စက်ရုံတွေပြန်ပိတ်ရေး အစိုးရ အဖြေမထွက်သေး

စက်ရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ရှိလာလို့ စက်ရုံတွေ ပြန်ပိတ်ရေး ဆွေးနွေးကြတာမှာ အဖြေမထွက်သေးဘဲ သေချာပြန်ဆွေးနွေးပြီးမှ ပိတ်သင့်၊ မပိတ်သင့်ဆိုတာ ဆုံးဖြတ်သွားမယ်လို့ အစိုးရဘက်ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ဆက်ပြောပြပါမယ်။

စက်မှုဇုန်အသီးသီးက စက်ရုံလုပ်သား ၆၀ ကျော် ကိုဗစ်အတည်ပြု လူနာစာရင်းထဲ ပါလာတဲ့အတွက် စက်မှုဇုန် စက်ရုံတွေ ယာယီပြန်ပိတ်ပေးဖို့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားသမဂ္ဂ ဒီနေ့တွေ့ဆုံပွဲမှာ အလုပ်သမား ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်တာပါ။ အစိုးရဘက်ကတော့ ဒါကို ဆွေးနွေးနေဆဲလို့ တုံ့ပြန်ခဲ့ပေမဲ့ ဒီတုံ့ပြန်မှုအပေါ်မှာ အားမရကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) ပြောခွင့်ရ ဦးသက်နှင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“စက်ရုံအလုပ်ရုံတွေ ပိတ်ထားပေးဖို့ ကိစ္စအတွက်ကတော့ ဆွေးနွေးနေဆဲ အခြေအနေလို့ ပြောတဲ့အခါကျတော့ ဒါလေးက နည်းနည်းလေး အားမရစရာလေးတော့ ဖြစ်သွားတာပေါ့။ ကျနော်တို့က ဘာလို့ချက်ချင်း မတုံ့ပြန်လဲဆိုရင် အစိုးရမှာက မူဝါဒ ပေးမထားသေးလို့ဘဲ၊ ကျနော်တို့ ဒီလိုပဲ အကြမ်းဖျင်းပြောလို့ရတာပေါ့နော်။ နိုင်ငံ့ စီးပွားရေးနဲ့ ပတ်သက်လို့လည်း အများကြီးသူတို့ စဉ်းစားနေရတယ်လို့ ပြောပါတယ်။”

အလုပ်ရှင်တွေဘက်ကတော့ အလုပ်ရုံတွေ မပိတ်ချင်သေးဘူးလို့ ဒီကနေ့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။ စက်ရုံအလုပ်ရုံတွေ ပိတ်မထားချင်ဘူးဆိုရင်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ကပ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေ လိုက်နာပေးဖို့ အလုပ်သမား ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ပါတယ်။

ကျန်းမာရေးနဲ့ နိုင်ငံ့စီးပွားရေး၊ အလုပ်သမားတွေ စားဝတ်နေရေး ဒီစိန်ခေါ်မှုတွေကြားက အစိုးရအခက်အခဲကို နားလည်တယ်လို့ အလုပ်သမား သမဂ္ဂတွေက ပြောပါတယ်။ အစိုးရကတော့ ဒီအခြေအနေတွေပေါ် မူတည်ပြီး သူတို့ဆုံးဖြတ်ရမယ်လို့ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ပြောခွင့်ရ ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“ပြည်ထောင်စုဝန်ကြီးရဲ့ကျမတို့ကို သတင်းအချက်အလက် ပေးပို့ချက်အရတော့ စက်ရုံတွေမှာ လုပ်သားစုစုပေါင်း ၆၁ ဦး ရှိသွားပြီ၊ ရောဂါပိုးရှိတဲ့သူပေါ့နော်။ Quarantine ဝင်ထားတဲ့သူကတော့ ၄၀၀ ကျော်ပေါ့။ ရာခိုင်နှုန်းအားဖြင့်တော့ မြင့်တက်လာဖွယ်ရာရှိတယ်၊ (အလုပ်သမား) အဖွဲ့ချုပ် သုံးခုလုံးကတော့ ယာယီခဏပိတ်ထားပေးဖို့ တင်ပြတယ်၊ အလုပ်ရှင်ဘက်က ပိတ်ချင်ရင်တော့ပိတ်၊ ပိတ်တဲ့ကာလအတွက် လုပ်အားခမပေးနိုင်ဘူးဆိုတာ တင်ပြတယ်။ အစိုးရကတော့ ကျန်းမာရေးနဲ့ စီးပွားရေးကြားမှာ အခြေအနေပေါ်မူတည်ပြီး သူတို့ဆုံးဖြတ်ရမယ်လို့ ဒီအတိုင်းပဲ သဘောထားကျပါတယ်။”

ဒီသုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ညှိနှိုင်းတာတွေ မပြီးပြတ်သေးတဲ့ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု၊ အနည်းဆုံးလုပ်ခလစာ၊ ကိုဗစ်ကာကွယ်မှုရှိမရှိ စက်ရုံတွေကို ရှောင်တခင်ဝင်စစ်ဖို့၊ အလုပ်သမားဥပဒေဌာနနဲ့ ခုံသမာဓိကောင်စီမပြေလည်မှု ဒီကိစ္စတွေကိုလည်း MICS, CTUM နဲ့ AFFM အလုပ်သမား သမဂ္ဂသုံးဖွဲ့က ဒီနေ့ တင်ပြကြပါတယ်။

အသွားအလာကန့်သတ်ခံထားရတဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို လူမှုဖူလုံကြေး လုပ်ခလစာရဲ့ ၆၀ ရာခိုင်နှုန်းထုတ်ပေးသလို၊ တရက်ကို ၅,၀၀၀ ကျပ်နှုန်းသတ်မှတ်ပြီး အစိုးရဘက်က စီစဉ်ပေးတယ်လို့ဆိုပါတယ်။ ပြီးတော့ သူတို့အလုပ်ပြန်ဝင်ရင် ဥပဒေအရ အလုပ်ရှင်က ငြင်းပယ်ခွင့် မရှိဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုကြီး ဦးသိန်းဆွေက ဒီနေ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးက စက်ရုံတွေကို ဧပြီလတုန်းက ပိတ်ထားခဲ့ပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကပ်ရောဂါကာကွယ်ရေး အစီအမံတွေလုပ်ထားတဲ့ စက်ရုံတွေကို မေလကစလို့ တဖြည်းဖြည်းပြန်ဖွင့်ခွင့် ပေးခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းစာရင်းအရ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၂,၃၀၀ နီးပါးဖြစ်လာပြီး သေဆုံးသူက ၁၄ ယောက်ရှိလာချိန် စက်ရုံတွေပြန်ပိတ်ဖို့ ပြန်စဉ်းစားလာကြတာပါ။

အလုပ်လက်မဲ့အကျိုးခံစားခွင့် ကောက်ခံထားခြင်း မရှိပေမဲ့ တကယ်တမ်း စက်ရုံတွေ ပိတ်ရပြီဆိုရင် ဒီအလုပ်သမားတွေကို ရန်ပုံငွေခေါင်းစဉ် တခုအောက်ကနေ အစိုးရက စီစဉ်ပေးနိုင်ဖို့ အလုပ်သမားတွေက မျှော်လင့်နေကြပါတယ်။ 


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/factory-woker-in-myanmar-covid-situation/5579645.html

စက်ရုံတွေပြန်ပိတ်ရေး အစိုးရ အဖြေမထွက်သေး စက်ရုံတွေပြန်ပိတ်ရေး အစိုးရ အဖြေမထွက်သေး Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.