မြန်မာလုပ်ငန်းတွေ ကျယ်ဂေါင်ကနေရွှေ့ရေးကို တရုတ်က ဆိုင်းငံ့

တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်မှာဖွင့်ထားတဲ့ မြန်မာကုန်ဂိတ်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ အစုရှယ်ယာ တစ်ဝက်ပါဝင်ရေးနဲ့ စပေါ်ငွေ တရုတ်ယွမ် ငါးသိန်း (မြန်မာငွေသိန်းတစ်ထောင်ခန့်) ပေးရမယ့် ကိစ္စတွေကို တရုတ်နိုင်ငံဘက်က ယာယီဆိုင်းငံံံ့လိုက်တယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ မနေ့က နေ့လယ်ပိုင်း နယ်စပ်ဒေသ လုံခြုံရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးကိစ္စ တွေ့ဆုံဆွေးနွေးတဲ့အချိန် တရုတ်ဘက်က ပြောကြားခဲ့တာလို့ ရှမ်းပြည်နယ် ကုန်စည်ပို့ဆောင် ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောပါတယ်။

ဆွေးနွေးပွဲကို တရုတ်ဘက်က ရွှေလီမြို့တော်ဝန်အပါအဝင် နယ်စပ်ကုန်သွယ်ရေး၊ ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ပြီး မြန်မာဘက်က မူဆယ်ခရိုင် အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး တာဝန်ရှိသူတွေ၊ ကုန်သည်တွေ တက်ရောက်ပါတယ်။

တရုတ်ဘက်က သူတို့မူလပြောခဲ့တဲ့အတိုင်း ကုန်ဂိတ်လုပ်ငန်းတွေမှာ တရုတ်လုပ်ငန်းရှင်တွေ ရှယ်ယာပါရမယ် ဆိုတဲ့ကိစ္စကို ဖြေလျှော့ပေးခဲ့သလို စပေါ်ငွေတင်ရမယ် ဆိုတဲ့ကိစ္စမှာလည်း ငွေကြေးတစ်ခါထဲ တင်ပြစရာမလိုဘူးဆိုပြီး လျှော့ပေါ့ပေးခဲ့တယ်လို့ ဦးဝင်းအောင်ခန့်က ပြောပါတယ်။

ဒီလိုဖြေလျှော့ပေးလိုက်တဲ့အတွက် ကုန်သည်တွေအတွက် ပိုပြီး အဆင်ပြေသလို ရှိပေမယ့် တရုတ်က ကပ်ဘေးကာလအတွက်ပဲလို့ ပြောဆိုထားတာကြောင့် ရေရှည်အတွက်တော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ကျယ်ဂေါင်မှာရှိတဲ့ မြန်မာကုန်ဂိတ်တွေဟာ တရုတ်နိုင်ငံထဲက ကုန်ပစ္စည်းတွေကို ကျယ်ဂေါင် မန့်ဝိန်းဂိတ်မှာ ဂျူတီလုပ်ပြီး မြန်မာနိုင်ငံထဲကို တင်သွင်းနေကြတာဖြစ်ပါတယ်။ မြန်မာကလာတဲ့ ကုန်ပစ္စည်းတွေကို တရုတ် ဂျူတီလုပ်ဖို့ ကျယ်ဂေါင်မှာပဲ စစ်ဆေးမှုတွေ လုပ်ကြတာပါ။

ကျယ်ဂေါင်မှာ ကုန်ဂိတ်လို့ခေါ်တဲ့ ကုန်စည် သယ်ယူ၊ ပို့ဆောင်၊ သိုလှောင်ရေး ဝန်ဆောင်မှုပေးတဲ့ မြန်မာလုပ်ငန်းပေါင်း တစ်ရာနဲ့ တစ်ရာ့ငါးဆယ်ကြား ရှိနေတာဖြစ်ပြီး စက်ပစ္စည်း၊ အထည်အလိပ်၊ စားသောက်ကုန်စတဲ့ ကုန်ပစ္စည်းအများစုကို မြန်မာနိုင်ငံအတွင်း တင်သွင်းနေကြတာပါ။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ ဦးတင်ရဲဝင်းကတော့ တရုတ်ဘက်က ကျယ်ဂေါင်မှာရှိတဲ့ ဂိတ်တွေ ဖယ်ရှားခိုင်းတာဟာ မူယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ငွေကြေး လွှဲပြောင်းမှု၊ လောင်းကစားနဲ့ ပတ်သက်တဲ့ငွေကြေး လွှဲပြောင်းမှု၊ ငွေကြေး ခဝါချမှုတွေကြောင့် လုပ်ရတာဖြစ်တယ် ဆိုတဲ့ ခေါင်းစဉ်တွေကို သုံးသွားတာ တွေ့ရတဲ့ အတွက် ဒါဟာ ယာယီပဲ ခွင့်ပြုတဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်ပါတယ်။

တစ်ချိန်မှာ အခုလိုမျိုး ထပ်မံလုပ်လာနိုင်တဲ့အတွက် မြန်မာကုန်သည်တွေ၊ ကုန်ဂိတ်ပိုင်ရှင်တွေအနေနဲ့ ကြိုတင်စဉ်းစား ပြင်ဆင်ထားဖို့လိုတယ်လို့ ဦးတင်ရဲဝင်းက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကနေ ပို့ကုန်သွင်းကုန် တန်ဖိုးဟာ ကပ်ဘေးကာလ မတိုင်ခင်မှာ အမေရိကန် ဒေါ်လာ ဆယ့်ငါးသန်းလောက် ရှိပြီး လောလောဆယ်မှာတော့ ထက်ဝက်နီးပါး ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

တစ်နှစ်လုံး အတိုင်းအတာအနေနဲ့ မြန်မာဘက်က ပို့ကုန်က ပိုများလေ့ရှိပြီး အခုရက်ပိုင်းမှာတော့ မြန်မာဘက်က သီနှံတွေ သိပ်မပေါ်သေးတဲ့အတွက် သွင်းကုန်က ပိုများနေတယ်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ ဦးတင်ရဲဝင်းက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/china-suspends-relocation-of-myanmar-businesses-09082020064038.html

မြန်မာလုပ်ငန်းတွေ ကျယ်ဂေါင်ကနေရွှေ့ရေးကို တရုတ်က ဆိုင်းငံ့  မြန်မာလုပ်ငန်းတွေ ကျယ်ဂေါင်ကနေရွှေ့ရေးကို တရုတ်က ဆိုင်းငံ့ Reviewed by THITHTOOLWIN on 18:41 Rating: 5

No comments:

Powered by Blogger.