကို နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့အခြေအနေ ရှိတယ်လို့ ကိုဗစ်ကော်မတီကပြော

ရန်ကုန်မှာ ရောဂါအတည်ပြုလူနာ နှစ်ထောင်သုံးရာကျော်နဲ့ တစ်နိုင်ငံလုံးမှာကူးစက်ခံရမှု အများဆုံးဖြစ်

ရန်ကုန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး လူနာတွေကိုလက်ခံ ကုသမှု ပေးနေတာတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက စက်တင်ဘာလ ၁၅ရက်နေ့က သတင်းမီဒီယာတွေကို ပြောပါတယ်။

ရန်ကုန်တိုင်းမှာ စက်တင်ဘာ ဒုတိယအပတ်ကစပြီး ကူးစက်မှုတွေ တိုးလာနေပြီး စက်တင်ဘာလ ၁၆ရက်နေ့မှာတော့ ကူးစက်ခံရသူ နှစ်ထောင်ကျော် အထိရှိလာနေခဲ့တာဖြစ်ပါတယ်။

"ဆယ်ရက်လောက်ရှိပြီ တစ်ရက်ခြား ၂၀၀ ကျော်လောက် တက်လာရာကနေ ( စက်တင်ဘာလ ၁၅ရက် ) ဒီနေ့မှာ တော့ ၁၉၀ ကျော် နဲ့နည်းနည်းလေးတန့်လာတဲ့ သဘောတွေ့ ရတယ်လို့"လည်း ဒေါက်တာဇော်ဝေစိုးက ပြောခဲ့ပါတယ် ။

ရန်ကုန်မှာ လူတွေ အခုရက်ပိုင်း စည်းကမ်းလိုက်နာပြီး ကြတဲ့အတွက် ကူးစက်နှုန်း တန့်လာတဲ့ သဘောဖြစ်ကြောင်းနဲ့ အခုအတိုင်း စည်းကမ်း လိုက်နာကြရင် နှစ်ပတ် သုံးပတ်အတွင်း ရန်ကုန်ကို ကယ်တင် နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ရန်ကုန်မြို့ဆင်ခြေဖုံး မြို့သစ်တွေမှာ လည်းကူးစက်မှုတွေရှိလာ

စက်တင်ဘာလ ၁၆ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ရန်ကုန်မှာ လူနာအသစ်တွေ တွေ့ရှိနေဆဲဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ရောဂါပိုးတွေ့သူ လူနာ အရေအတွက် နှစ်ထောင့်သုံးရာကျော်နဲ့ အများဆုံးနေရာက ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကတော့ ၈၀၀ ခန့်ရှိပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်း ရောဂါပိုး တွေ့ရှိမှုများတဲ့ မြို့နယ်တွေထဲ မှာ လှိုင်သာယာက ၂၀ ယောက် ၊ဒလ မြို့နယ် က ၂၇ယောက် နဲ့ အင်းစိန်မြို့နယ် က ၂၈ ယောက် တို့ ပါဝင်နေတာ တွေ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက လူနာတွေ့တာ များခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်ကတော့ ၁၇ ယောက်ပါဝင်တာ တွေ့ရပါတယ်။

ကိုဗစ်အတည်ပြုလူနာ သေဆုံးသူပေါင်း စက်တင်ဘာလ ၁၇ ရက်နေ့အထိ ၅၇ ဦးရှိပြီဖြစ်ပြီးတော့ ပြန်ကောင်းလို့ ဆေးရုံက ဆင်းခွင့်ရသူက ၉၀၀ကျော်ရှိကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။

သုဝဏ္ဍမြက်ခင်းတုအားကစားကွင်းမှာလည်း ယာယီဆေးရုံ ဆောက်နေ

ရန်ကုန်မှာ လူနာတွေ တိုးလာလို့ ကုသမှုတွေ မနိုင်မနင်းဖြစ်တာတို့ ၊ လူနာနဲ့ ဆရာဝန် အင်အား မမျှတာတို့ မရှိဘဲ အင်ပြည့်အားပြည့်နိုင်နိုင်နင်းနင်းနဲ့ ကုသမှုတွေပေးနေတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ရန်ကုန်မှာ ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်းတွေ မနားမနေ လုပ်နေရာတာ မဟုတ်ဘဲ သူ့အချိန်နဲ့သူ လုပ်နေကြတာဖြစ်ပြီး ကုသရန်နေရာ၊ ကုသမယ့် လူနဲ့ဆေးဝါး စက်ကိရိယာတွေ အားလုံး လုံလုံလောက်လောက် ရှိနေပါတယ်လို့လည်း သူက ပြောပါတယ်။

ဒါအပြင် မကွေး၊ ကယား ၊ဧရာဝတီ၊ မန္တလေး၊နေပြည်တော်၊ စတဲ့တိုင်းဒေသကြီးတွေက အကူအညီပေးမယ့် ကျန်းမာရေး ဝန်ထမ်းတွေလည်းရောက်နေတယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်တိုင်း အတွင်းက ဖောင်ကြီး ကိုဗစ် ရောဂါကုသရေး ဌာနမှာ တက်ရောက်နေသူလူနာ ၈၄၀ ကျော်ပဲရှိပြီးတော့ အဲဒီနေရာမှာ လူနာ ၁၂၀၀ ကျော်အထိလက်ခံကုသနိုင်ဖို့ပြင်ထားကြောင်း၊ ဒါ့အပြင် ရိုးမရိပ်သာနဲ့ လှိုင်ကွာရန်တင်းစင်တာတွေကိုလည်း ကုသရေး စင်တာတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ရန်ကုန်မှာ ကိုဗစ်လူနာ ၄၅၀၀ နဲ့ ၅၀၀၀ကြားကုသနိုင်အောင်ပြင်ဆင်ထားပြီး ကုသမှုအပိုင်းကို စိတ်မပူဖို့နဲ့ အခုလိုစည်းကမ်းကို စနစ်တကျလိုက်နာရင် မကြာခင်ရန်ကုန်က ကူးစက်မှုတွေ လျော့ကျ သွားလိမ့်မယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ရန်ကုန်မှာ ပိုးတွေ့လူနာတွေ တစ်ရှိန်ထိုးတက်လာလို့ ဝန်ပိနေတဲ့ဆေးရုံတွေကို ကူညီနိုင်ဖို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက အင်းစိန်ဆေးရုံနဲ့ ညှိနှိုင်းပြီး ကိုဗစ် သံသယလူနာတွေကို ဖျားနာကုအခမဲ့ဆေးခန်း(Fever Clinics) တွေမှာ နှာခေါင်းနဲ့ အာခေါင် တို့ဖတ်နမူနာယူပြီး အဖြေမထွက်သေးခင် အိမ်မှာစောင့်ခိုင်းထားတဲ့အစီအစဉ်ကို အင်းစိန်မြို့နယ်မှာ စတင်စမ်းသပ်နေပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ကွာရန်တင်းစင်တာ အချို့မှာ ရောဂါအတည်ပြု ရလဒ် ထွက်ပြီး လူနာတွေကို ကွာရန်းတင်းစင်တာမှာ ဆက်ထားတာနဲ့ နေရေးစားရေး အခက်အခဲ ဖြစ်တာ တွေ ရှိတယ်လို့လည်း လူနာတွေဘက်ကပြောပါတယ်။

ပိုးတွေ့လူနာတွေ တရှိန်ထိုးတက်လာလို့ ဝန်ပိနေတဲ့ဆေးရုံတွေကို ကူညီနိုင်ဖို့ ဒီအစီအစဉ် စတင်တာဖြစ်ပါတယ်။

ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကျန်းမာရေးနဲ့အရေးကြီး ကိစ္စကလွဲလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခရီးမထွက်ရအမိန့်ထုတ်ထားပါတယ်။

ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်ကနေ စက်တင်ဘာလကုန်အထိ တိုင်းအပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားချက်ထုတ်ထားပါတယ်။

ဒီအမိန့်တွေထုတ်အပြီးမှာပဲ လေကြောင်းနဲ့အဝေးပြေးကားလိုင်းတွေလည်း စက်တင်ဘာလကုန်အထိ ရပ်တန့်ထားပါတယ်။ ဒါပေမဲ့ အစိုးရက ကုန်စည်စီးဆင်းမှု မပြတ်တောက်အောင် ကုန်ကားတွေကို ဖြတ်သန်းခွင့်ပြုဖို့ ညွှန်ကြားထားခဲ့တယ်။

နောက်ထပ် နှစ်ပတ်၊သုံးပတ်လောက် အိမ်ပြင်မထွက်ဘဲ နေကြရင် အခု ကူးစက်မှုနှုန်းက ထိုးဆင်းသွားလိမ့်မယ်လို့ ကျန်းမာရေးဌာန ကပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54179897

ရန်ကုန်မှာ ကိုဗစ်-၁၉ လူနာတွေကို နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့အခြေအနေ ရှိတယ်လို့ ကိုဗစ်ကော်မတီကပြော  ရန်ကုန်မှာ ကိုဗစ်-၁၉ လူနာတွေကို နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့အခြေအနေ ရှိတယ်လို့ ကိုဗစ်ကော်မတီကပြော Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.